backup og meta

ဆီးချိုသွေးချိုအမျိုးအစား (၂) -အဓိပ္ပါယ်၊ အကြောင်းရင်း, နောက်ဆက်တွဲဆိုးကျိုးများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Kyaw Thura Htun မှ ရေးသားသည်။ · 14/10/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆီးချိုသွေးချိုအမျိုးအစား (၂) -အဓိပ္ပါယ်၊ အကြောင်းရင်း, နောက်ဆက်တွဲဆိုးကျိုးများ

    ဆီးချိုအမျိုးအစား ၂ က အဖြစ်များတဲ့ဆီးချိုတစ်မျိုးပါ။ မကုသဘဲထားထားရင် ဒီရောဂါကသင့်ဆီကို ဆိုးရွားတဲ့ ကျန်းမာရေးပြဿနာတွေ သယ်ဆောင်လာနိုင်ပါတယ်

    ဆီးချိုအမျိုးအစား ၂ဆိုတာဘာလဲ

    ဆီးချိုဆိုတာသင့်ရဲ့သွေးတွင်း ဂလူးကိုစ့်တွေမြင့်နေစေတဲ့နာတာရှည်ရောဂါတစ်မျိုးပါ။

    တကယ်လို့သင့်မှာ ဆီးချိုအမျိုးအစား ၂ရှိနေခဲ့ရင်သင့်ရဲ့ကိုယ်မှာ အင်ဆူလင်အလုံအလောက်ရှိပေမယ့်အဲဒီအင်ဆူလင် တွေကို သေချာအသုံးမပြုနိုင်တော့တဲ့သဘောပါ။ မုန့်ချိုအိတ် ကနေအင်ဆူလင်လုံးဝမထုတ်တော့တဲ့ ဆီးချိုအမျိုးအစား ၁နဲ့တော့မတူပါဘူး။ ဆီးချိုအမျိုးအစား ၂မှာတော့မုန့်ချိုအိတ်ကပုံမှန်အလုပ်လုပ်ပေမယ့်သင့်ရဲ့ဆဲလ်တွေက သွေးထဲက glucose (ဂလူးကိုစ့်) တွေကို စွမ်းအင်အဖြစ်မပြောင်းလဲနိုင်တော့တာပါ။ အချိန်တွေကြာလာတာနဲ့အမျှ သွေးထဲမှာglucose (ဂလူးကိုစ့်) များနေခြင်းကသင့်ရဲ့အင်္ဂါအစိတ်အပိုင်းတွေကို ပျက်စီးစေတဲ့ထိဖြစ်နိုင်ပါတယ်။

    ဆီးချိုရှိသူတွေရဲ့၉၀ကနေ ၉၅ရာခိုင်နှုန်းက ဆီးချိုအမျိုးအစား ၂ဖြစ်နေတာပါ။ သူက အသက်၄၀နဲ့အထက် အရွယ်ရောက်ပြီးသူတွေမှာ အဖြစ်များပါတယ်။ ဒါပေမယ့်အခုနောက်ပိုင်းမှာ ကလေးတွေနဲ့ဆယ်ကျော်သက်တွေလည်းအဝလွန်ရောဂါကြောင့်ဆီးချိုဖြစ်လာတာ တွေ့ရပါတယ်။ ဆီးချိုအမျိုးအစား ၂ ဘာလို့ဖြစ်လာလဲအရင်သိဖို့ထက် သင့်ကိုယ်ရဲ့ glucose (ဂလူးကိုစ့်)လည်ပတ်မှု ဘယ်လိုလဲဆိုတာ အရင်သိဖို့လိုပါတယ်။

    Glucose (ဂလူးကိုစ့်) ဖြိုခွဲသောလုပ်ငန်းစဉ်

    သင့်ရဲ့အစာအိမ်ထဲမှာရှိတဲ့ တံတွေးနဲ့ဓါတုပစ္စည်း တွေက သင်စားလိုက်တဲ့အစာတွေကိုဆဲလ်တွေရဲ့ အဓိကစွမ်းအင်ဖြစ်တဲ့ glucose(သကြားဓါတ်)အဖြစ် ပြောင်းလဲလိုက် ပါတယ်။ သင့်ရဲ့အသည်းကလည်းသကြားဓါတ်တွေက glycogen(ဂလိုင်ကိုဂျင်)အဖြစ် သိမ်းဆည်းထားပါတယ်။ တကယ်လို့ သင်ကအစာကို သေချာမစားခဲ့ရင်၊ သင့်မှာ glucose (ဂလူးကိုစ့်)အလုံအလောက်မရှိခဲ့ရင်အသည်းထဲက glycogen (ဂလိုင်ကိုဂျင်) တွေကglucose (ဂလူးကိုစ့်)အဖြစ် ပြောင်းလဲသွားမှာအသေအချာပါပဲ။

    သွေးလှည့်ပတ်မှုက သကြားဓါတ်တွေကို သယ်သွားပြီးလိုအပ်နေတဲ့ဆဲလ်တွေ ဆီယူဆောင်သွားပေးပါတယ်။ ဒါပေမယ့်ဆဲလ်တွေက ဒီသကြားဓါတ်တွေကိုမုန့်ချိုအိတ် ကထုတ်တဲ့အင်ဆူလင်ရဲ့အကူအညီမပါဘဲမသုံးနိုင်ပါဘူး။ မုန့်ချိုအိတ်ကသင့်သွေးထဲမှာ glucose(ဂလူးကိုစ့်) တွေပါလာတယ်ဆိုတဲ့ အချက်ပြမှုကို လက်ခံရရှိပြီးအင်ဆူလင် တွေထုတ်လုပ်ပါတယ်။Glucose (ဂလူးကိုစ့်) တွေကို ဆဲလ်တွေဆီအင်ဆူလင်ကဝင်ခွင့်ပြုခြင်းဖြင့် သွေးထဲကသကြားပါဝင်မှုကို လျှော့ချပေးပြီးနောက်မုန့်ချိုအိတ်က အင်ဆူလင်ထုတ်လုပ်မှုတွေ လျော့ကျသွားပါတယ်။

    အင်ဆူလင် သေချာအသုံးမပြုနိုင်ခြင်း

    တကယ်လို့သင့်ရဲ့ဆဲလ်တွေက အင်ဆူလင်ကိုမမှတ်မိရင်အင်ဆူလင်က ဆဲလ်တွေအတွက် စွမ်းအင်ရအောင် ကူညီနိုင်တော့မှာမဟုတ်ပါဘူး။ အဲဒီအခါမှာ glucose တွေက သွေးထဲမှာ အချိန်အကြာကြီးရှိနေပါလိမ့်မယ်။ သင့်ရဲ့မုန့်ချိုအိတ်က သွေးထဲမှာ glucose များနေတဲ့ အချက်ပြမှုက ိုရတဲ့အတွက် အင်ဆူလင် တွေထုတ်ပေးချိန်မှာဆဲလ်တွေက အဲဒီအင်ဆူလင် တွေကိုအသုံးမပြုနိုင်ပါဘူး။ ဒါကဆီးချိုအမျိုးအစား ၂ရဲ့လက္လဏာပဲဖြစ်ပါတယ်။

    ကျွန်တော့်မှာ ဆီးချိုအမျိုးအစား ၂ရှိခဲ့ရင်တခြားဘာရောဂါတွေရနိုင်သေးလဲ ။

    မကုထားတဲ့ဆီးချိုအမျိုးအစား ၁နဲ့အမျိုးအစား ၂ကြောင့်ဖြစ်လာနိုင်တဲ့ရောဂါကတော့ necrosis (ဆဲလ်တစ်ရှူးသေခြင်း) ရောဂါပဲဖြစ်ပါတယ်။ ဒါကသင့်ကို မသန်မစွမ်းဖြစ်အောင် လုပ်ပါလိမ့်မယ်။ မကုသဘဲထားထားရင် သင့်ရဲ့ဆဲလ်တွေက glucose မရဘဲ နောက်ဆုံးမှာ သေသွားပါလိမ့်မယ်။Necrosis ကအထူးသဖြင့် သင့်ကိုယ်အောက်ပိုင်းမှာအဖြစ်များပါတယ်။ Necrosis အပြင် diabetic ketoacidosis (ဆီးချိုကြောင့် ketone များလာသောအခြေအနေ)လို့ခေါ်တဲ့ဆိုးရွားတဲ့ ရောဂါလည်းဖြစ်နိုင်ပါသေးတယ်။ ဒီရောဂါဟာ သေချာမကုသရင် သင့်သွေးထဲက ketone တွေက အက်ဆစ်ဓါတ်များလာပြီး ဦးနှောက်အပါအဝင် တခြားအစိတ်အပိုင်းတွေကိုပါ ထိခိုက်ပြီးအသက်ကိုပါ ရန်ရှာနိုင်ပါတယ်။

    တခြားဆီးချိုကြောင့်ဖြစ်နိုင်တဲ့ရောဂါတွေက

    နှလုံးပြဿနာ။ ။ ဆီးချိုကသင့်ရဲ့နှလုံးသွေးကြောနဲ့ပတ်သက်တဲ့ပြသနာတွေကိုဖြစ်လာစေနိုင်ပါတယ်။ဥပမာ – နှလုံးရောဂါ၊ လေဖြတ်ခြင်း၊နှလုံးသွေးကြောကျဉ်းနဲ့ သွေးတိုးပဲဖြစ်ပါတယ်။

    အာရုံကြောပြဿနာ။ ။ သွေးထဲအချိုဓါတ်များနေခြင်းကသင့်အာရုံကြောတွေကို အာဟာရဖြည့်ပေးတဲ့ သွေးကြောငယ်လေးတွေရဲ့နံရံကိုထိခိုက်စေပါတယ်။ အထူးသဖြင့်ခြေထောက်မှာပါ။ ဒါကအစပိုင်းမှာ ခြေချောင်းလက်ချောင်းလေးတွေမှာ ကျဉ်ခြင်း၊ထုံခြင်း၊နာကျင်ခြင်းခံစားရပြီး တဖြည်းဖြည်းပြန့်လာပါတယ်။ သွေးချိုကို သေချာမထိန်းချုပ်ထားတဲ့အခါမှာ ထုံကျဉ်နေတဲ့အစိတ်အပိုင်းတွေက နောက်ဆုံးဘာမှမခံစားရတော့တဲ့အထိ ဖြစ်သွားပါမယ်။ အာရုံကြောတွေ ထိခိုက်ပျက်စီးခြင်းက အစာချေစနစ်ကို သက်ရောက်လာတဲ့အခါ ပျို့အန်ခြင်း၊မအီမသာဖြစ်ခြင်း၊ ဝမ်းချုပ်ခြင်းတို့ဖြစ်နိုင်ပါတယ်။ အမျိုးသားတွေမှာတော့ပန်းသေနိုင်ပါတယ်။

    ကျောက်ကပ်ရောဂါ။ ။ ကျောက်ကပ်မှာ သွေးထဲကအညစ်အကြေးတွေကို စွန့်ထုတ်ဖို့ သွေးကြောငယ်လေးတွေရှိပါတယ်။ ဆီးချိုက အဲဒီစစ်ထုတ်မှုစနစ်ကို ပျက်စီးစေပါတယ်။ ပြင်းထန်တဲ့ထိခိုက်မှုက ကျောက်ကပ်ရပ်သွားတဲ့အထိဖြစ်နိုင်သလို ကျောက်ကပ်အစားထိုးဖို့လိုလာတဲ့ အခြေအနေအထိဖြစ်နိုင်ပါတယ်။

    မျက်စိထိခိုက်ခြင်း။ ။ ဆီးချိုက မျက်ကြည်လွှာမှာရှိတဲ့ သွေးကြောလေးတွေကို ထိခိုက်စေနိုင်ပါတယ်။ ဒါကသင့်ကိုမျက်စိကန်းတဲ့အထိ ဖြစ်သွားစေနိုင်ပါတယ်။ ဆီးချိုကြောင့်မျက်စိတိမ်ဖြစ်ခြင်းလိုမျိုး ပြသနာတွေလည်းဖြစ်လာနိုင်ပါတယ်။

    ခြေထောက်ထိခိုက်ခြင်း။ ။ ခြေထောက်မှာရှိတဲ့အာရုံကြောတွေထိခိုက်ခြင်းဒါမှမဟုတ် သွေးလည်ပတ်မှုအားနည်းခြင်းကခြေထောက်နဲ့ပတ်သက်တဲ့ပြသနာတွေဖြစ်လာစေနိုင်ပါတယ်။ မကုသဘဲထားခဲ့ရင် ရှရာပွန်းရာတွေကတောင် ရောဂါပိုးဝင်ပြီးကြီးမားတဲ့ ပြသနာဖြစ်လာနိုင်ပါတယ်။ သေချာမကုသရင် ဖြေထောက်ဖြတ်လိုက်ရတဲ့ထိဖြစ်နိုင်ပါတယ်။

    အရေပြားပြဿနာ။ ။ ဆီးချိုကသင့်ရဲ့အရေပြားကိုပိုးကူးခြင်း၊မှိုကူးခြင်းကဲ့သို့သောပြဿနာတွေဖြစ်စေနိုင်ပါတယ်။

    ကိုယ်ဝန်ဆောင်ချိန်။ ။ ဆီးချိုတက်ခြင်းကကလေးရောမိခင်ရောအတွက်ဆိုးကျိုးရှိပါတယ်။ ဆီးချိုကို သေချာမထိန်းချုပ်ထားပါက စောမွေးခြင်း၊မသန်မစွမ်းကလေးကိုမွေးခြင်း စတာတွေဖြစ်နိုင်ပါတယ်။ ဆီးချိုကမိခင်မှာ မျက်လုံးပြဿနာ၊ ကီတုန်းအက်စစ်တက်သော ပြဿနာ (diabetes ketoacidosis)နဲ့ ကိုယ်ဝန်ဆောင်စဉ် သွေးတိုးတက်ခြင်းတို့ကိုဖြစ်စေနိုင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Kyaw Thura Htun မှ ရေးသားသည်။ · 14/10/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement