backup og meta

လေ့ကျင့်ခန်း လုပ်ပြီးတဲ့အခါ ရိုးရိုးရေသောက်သင့်လား၊ ဓာတ်ဆားရည်သောက်သင့်လား။

Written by Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG


24/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လေ့ကျင့်ခန်း လုပ်ပြီးတဲ့အခါ ရိုးရိုးရေသောက်သင့်လား၊ ဓာတ်ဆားရည်သောက်သင့်လား။

    လေ့ကျင့်ခန်း လုပ်ပြီးတဲ့အခါ ချွေးထွက်များတဲ့အတွက် ဆုံးရှုံးသွားတဲ့ ရေဓာတ်ကို ပြန်ဖြည့်ပေးဖို့ လိုပါတယ်။ ဒီလိုပြန်ဖြည့်ဖို့အတွက် အများစုက ရေသောက်ကြပါတယ်။ တချို့ကလည်း ဓာတ်ဆားရည်သောက် ကြပါတယ်။ ဘယ်ဟာက ပိုပြီးသင့်တော်သလဲ။

    ရေနဲ့ ဓာတ်ဆားရည်နဲ့ ဘာကွာသလဲ။

    ရေနဲ့ ဓာတ်ဆားရည်ရဲ့ အဓိကာကွာခြားချက်က ဓာတ်ဆားပါဝင်မှုနှုန်းပါ။ ရေမှာလည်း ဆားဓာတ်တွေပါပေမယ့် ဓာတ်ဆားရည်မှာကျတော့ ခန္ဓာကိုယ်လိုအပ်ချက်အတိုင်း အချိုးကျထည့်သွင်းထားတာ ဖြစ်ပါတယ်။

    နောက်တစ်ခုကတော့ ဂလူးကို့စ်ပါ။ ဓာတ်ဆားရည်တချို့မှာ လေ့ကျင့်ခန်းလုပ်လို့ ခန္ဓာကိုယ်က ဆုံးရှုံးသွားတဲ့ စွမ်းအင်တွေကို ပြန်ဖြည့်ပေးဖို့ ဂလူးကို့စ်ထည့်သွင်းထားတတ်ပါတယ်။

    ဒီလိုလေ့ကျင့်ခန်းမျိုးတွေ ဆိုရင်တော့ ဓာတ်ဆားရည်သောက်ဖို့ လိုအပ်ပါတယ်။

    သာမန် ၁၀မိနစ်၊ ၁၅မိနစ်လောက်ပဲ လုပ်တဲ့ လေ့ကျင့်ခန်းတွေ၊ အပေါ့စား လေ့ကျင့်ခန်းတွေ၊ ချွေးလည်း သိပ်မထွက်တဲ့ လှုပ်ရှားမှုမျိုးတွေဆိုရင် ဓာတ်ဆားရည်အစား ရေသောက်တာက ပြဿနာ မရှိပါဘူး။ ဒါပေမယ့် ဒီလို လေ့ကျင့်ခန်းမျိုးတွေဆိုရင်တော့ ဓာတ်ဆားရည်သောက်တာက ပိုသင့်တော်ပါတယ်။

    • အချိန်ကြာကြာ နာရီဝက်၊ တစ်နာရီလောက် လေ့ကျင့်ခန်း လုပ်မယ်ဆိုရင်
    • ချွေးထွက်များတဲ့ လေ့ကျင့်ခန်းမျိုး ဖြစ်မယ်ဆိုရင်
    • ပူတဲ့ ရာသီဥတုမှာ လေ့ကျင့်ခန်း လုပ်တာဖြစ်မယ်ဆိုရင်
    • ရေသောက်ပေမယ့် လူက နုံးပြီး ကြွက်သားတွေ နာကျင်နေမယ်ဆိုရင် ဓာတ်ဆားရည်သောက်လိုက်တာ ပိုကောင်းပါတယ်။

    လေ့ကျင့်ခန်း လုပ်ပြီးတဲ့အခါ ဓာတ်ဆားရည်သောက်ခြင်းရဲ့ အကျိုးကျေးဇူး

    လေ့ကျင့်ခန်းလုပ်တဲ့သူတွေ ပြောလေ့ရှိတာက ရေနဲ့ ဓာတ်ဆားတွေ ဆုံးရှုံးတယ်ဆိုတဲ့ စကားပါ။ ဒါကြောင့် ပြန်ဖြည့်ရင်လည်း ရေပဲ မဖြည့်ဘဲ ဓာတ်ဆားတွေကိုပါ ပြန်ဖြည့်ပေးဖို့ လိုပါတယ်။

    ခန္ဓာကိုယ်ထဲက ဓာတ်ဆားတွေ အထူးသဖြင့် ဆိုဒီယမ်၊ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ် စတာတွေက ကြွက်သားလှုပ်ရှားမှုတွေအပြင် ကိုယ်တွင်းစနစ်တွေ ပုံမှန်အတိုင်း လည်ပတ်နိုင်အောင် ထိန်းထားပေးပါတယ်။ လေ့ကျင့်ခန်းလုပ်လို့ ချွေးထွက်သွားတဲ့အခါ ဒီဓာတ်ဆားတွေ လျော့သွားတာကြောင့် ပြန်ဖြည့်ရပါမယ်။

    လေ့ကျင့်ခန်း လုပ်ပြီးတဲ့အခါ နုံးတာ၊ ကြွက်သားတွေနာတာ၊ ခေါင်းတွေကိုက်၊ ကြွက်တွေတက်တာက ရေဓာတ်အပြင် ဓာတ်ဆားတွေကို ပြန်မဖြည့်မိတာကြောင့် ဖြစ်ပါတယ်။

    ဓာတ်ဆားရည် သောက်လိုက်တဲ့အခါ

    • လိုနေတဲ့ ရေဓာတ်လည်း ရပါတယ်။
    • ဆားဓာတ်လည်း ရတဲ့အတွက် ရိုးရိုးရေသောက်တာနဲ့ ယှဉ်ရင်တော့ နုံးတာ၊ ကြွက်သားတွေ နာတာ ပိုသက်သာမှာပါ။ အထူးသဖြင့် ချွေးထွက်များတဲ့ လေ့ကျင့်ခန်းတွေမှာ ပိုသိသာပါတယ်။
    • ဂလူးကို့စ်ပါတဲ့ ဓာတ်ဆားရည်တွေဆိုရင် လေ့ကျင့်ခန်း အပြီးမှာ အားပျက်သွားတာ၊ နုံးတာကို သက်သာစေပါတယ်။ အထူးသဖြင့် အချိန်ကြာကြာ လေ့ကျင့်ခန်း လုပ်တဲ့သူတွေမှာ performance ကောင်းစေတာကို တွေ့ရပါတယ်။ ဆီးချိုရှိတဲ့သူတွေမှာ လေ့ကျင့်ခန်းလုပ်ရင်း သွေးတွင်းသကြားဓာတ် အလွန်အမင်းကျမသွားလည်း ထိန်းပေးနိုင်ပါတယ်။

    လေ့ကျင့်ခန်း လုပ်ပြီးတဲ့အခါ ရေသောက်ရမလား၊ ဓာတ်ဆားရည်သောက်ရမလား။

    သာမန်လေ့ကျင့်ခန်းတွေဆိုရင် ရေသောက်ရုံနဲ့ လုံလောက်ပါတယ်။ ဒါပေမယ့် ချွေးတွေ အများကြီးထွက်စေတဲ့ လေ့ကျင့်ခန်းတွေ၊ အချိန်ကြာကြာ လေ့ကျင့်ခန်းလုပ်တဲ့သူတွေမှာ ရေပဲသောက်နေတာက ကောင်းကျိုးထက် ဆိုးကျိုးကို ဖြစ်စေနိုင်ပါတယ်။

    ရေနဲ့ ဓာတ်ဆားဆုံးရှုံးနေတဲ့ အချိန်မှာ ရေကိုပဲ ဆက်တိုက် ဖြစ်စေပြီး ဆားဓာတ်ကို မဖြည့်ဘူးဆိုရင် ခန္ဓာကိုယ်ကို ရေထိုးလိုက်သလို ဖြစ်ပြီး ဆားဓာတ်တွေ ပိုနည်းသွားတတ်ပါတယ်။ အထူးသဖြင့် ဆိုဒီယမ်နည်းသွားတတ်ပါတယ်။ ဒါကြောင့်

    • ခေါင်းတွေမူးလာတာ
    • ပျို့အန်ချင်လာတာ
    • ကြွက်သားတွေ အားနည်းလာတာ
    • ကြွက်တက်လာတာတွေ ခံစားရနိုင်ပါတယ်။

    လေ့ကျင့်ခန်း လုပ်ပြီးတဲ့အခါ ရေလည်း သောက်နေပါရက်နဲ့ ဒီလို လက္ခဏာတွေ ခံစားနေရတယ်ဆိုရင် ဆားဓာတ်တွေ နည်းသွားလို့ ဖြစ်နိုင်ပါတယ်။ ရေအစား ဓာတ်ဆားရည်ကို ပြောင်းသောက်သင့်ပါတယ်။

    Takeaways

    လေ့ကျင့်ခန်း လုပ်ပြီးတဲ့အခါ ရေရော ဓာတ်ဆားပါ ဆုံးရှုံးသွားပါတယ်။ ဒါကြောင့် ပြန်ဖြည့်တဲ့အခါ ရေနဲ့ ဓာတ်ဆား နှစ်ခုလုံးကို ပြန်ဖြည့်ဖို့ လိုပါတယ်။ သာမန်လေ့ကျင့်ခန်းတွေအတွက် ရေသောက်လို့ ရပေမယ့် ချွေးထွက်များတဲ့ လေ့ကျင့်ခန်းတွေမှာ ဆားဓာတ်ပြန်ဖြည့်ဖို့ ဓာတ်ဆားရည်သောက်သင့်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    Written by

    Htet Htet Zaw Win

    အထွေထွေရောဂါကုဆရာဝန် · HHG


    24/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement