backup og meta

ဝတာ က လှမှာလား ကြွမှာလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 4 ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဝတာ က လှမှာလား ကြွမှာလား

    အရင်တုန်းက တွေ့တာနဲ့ နှုတ်ဆက်လိုက်ရင် “ဝလို့ လှလို့ပါလား” လို့ နှုတ်ဆက်တတ်ကြပါတယ်။ ခုနောက်ပိုင်း တိုးတက်လာပြီး ဗဟုသုတရှိလာကြတဲ့အခါ ဝတာက တကယ်ပဲ လှသလားလို့ မေးခွန်းထုတ်စရာဖြစ်လာပါတယ်။ တကယ်တော့ ဝတာ ပိန်တာက အဓိက မဟုတ်ပါဘူး။ ကိုယ်နဲ့ သင့်တော်တဲ့ ကိုယ်အလေးချိန်ရှိတာကသာ အကောင်းဆုံးပါ။ ကိုယ်နဲ့ လိုက်ဖက်တဲ့ ကိုယ်အလေးချိန်ရှိသလားဆိုတာကို BMI လို့ခေါ်တဲ့ ခန္ဓာကိုယ် ထုထည် ညွှန်းကိန်းနဲ့ ပြောပါတယ်။ (BMI ကို  ဤနေရာတွင် တွက်ပါ။)

    အရပ်နဲ့ ကိုယ်အလေးချိန်ပေါ် မူတည်ပြီး တွက်မထားတဲ့ ဒီကိန်းဂဏန်းဟာ သာမန် ပေါင်ချိန်တာထက် ပိုပြီး တိကျပါတယ်။ တွက်လိုက်လို့ BMI ၂၅နဲ့ ၂၉.၉ ဆိုရင် ဝတယ်လို့ သတ်မှတ်ပါတယ်။ ၃၀ကျော်သွားရင်တော့ အဝလွန်တယ်လို့ သတ်မှတ်ပါတယ်။

    အဝလွန်တာက ကျန်းမာရေးအတွက် ဘယ်လိုဆိုးကျိုးတွေ ရှိနိုင်လဲ။ လူမှုဆက်ဆံရေးမှာရော ဘာတွေ ထိခိုက်နိုင်လဲဆိုတာ ဆက်ကြည့်ရအောင်။

    ဝတာ ရဲ့ကျန်းမာရေး ဆိုးကျိုးများ

    • ဦးနှောက်နဲ့ အာရုံကြော

    အဝလွန်တဲ့အခါ သွေးတိုးတာ၊ ဆီးချိုရှိတာ ဖြစ်လာနိုင်ပါတယ်။ ဒါက လေဖြတ်ဖို့ အကြောင်းရင်းပါပဲ။

    • အသက်ရှူလမ်းကြောင်း

    လည်ပင်းမှာ အဆီတွေနဲ့ အစ်နေတဲ့အခါ လေပြွန်ကိုဖိပြီး အသက်ရှူရခက်စေပါတယ်။ အထူးသဖြင့် လှဲချလိုက်တဲ့အခါမှာပါ။ အိပ်နေတဲ့ အချိန်အတွင်းမှာပေါ့။ ဒါကို အိပ်ဟောက်ရှူရပ်ရောဂါ (obstructive sleep apnea) လို့ ခေါ်ပါတယ်။ ဒီရောဂါရှိတဲ့ သူတွေက အိပ်နေချိန်တွင်းမှာ အသက်ရှူရပ်ရပ်သွားတတ်တဲ့အတွက် သတိထားသင့်ပါတယ်။

    နောက်ပြီး သာမန်အချိန်တွေမှာလည်း ဝမ်းဗိုက်ပတ်လည်မှာ အဆီတွေစုနေတဲ့အတွက် အသက်ရှူရမဝတာမျိုးလည်း ဖြစ်တတ်ပါတယ်။ အောက်ဆီဂျင်လုံလုံလောက်လောက်မရတဲ့အတွက် သူများထက်ပိုမောတတ်ပါတယ်။ နာတာရှည် အဆုတ်ရောင်ရောဂါနဲ့ ပန်းနာရင်ကြပ်ကိုလည်း ပိုဆိုးစေပါတယ်။

    • အစာအိမ်နဲ့ အူလမ်းကြောင်း

    အစာအိမ်နဲ့ အူလမ်းကြောင်းမှာ ဆိုရင်လည်း စားချဉ်ပြန်တဲ့ ရောဂါ (GERD) ဖြစ်တတ်ပါတယ်။ ဒါက အစာရေမျိုပြွန်ရဲ့ အဆို့မလုံဘဲ အက်စစ်ပြန်တက်တဲ့ ရောဂါပါ။

    နောက်တစ်ခုက သည်းခြေအိတ်ကျောက်တည်တာပါ။ သည်းခြေရည်ဆိုတာ အစာခြေရည်ဖြစ်ပြီး သည်းခြေအိတ်ကနေ အပြင်ကို ကောင်းကောင်းမထွက်နိုင်တဲ့အခါ ကျောက်ဖြစ်သွားပါတယ်။ သည်းခြေကျောက်ကို စစ်ဆေးကြည့်ရင် ကိုလက်စထရောများတာကို တွေ့ရပါတယ်။ ကိုလက်စထရောက ဘာလို့ သည်းခြေရည်မှာ ပါနေတာလဲဆိုရင် သွေးထဲမှာ များနေလို့ပါ။

    နောက်ပြီး အသည်းအဆီဖုံးတတ်ပါတယ်။ ဒါကို မကုဘဲ ထားမယ်ဆိုရင် အသည်းကြွပ်တာ၊ အသည်းပျက်စီးတာ ဖြစ်တတ်ပါတယ်။

    • နှလုံးနဲ့ သွေးကြော

    အဝလွန်တဲ့သူတွေမှာ နှလုံးက သွေးညှစ်ဖို့အတွက် အားသုံးရပါတယ်။ ဒါကြောင့် နောက်ပိုင်းမှာ သွေးဖိအားများပြီး သွေးတိုးတာဖြစ်လာပါတယ်။ သွေးတိုးတာက မထိန်းနိုင်ရင် လေဖြတ်တဲ့အထိ ဖြစ်သွားနိုင်ပါတယ်။

    အဝလွန်တာက ခန္ဓာကိုယ်မှာ အင်ဆူလင်ခံနိုင်ရည်ကို ဖြစ်စေပါတယ်။ အင်ဆူလင်က သွေးထဲက သကြားဓာတ်ကို  ဆဲလ်က ယူသုံးစေပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်က အင်ဆူလင်ကို ခံနိုင်ရည်ရှိနေရင် ဆဲလ်ထဲမရောက်တော့ဘဲ သွေးတွင်းသကြားဓာတ်တွေ များလာနိုင်ပါတယ်။ ဒီအခါမှာ ဆီးချိုဖြစ်လာပြီး နောက်ဆက်တွဲ အနေနဲ့ နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါ၊ လေဖြတ်တာ၊ အမြင်ကွယ်တာ၊ ခြေထောက်ဖြတ်ရတာတွေ  ဖြစ်နိုင်ပါတယ်။

    သွေးတိုးတာ၊ သွေးတွင်းအဆီဓာတ်များတာ၊ သကြားဓာတ်များတာတွေကြောင့် သွေးကြောတွေ မာပြီး ကျဉ်းလာပါတယ်။ ဒါကြောင့် လေဖြတ်တာ၊ နှလုံးသွေးကြောပိတ်တာ ဖြစ်နိုင်ပါတယ်။

    •  ကျောက်ကပ်

    တိုက်ရိုက်ထိခိုက်တာ မဟုတ်ပေမယ့် ဆီးချို၊ သွေးတိုးကြောင့် ကျောက်ကပ်ထိတတ်ပါတယ်။

  • ကိုယ်ဝန်ရရှိခြင်း
  • အဝလွန်တဲ့သူတွေက ကိုယ်ဝန်ရဖို့ ခဲယဉ်းတတ်ပါတယ်။ ကိုယ်ဝန်ရခဲ့ရင်တောင်မှ ကိုယ်ဝန်ဆောင်ဆီးချို၊ ကိုယ်ဝန်ဆိပ်တက်တာ စတာတွေ ဖြစ်တတ်ပါတယ်။နောက်ပြီး ခွဲမွေးရတာ၊ လမစေ့ပဲ မွေးတာ၊ ဦးနှောက်နဲ့ အာရုံကြေထိခိုက်တာတွေ ဖြစ်တတ်ပါတယ်။

    • အရိုးအဆစ်ထိခိုက်ခြင်း

    အဝလွန်တဲ့အတွက် ခြေထောက်အရိုးတွေက ဝိတ်ကို မနိုင်မနင်း ထမ်းထားရတဲ့အတွက် ဒူးနာတာ၊ ခါးနာတာတွေ ဖြစ်နိုင်ပါတယ်။ နောက်ပိုင်းကျရင် အရိုးပါး၊ အရိုးပွ၊ ဂေါက်ရောဂါတွေပါ ဖြစ်လာနိုင်ပါတယ်။ သွားရလာရလည်း ခက်တဲ့အတွက် အထီးကျန်တာမျိုးလည်း ဖြစ်တတ်ပါတယ်။

    • အရေပြား

    အဝလွန်တဲ့အတွက် အဆီခေါက်တွေကြားမှာ ချွေးယားတာ၊ မိတ်ပေါက်တာတွေ ဖြစ်တတ်ပါတယ်။ ဒါ့ပြင် ချိုင်းကြား၊ ပေါင်ခြံနဲ့ ရင်သားအောက်မှာ အညိုအမည်းစွဲတာတွေ ဖြစ်တတ်ပါတယ်။

    • ကင်ဆာ

    အဆီဆဲလ်တွေက ဟော်မုန်းတချို့ထုတ်ပြီး ဆဲလ်တွေကို ပြောင်းလဲစေတဲ့အတွက် တချို့သော ကင်ဆာတွေ ပိုဖြစ်တတ်ပါတယ်။ ဥပမာပြောရရင် ရင်သားကင်ဆာ၊ သားအိမ်ကင်ဆာနဲ့ အူမကြီးကင်ဆာ။

    • စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ

    ဘယ်လိုပဲ လူတစ်ယောက်ရဲ့ ပိန်ခြင်း၊ ဝခြင်းကို body shaming မလုပ်ပါနဲ့ပဲ ပြောပြော လုပ်တဲ့သူက လုပ်တာပါပဲ။ ဒါကြောင့်  ခွဲခြားဆက်ဆံခံရတာ၊ လှောင်ပြောင်တာတွေ ခံရပြီး စိတ်ကျတာ၊ ယုံကြည်မှုမရှိတာတွေကြောင့် ကိုယ့်ကိုယ်ကို သတ်သေတဲ့အထိ ဖြစ်သွားနိုင်ပါတယ်။

    တကယ်တော့ ဝမှလှတာ၊ ပိန်မှလှတာတွေ မရှိပါဘူး။ အားလုံးမှာ အလှကိုယ်စီရှိပြီးသားပါ။ ရတာမလို လိုတာမရတဲ့အထဲမှာ ပိန်ခြင်း ဝခြင်းလည်း ပါပါတယ်။ ဝတဲ့သူက ပိန်ချင်တယ်၊ ပိန်တဲ့သူက ဝချင်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပိန်ဖြင်း ဝခြင်းဆိုတာ အမြင်သက်သက်ပါပဲ။ အရေးကြီးတာက ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ကိုယ်အလေးချိန်ရှိနေဖို့ပါပဲ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 4 ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement