brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ဆောင်းရာသီမှာ ရေများများသောက်ခြင်းရဲ့ အကျိုးကျေးဇူး

နွေရာသီလိုမျိုး ပူပြင်းတဲ့ရာသီမှာ ရေကို ခဏခဏ သောက်မိနိုင်ပေမယ့် ဆောင်းရာသီလိုမျိုး အေးတဲ့ကာလမျိုးမှာ တော့ နွေရာသီလောက် ရေသောက်ဖြစ်ဖို့ဆိုတာက မဖြစ်နိုင်ပါဘူး။ တကယ်ကတော့ ဆောင်းရာသီမှာလည်း နွေရာသီလိုပဲ ရေများများ သောက်မိဖို့ လိုပါမယ်။ ဘာကြောင့် ဒီလို ပြောရတာလဲ! ဆောင်းရာသီမှာ ရေများများသောက်ခြင်းရဲ့ အကျိုးကျေးဇူး တွေကရော ဘာတွေဖြစ်မလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။

ဆောင်းရာသီမှာ ရေများများသောက်ခြင်းရဲ့ အကျိုးကျေးဇူး

 ဆောင်းရာသီမှာ ရေများများ သောက်ဖို့ ဘာကြောင့် လိုအပ်တာလဲ!

 ဆောင်းရာသီမှာ နွေလောက် မပူဘူးဆိုပေမယ့် ပတ်ဝန်းကျင်က အေးမြခြောက်သွေ့ပြီး လေထုထဲမှာလည်း စိုထိုင်းဆတွေ နည်းနေနိုင်ပါတယ်။ ဒီလိုအခြေအနေကပဲ ချွေးစေးပြန်ပြီး ချွေးခြောက်ဖို့ ခက်တာကြောင့် ကိုယ်တွင်းမှာ အပူတွေ များနေတတ်ပါတယ်။

ဒါ့ပြင် ဆောင်းရာသီမှာ လေ့ကျင့်ခန်း လုပ်ရင်းဖြစ်ဖြစ် ကိုယ်လက်လှုပ်ရှားမှုတွေ လုပ်ရင်း ချွေးထွက်နိုင်သလို အေးမြတဲ့ ရာသီဥတု အခြေအနေကြောင့် ဆီးခဏခဏ သွားရတာကလည်း ကိုယ်တွင်းက ရေဓာတ်ကို ဆုံးရှုံးစေမှာပါ။ ဒါကြောင့် ရေလုံလောက်အောင် မသောက်မိရင် ကိုယ်တွင်း ရေဓာတ်ခမ်းခြောက်တာကို ဖြစ်စေနိုင်ပါတယ်။

ရေဓာတ်ပြည့်ဝမှုက ရာသီတိုင်းအတွက် အရေးပါတာကြောင့် ဆောင်းရာသီမှာလည်း ရေများများ သောက်ဖို့ လိုအပ်ပါမယ်။

ဆောင်းရာသီမှာ ရေများများသောက်ခြင်းရဲ့ အကျိုးကျေးဇူး

ဆောင်းရာသီမှာ ရေများများသောက်ခြင်းရဲ့ အကျိုးကျေးဇူး တွေကတော့ –

ကိုယ်ခံအား ကောင်းစေမယ်

 ဆောင်းရာသီက လေထုထဲမှာ ပိုးမွှားတွေ များနေတဲ့အချိန်ပါတယ်။ ဒီလိုမျိုး မတော်တဆ ဖျားနာမှုတွေ၊ ရောဂါပိုးဝင် ကူးစက်မှုတွေကို ကာကွယ်ဖို့ဆိုရင် ကိုယ်ခံအား ကောင်းစေဖို့အတွက် ရေများများ သောက်ပြီး ရေဓာတ် ပြည့်ဝအောင် နေခြင်းက ကိုယ်ခံအားကို ထိထိရောက်ရောက် အားဖြည့်ပေးနိုင်ပါတယ်။

ဒါကြောင့် ဆောင်းရာသီမှာ ဖျားနာမှု ကင်းချင်တယ်ဆိုရင်တော့ ရေကို လုံလောက်အောင် သောက်မိဖို့ လိုပါမယ်။

အသားအရေ ခြောက်သွေ့မှု ကင်းစေမယ်

 ဆောင်းရာသီမှာ အေးမြခြောက်သွေ့တဲ့ လေထုကြောင့်ရော ရေသောက်နည်းတာကြောင့်ပါ အသားအရေ ခြောက်သွေ့တာ၊ အသားအရေ ကြမ်းတမ်းတာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဆောင်းရာသီမှာ အရေပြား ပြဿနာ ကင်းပြီး ကျန်းမာလှပတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်ဖို့ဆိုရင် တစ်နေ့ကို ရေ ၂ လီတာ ကနေ ၃ လီတာလောက် သောက်ပေးပါ။

 ချွေးထွက်များတာကြောင့် ရေဓာတ်ဆုံးရှုံးတာကို သက်သာစေမယ်

 ဆောင်းရာသီမှာ လေ့ကျင့်ခန်းလုပ်တာကြောင့်ဖြစ်ဖြစ်၊ ကိုယ်လက်လှုပ်ရှားမှုတွေ လုပ်ကြတာကြောင့်ဖြစ်ဖြစ် ချွေးထွက်ပြီး ဆုံးရှုံးသွားတဲ့ ရေဓာတ် ပြည့်ဝစေဖို့ ရေကို ပြည့်ပြည့်ဝဝ သောက်ဖို့ လိုပါမယ်။ ရေအပြင် ဆုံးရှုံးသွားတဲ့ ဓာတ်ဆားဓာတ်တွေကို ပြည့်ဝစေဖို့ဆိုရင် ဓာတ်ဆားဖြည့်ဖျော်ရည်ကို သောက်ပေးတာကလည်း နည်းလမ်းကောင်းပါ။

 ဆံသားတွေ ကျန်းမာသန်စွမ်းစေမယ်

 ဆောင်းရာသီမှာ ဆံသားခြောက်တာ၊ ဗောက်ထတာ၊ ဆံပင်ကျွတ်တာတွေ ကင်းဝေးချင်တယ် ဆိုရင်တော့ ရေများများ သောက်ပေးပါ။ ရေဓာတ် ပြည့်ဝတာက ဦးရေပြား ကျန်းမာစေပြီး ဆံသားတွေကိုလည်း ကျန်းမာအောင် ကူညီပေးနိုင်ပါတယ်။

 ကိုယ်လက်ကိုက်ခဲမှု ကင်းစေတယ်

 ရေများများ သောက်တာက ခန္ဓာကိုယ်ထဲမှာ သွေးစီးဆင်းမှု ကောင်းစေပြီး ကြွက်သားတွေ အရိုးအဆစ်တွေဆီကို သွေးရောက်ရှိစေပါတယ်။ ဒီလိုမျိုး သွေးစီးဆင်းလည်ပတ်မှု ကောင်းတာက ကိုက်ခဲတာကို သက်သာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။

 လန်းဆန်းစေတယ်

 ရေက ခန္ဓာကိုယ်တွင်းမှာ လန်းဆန်းပြီး အင်အားပြည့်ဝစေဖို့ လုပ်ဆောင်ပေးပါတယ်။ ရေသောက်ပေးတာ အပြင် ရေဓာတ်ပြည့်ဝတဲ့ အသီးအနှံတွေကို စားပေးလို့လည်း ရပါတယ်။

ဒါကြောင့် ဆောင်းရာသီမှာ စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့အတွက် နေ့ရက်တိုင်းမှာ ရေဓာတ် ပြည့်ဝအောင် သောက်ပေးဖို့ လိုပါမယ်။

Htet Htet Zaw Win
Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG · ပြန်လည်သုံးသပ်သူ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 07/01/2025 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။