backup og meta

သွေးနီဥဆဲလ်တွေ ကျန်းမာစေဖို့

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 29/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သွေးနီဥဆဲလ်တွေ ကျန်းမာစေဖို့

    သွေးနီဥဆဲလ်တွေ က ခန္ဓာကိုယ်မှာရှိတဲ့ တစ်ရှူးတွေ နဲ့ ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေဆီကို အောက်ဆီဂျင်တွေ ပို့ဆောင်ပေးဖို့နဲ့ ဆဲလ်တွေနဲ့ အဆုတ်တွေဆီကနေ ကာဗွန်ဒိုင်အောက်ဆိုက်ဒ်တွေကို သယ်ယူပေးဖို့ သွေးကြောတွေထဲမှာ လှည့်ပတ်နေပါတယ်။ အောက်ဆီဂျင်တွေက ခန္ဓာကိုယ်မှာ အင်အားပြည့်ဝနေစေဖို့ လုပ်ဆောင်ပေးသလို ဆဲလ်တွေ ရှင်သန်စေဖို့ လုပ်ဆောင်ပေးပါတယ်။

    တကယ်လို့ ကိုယ်တွင်းမှာ သွေးနီဥဆဲလ်တွေ နည်းနေပြီဆိုရင် ဖြစ်ဖြစ်၊ သွေးနီဥဆဲလ်တွေက လုပ်ငန်းဆောင်တာတွေကို ကောင်းကောင်း မလုပ်ဆောင်နိုင်တော့ရင် ဖြစ်ဖြစ် ခန္ဓာကိုယ်မှာ အားနည်းလာပြီး အန္တရာယ်ရှိတဲ့ အနေအထား ဖြစ်စေနိုင်ပါတယ်။

    သွေးနီဥဆဲလ် ဆိုတာ

    သွေးနီဥဆဲလ် ဆိုတာက သွေးဖြူဥ၊ သွေးရည်ကြည်၊ သွေးဥမွှားတွေ နည်းတူ သွေးအတွက် အရေးပါတဲ့ အရာတစ်ခုပါ။ သွေးနီဥဆဲလ်တွေထဲမှာ ဟီမိုဂလိုဘင်လို့ ခေါ်တဲ့ ပရိုတင်း တစ်မျိုး ပါဝင်နေပြီး အဆုတ်တွေ နဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေဆီကို အောက်ဆီဂျင် ပေးပို့ပေးပါတယ်။ ဟီမိုဂလိုဘင်က သွေးတွေကို နီရဲစေတာပါ။

    သွေးနီဥဆဲလ်တွေက ကာဗွန်ဒိုင် အောက်ဆိုက်ဒ်လိုမျိုး ကိုယ်တွင်းက အညစ်အကြေးတွေကို စွန့်ထုတ်ပေးပါတယ်။

    သွေးနီဥဆဲလ်တွေ ကျန်းမာစေဖို့ 

    သွေးနီဥဆဲလ်တွေ ကျန်းမာစေဖို့

    ရောဂါတွေကြောင့် သွေးအားနည်းတတ်သလို တစ်ခါတလေမှာ အာဟာရ မပြည့်ဝတာက သွေးအားနည်းတာကို ဖြစ်စေနိုင်ပါတယ်။ သွေးအားနည်းတာကို သက်သာစေဖို့ ဆိုရင် သွေးနီဥဆဲလ်တွေ ကျန်းမာစေဖို့အတွက် လိုအပ်တဲ့ အာဟာရတွေ ပြည့်ဝအောင် ဖြည့်ပေးဖို့ လိုပါမယ်။

    ဒါတွေက ဘာတွေများ ဖြစ်မလဲ။ အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။

    ဗီတာမင် B9 (Folic Acid)

    Folic acidက ခန္ဓာကိုယ်မှာ သွေးနီဥဆဲလ်တွေ ဖြစ်ပေါ်စေဖို့ ထောက်ကူပေးပါတယ်။ ဒါကြောင့် သွေးနီဥဆဲလ်တွေ အတွက် လိုအပ်တဲ့ ဗီတာမင် B9 ပြည့်ဝစေဖို့ဆိုရင် အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ ဖြစ်ကြတဲ့ ကိုက်လန်၊ ဟင်းနုနွယ်၊ ပဲအမျိုးမျိုး၊ မြေပဲ၊ အသည်း၊ ပင်လယ်စာ စတာတွေ စားပေးပါ။

    သံဓာတ်

    သံဓာတ်က ဟီမိုဂလိုဘင် ဖြစ်စေဖို့အတွက် အရေးပါတဲ့ အာဟာရဓာတ် တစ်မျိုးပါ။ သံဓာတ် ပြည့်ဝစေဖို့ဆိုရင် အနီရောင် အသား၊ အစိမ်းရောင် ဟင်းသီးဟင်းရွက်၊ ပဲအမျိုးမျိုး စတာတွေကို စားပေးလို့ ရပါတယ်။

    ဗီတာမင် B12

    Vitamin B12 က သွေးနီဥဆဲလ်တွေ ဖြစ်ပေါ်စေဖို့ ထောက်ကူပေးပါတယ်။ ဒါကြောင့် ဗီတာမင် B12 ပြည့်ဝစေဖို့ဆိုရင် နေ့စဉ် စားသုံးမှုမှာ အမဲသား၊ ကြက်သား၊ ငါး၊ နို့ထွက်ပစ္စည်း၊ ဥအမျိုးမျိုးတို့ကို စားပေးလို့ ရပါတယ်။

    Copper

    Copper ကလည်း ခန္ဓာကိုယ်က ဟီမိုဂလိုဘင် ထုတ်လုပ်နိုင်စေဖို့ ကူညီပေးပါတယ်။ နေ့စဉ် စားသုံးမှုမှာ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ၊ အခွံမာသီးတွေ၊ မှို၊ ကလီစာတွေ နဲ့ ကမာတို့ကို စားပေးလို့ ရပါတယ်။

    ဗီတာမင် A

    ဗီတာမင် A က သွေးနီဥဆဲလ်တွေ ဖြစ်ပေါ်စေဖို့ ထောက်ကူပေးပါတယ်။ ဒါကြောင့် ဗီတာမင် A ပြည့်ဝစေဖို့ နေ့စဉ် စားသုံးမှုမှာ မုန်လာဥနီ၊ အာလူး၊ ငါး၊ အသည်း၊ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ စားပေးလို့ ရပါတယ်။

    ဗီတာမင် C

    ဗီတာမင် C က ခန္ဓာကိုယ်ရဲ့ သံဓာတ် စုပ်ယူမှု ကောင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ သံဓာတ် ပြည့်ဝမှ ဟီမိုဂလိုဘင်ကို လုံလုံလောက်လောက် ထုတ်လုပ်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ဗီတာမင် C ပြည့်ဝစေဖို့အတွက် နေ့စဉ် စားသုံးမှုမှာ ခရမ်းချဉ်သီး၊ အချဉ်ဓာတ်ပါတဲ့ အသီးတွေ၊ စတော်ဘယ်ရီ၊ ပန်းဂေါ်ဖီစိမ်း၊ အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေ စားဖို့ လိုပါမယ်။

    ဗီတာမင် E

    ဗီတာမင် E က သွေးနီဥဆဲလ်တွေကို ကာကွယ်ပေးနိုင်စွမ်း ရှိပါတယ်။ ဒါကြောင့် သွေးနီဥဆဲလ်တွေကို ကျန်းမာစေဖို့ အတွက် နေ့စဉ် စားသုံးမှုမှာ ဗီတာမင် E ကြွယ်ဝစွာ ပါဝင်နေတဲ့ အယ်လ်မွန်စေ့၊ ထင်းရှူးစေ့ဆန်၊ ထောပတ်သီး၊ ငရုတ်ပွတို့ကို စားပေးလို့ ရပါတယ်။

    သွေးနီဥဆဲလ်တွေ ကျန်းမာစေဖို့အတွက် လိုအပ်တဲ့ အာဟာရတွေ

    သွေးနီဥဆဲလ်တွေ ကျန်းမာစေဖို့ အတွက် လိုအပ်တဲ့ အာဟာရတွေက
    • ဗီတာမင် B9 (Folic Acid)
    • သံဓာတ်
    • ဗီတာမင် B12
    • Copper
    • ဗီတာမင် A
    • ဗီတာမင် C
    • ဗီတာမင် E

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    သက်ဆိုင်သည့် ဆောင်းပါး


    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 29/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement