နာမည်လေးလှသလို ကျန်းမာရေးအတွက်ကောင်းတဲ့ ငွေနှင်းမှို

    နာမည်လေးလှသလို ကျန်းမာရေးအတွက်ကောင်းတဲ့ ငွေနှင်းမှို

    မှိုပွင့်ဖြူဖြူလေးတွေ ရောင်းနေတာမြင်တော့ သိပ်မကြာခင်က အွန်လိုင်းမှာ ခေတ်စားခဲ့တဲ့ အိမ်တွင်းမှိုစိုက်ပျိုးရေးကိစ္စသတိရမိသေးတယ်။ မှိုမျိုးစေ့ထုပ်ဝယ်ပြီး အိမ်မှာ အလွယ်တကူစိုက်လို့ရတယ်ဆိုတဲ့ကြော်ငြာလေးကိုတော်တော်များများစိတ်ဝင်စားခဲ့ကြတာပေါ့။ မှိုဆိုရင်ကောက်ရိုးမှိုပဲ နာမည်သိကြတာများပေမယ့် ဒီလိုအလွယ်စိုက်လို့ရတယ်ဆိုတဲ့မှိုက ငွေနှင်းမှို ပါတဲ့။ အရောင်ကတော့ တစ်ခါတလေ အဖြူ၊တစ်ခါတလေဖြူညိုညိုအရောင်လေးရှိတတ်တယ်။

    ငွေနှင်းမှို ဆိုတာ

    အိမ်မှာ နေရာလေးတစ်နေရာ(ရေချိုးခန်းဖြစ်ဖြစ် အစိုဓါတ်ရတဲ့နေရာ)ပေးထားရင် တစ်ထုပ်ဆိုလေးငါးကြိမ်ပွင့်သတဲ့။ အလုပ်မရှုပ်၊ဂရုစိုက်နေစရာမလိုဘဲ တစ်ကြိမ်ပွင့်ရင်ခြောက်ဆယ်သားကနေ တစ်ပိဿာလောက်ရတယ်ဆိုပဲ။ အမှန်တော့ နာမည်သာမရင်းနှီးကြတာဟော့ပေါ့စားလည်း ပါနေကျ၊ တရုတ်ဟင်းလျာတွေမှာလည်း ပါနေကျ၊ နာမည်မသိဘဲလည်းဈေးကဝယ်ချက်နေကျပဲဆိုတာ သတိမထားမိကြပါဘူး။ငွေနှင်းမှိုဆိုတာ ဒါကိုး လို့ ကိုယ်တိုင်တောင် သိကာစကပြောမိရဲ့။

    ချိုဆိမ့်တဲ့အရသာရှိပြီး ခရုဆီထည့်ကြော်လိုက်ရင် အိအိလေးနဲ့အရသာရှိလှတဲ့ ချစ်စရာ ငွေနှင်းမှိုက ဆေးဖက်ဝင်တဲ့အာနိသင်တွေရှိတယ်ဆိုတာသိရင်ရော အိမ်မှာဝယ်စိုက်ကြတော့မှာပဲနော်။

    ငွေနှင်းမှို ကျန်းမာရေး အာနိသင်

    ကဲ ငွေနှင်းမှိုက ဘယ်လောက်တောင် ကျန်းမာရေးကို အကျိုးပြုနိုင်လဲဆိုတာ ပြောပြမယ်နော် –

    ကိုလက်စထရောကျစေခြင်း

    ငွေနှင်းမှိုက ခန္ဓါကိုယ်ထဲက မကောင်းတဲ့ ကိုလက်စထရောတွေကို ကျဆင်းစေတဲ့အစွမ်းသတ္တိရှိပါတယ်။ သူ့ရဲ့သဘာဝအာနိသင်ကိုက ခန္ဓါကိုယ်ထဲမှာ လိုအပ်တဲ့အဆီဓါတ်နဲ့ မကောင်းတဲ့ကိုလက်စထရောတွေကို ခွဲခြားပေးနိုင်စွမ်းရှိတာဖြစ်ပါတယ်။

    သွေးတိုးကျစေခြင်း

    ငွေနှင်းမှိုဟင်းလျာတစ်ပွဲဆို ပိုတက်စီယမ်ဓါတ်ေတွ လုံလုံလောက်လောက်ပါဝင်တာကြောင့်သွေးတိုးရောဂါရှိသူတွေပုံမှန်ထည့်သွင်းစားသုံးသင့်တဲ့ ဟင်းချက်ပစ္စည်းတွေထဲပါဝင်တာဖြစ်ပါတယ်။ ပိုတက်စီယမ်ကသွေးကြောတွေကိုပြေလျော့စေဖို့ အထောက်အကူပြုနိုင်တာဖြစ်လို့ပါ။

    သွေးတွင်းသကြားဓါတ်ပမာဏကို ထိန်းညှိပေးနိုင်ခြင်း

    ခန္ဓါကိုယ်ထဲမှာ အင်ဆူလင်ပမာဏမလုံလောက်ရင် ဆီးချိုဖြစ်စေပါတယ်။ အင်ဆူလင်ထုတ်လုပ်ဖို့ ကယ်လ်စီယမ်လိုအပ်ပါတယ်။ အင်ဆူလင်ကိုတုံ့ပြန်နိုင်စွမ်းပိုကောင်းစေဖို့နဲ့ ရောင်ရမ်းမှုလျော့ကျစေဖို့ ဗီတာမင်ဒီက လုပ်ဆောင်ပေးပါတယ်။ငွေနှင်းမှိုမှာပါဝင်တဲ့ ဗီတာမင်ဒီက အမျိုးအစား၁ နဲ့ အမျိုးအစား ၂ ဆီးချိုေသွးချိုရောဂါနှစ်မျိုးလုံးကိုကာကွယ်ပေးနိုင်ပါတယ်။

    ကိုယ်ခံအားမြင့်စေခြင်း

    မှိုကနေရရှိတဲ့ သံဓါတ်ေကြာင့် ကိုယ်ခံအားစနစ်ကို အားကောင်းစေတာပါ။ငွေနှင်းမှိုမှာ ဆယ်လီနီယမ်၊ ကော့ပါးနဲ့ ဇင့် တို့လို တခြားသတ္တုဓါတ်တွေလည်းအများကြီးပါဝင်တာကြောင့် ကိုယ်ခံအားအတွက်ပိုကောင်းပါတယ်။ ဒါ့ကြောင့်ရောဂါပိုးတွေဝင်မလာနိုင်အောင် ကာကွယ်ခုခံနိုင်တာဖြစ်ပါတယ်။

    နှလုံးသွေးကြောကျန်းမာရေး

    ကိုလက်စထရောတွေကို ထိန်းညှိနိုင်တဲ့အပြင် ဗီတာမင်B3 က နှလုံးရောဂါဖြစ်စေတဲ့သွေးကြောကျဉ်းခြင်း(atherosclerosis) ကိုလျော့စေပါတယ်။ histamine ထွက်ရှိမှုနဲ့ရောင်ရမ်းခြင်းကိုလျော့ကျစေပြီးသွေးလည်ပတ်မှုကို ပိုကောင်းစေပါတယ်။

    စိတ်ကျဝေဒနာသက်သာစေခြင်း

    စိတ်ညစ်နေရင် အပြင်လေးဘာလေးထွက်ပါလား ဆိုတဲ့အကြံပြုချက်က အလကားတော့မဟုတ်ပါဘူး။ အပြင်ထွက်လို့ စိတ်ပေါ့ပါးသွားတယ်ဆိုတာ စိတ်ပြေလက်ပျောက်ဖြစ်တာအပြင်နေရောင်ခြည်ခံယူလိုက်တဲ့အခါ ဗီတာမင်ဒီကြောင့် စိတ်ခွန်အားမြင့်တက်စေနိုင်လို့ပါ။ငွေနှင်းမှိုမှာ ဗီတာမင်ဒီကြွယ်ဝလို့ နည်းနည်းချင်းပုံမှန်စားပေးရင် စိတ်ကျခြင်း စက်ကွင်းကလွတ်မြောက်စေနိုင်ပါလိမ့်မယ်။

    သွေးအားကောင်းစေခြင်း

    သွေးတွင်းအောက်ဆီဂျင်ပမာဏ မလုံလောက်ခြင်း၊ သွေးနီဥဆဲလ် ထုတ်လုပ်မှု နည်းခြင်းတို့က သွေးအားနည်းစေတဲ့ အကြောင်းရင်း တချို့ပါ။ ဒီအခြေအနေကို မဖြစ်အောင် ဗီတာမင်B2 က ကာကွယ်ပေးနိုင်ပါတယ်။ ဗီတာမင်B2 ကသွေးအားကောင်းဖို့ အဓိကအရေးပါသလို ခန္ဓါကိုယ်တွင်းအောက်ဆီဂျင် ပေးပို့ခြင်းမှာ ကူညီပေးတယ်၊ သံဓါတ်ကို အထောက်အပံ့ပေးတယ်။ သွေးအားနည်းနေတဲ့ သက်သက်လွတ် စားသူတွေဆိုရင် ငွေနှင်းမှို မှာပါတဲ့ ဗီတာမင်B2 နဲ့ သံဓါတ်ကြောင့် အိုကေပြီလေ။

    ဝမ်းချုပ်ခြင်းကိုသက်သာစေခြင်း

    ဝမ်းချုပ်တယ်ဆိုတာ အစာခြေစနစ်ရဲ့လုပ်ဆောင်ချက်မကောင်းလို့ဖြစ်လာတာပါ။ အစာချေဖျက်မှု နှေးကွေးစေတဲ့ အကြောင်းရင်းတွေထဲကတစ်ခုကတော့ အမျှင်ဓါတ်တွေအလုံအလောက်မရရှိလို့ပဲဖြစ်ပါတယ်။ငွေနှင်းမှိုခပ်ကြီးကြီးတစ်ပွင့်မှာတင်ပဲ တစ်နေ့တာလိုအပ်တဲ့ အမျှင်ဓါတ်ရဲ့ ၁၄ % ကိုရရှိနိုင်တာဖြစ်လို့ ပုံမှန်စားပေးသင့်တဲ့အစားအစာတစ်ခုဖြစ်ပါတယ်။ အမျှင်ဓါတ်များများပါတဲ့ အစားအစာတွေကိုစားရင် အစာဟောင်းနဲ့အကြွင်းအကျန်တွေကို စွန့်ပစ်ဖယ်ရှားပေးတဲ့ အူတွင်းလုပ်ဆောင်ချက်ကို အထောက်အကူပြုပါတယ်။

    ဘယ်အချက်တွေ သတိထားရမလဲ

    ငွေနှင်းမှိုကို စားသုံးမယ်ဆိုရင် အလွန်အကျွံစားတာကိုလည်း ရှောင်သင့်ပါတယ်။

    ဘယ်သူတွေ မစားသင့်ဘူးလဲ

    ရောဂါအခံရှိသူတွေ၊ ဓာတ်မတည့်မှု ဖြစ်တတ်သူတွေ၊ ကျန်းမာရေးပြဿနာ တစ်ရပ်ရပ်ကြောင့် ဆေးသောက်နေရသူတွေအနေနဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ စားသင့်ပါတယ်။

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Yun Sandi Nan Mon မှ ရေးသားသည်။ · 09/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement
    advertisement
    advertisement
    advertisement