backup og meta

တရုတ်နံနံဖျော်ရည်၏ ကျန်းမာရေးအကျိုးပြုပုံ


Dr. Thant Zin မှ ရေးသားသည်။ · 12/06/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    တရုတ်နံနံဖျော်ရည်၏ ကျန်းမာရေးအကျိုးပြုပုံ

    တရုတ်နံနံပင် (celery) ဟာ ဖျော်ရည်လုပ်သောက်လို့ရတဲ့ အရွက်ဖြစ်ပါတယ်။ အာဟာရဓာတ်ကြွယ်ဝတဲ့အတွက် သင်နေ့စဉ်သုံးစွဲသင့်တဲ့ အစားအသောက်ထဲ တခုအပါအဝင် ဖြစ်ပါတယ်။ တရုတ်နံနံဖျော်ရည်တခွက်မှာ ကယ်လိုရီများစွာပါဝင်ခြင်းမရှိဘဲ ၄၀ ကယ်လိုရီသာ ပါဝင်ပါတယ်။ အာဟာရဓာတ်အားဖြင့်

    – ဗီတာမင် A

    – ဗီတာမင် K

    – ဗီတာမင် C

    – ဘီတာကယ်ရိုတင်း

    – Flavonoid

    – အပင်များမှရရှိသော phytonutrient အာဟာရဓာတ်များ

    – ကယ်လ်ဆီယမ်

    – သံဓာတ်

    – မဂ္ဂနီဆီယမ်

    – ဖော့စဖရပ်စ်

    – ပိုတက်ဆီယမ် စတာတွေ ပါဝင်ပါတယ်။

    တရုတ်နံနံဖျော်ရည်မှာ အရွက်အနေအထားမှာ ရှိခဲ့တဲ့ အမျှင်ဓာတ်တွေတော့ မရှိတော့ပါဘူး။ ဒါပေမယ့် တခြားအာဟာရဓာတ်တွေ ကြွယ်ဝတဲ့အတွက် သင့်ကျန်းမာရေးအတွက် များစွာ အကျိုးရှိပါတယ်။ ယခု ဆက်လက်ဖော်ပြမှာကတော့ တရုတ်နံနံဖျော်ရည်ကနေ ရရှိနိုင်မယ့် အကျိုးကျေးဇူးတွေပဲ ဖြစ်ပါတယ်။

    ၁။ သွေးတိုးကျစေခြင်း

    သုတေသနအချို့အရ တရုတ်နံနံအစေ့ဟာ သွေးတိုးကျစေတဲ့ အာနိသင်ရှိတယ်လို့ သိရပါတယ်။ တရုတ်နံနံမှာပါဝင်တဲ့ ဓာတ်ပစ္စည်းအချို့ဟာ သွေးလွှတ်ကြောနံရံတွေကို ပြေလျော့စေတာကြောင့် သွေးလည်ပတ်မုှကို ကောင်းစေပြီး သွေးတိုးကျစေတယ်လို့ သိရပါတယ်။

    ၂။ ကင်ဆာဆေးသွင်းခြင်းကြောင့်ဖြစ်ပွားသော ဆိုးကျိုးများကို ကာကွယ်ခြင်း

    တရုတ်နံနံဖျော်ရည်မှာ ပါဝင်တဲ့ ဓာတ်ပစ္စည်းအချို့ဟာ ဆေးဝါးတချို့ရဲ့ အာနိသင်ကို ပြောင်းလဲစေနိုင်ပါတယ်။ အထူးသဖြင့် ဆိုးကျိုးတွေကို လျော့ပါးစေပါတယ်။ ၂၀၀၉ ခုနှစ်မှာ တိရစ္ဆာန်များနဲ့ ပြုလုပ်ခဲ့တဲ့ သုတေသနတခုအရ ကင်ဆာကုသရာမှာ အသုံးပြုတဲ့ doxorubicin ဆေးကြောင့်ဖြစ်တဲ့ ဘေးထွက်ဆိုးကျိုးများကို ကာကွယ်နိုင်တယ်လို့ ဆိုပါတယ်။ တရုတ်နံနံဖျော်ရည်သောက်ခြင်းကြောင့် ဖရီးရယ်ဒီကယ်များက ဖြစ်စေတဲ့ ပျက်စီးမှုများကို လျော့နည်းစေပါတယ်။ ဒါ့အပြင် ဖရီးရယ်ဒီကယ်များနဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ မညီမျှမှုကြောင့် ဖြစ်ပွားတဲ့ ဓာတ်တိုးဖိစီးမှုကို ကာကွယ်ပေးပါတယ်။

    ၃။ နာတာရှည်ရောဂါများကို ကာကွယ်ခြင်း

    တရုတ်နံနံမှာပါဝင်တဲ့ flavonoid ဟာ နာတာရှည်ရောဂါများကို ကာကွယ်ပေးနိုင်ပါတယ်။ ၂၀၁၄ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ သုတေသနတခုအရ တရုတ်နံနံက ရရှိတဲ့ flavonoid ဟာ ဓာတ်တိုးဆန့်ကျင်တဲ့ ဂုဏ်သတ္တိရှိပြီး ကျန်းမာရေးကို အထူးအကျိုးပြုပါတယ်။ အထူးသဖြင့် အသည်း၊ နှလုံး၊ ကျောက်ကပ် စတဲ့အင်္ဂါအစိတ်အပိုင်းများမှာ ဓာတ်တိုးဆန့်ကျင်အာနိသင်ပြပါတယ်။

    ၄။ ရောင်ရမ်းမှုကို သက်သာစေခြင်း

    တရုတ်နံနံဖျော်ရည်မှာ ရောင်ရမ်းမှုကို ကျဆင်းစေတဲ့ အာနိသင်ရှိပါတယ်။ ကိုယ်အင်္ဂါ အစိတ်အပိုင်းများ ရောင်ရမ်းခြင်း၊ အဆစ်အမြစ်ရောင်ရမ်းခြင်း စတာတွေကို သက်သာစေနိုင်တယ်လို့ ဆိုထားပါတယ်။ သုတေသနတခုရဲ့ ဖော်ပြချက်အရ တရုတ်နံနံဖျော်ရည်မှာ ရောင်ရမ်းမှုကို ကျဆင်းစေတဲ့ ဓာတ်ပစ္စည်း ၂၅ မျိုးခန့် ပါဝင်တယ်လို့ သိရပါတယ်။

    ၅။ အစာအိမ်အူလမ်းကြောင်းကို အကျိုးပြုခြင်း

    တရုတ်နံနံမှာပါဝင်တဲ့ Apiuman ဆိုတဲ့ ဓာတ်ပစ္စည်းဟာ အစာအိမ်အနာများကို သက်သာစေခြင်း၊ အစာအိမ်နံရံသားများကို တိုးတက်ကောင်းမွန်စေခြင်း စတဲ့အာနိသင်တွေ ရှိပါတယ်။ အမျှင်ဓာတ်ကြွယ်ဝပြီး အစာအိမ်အူလမ်းကြောင်းတလျှောက်ကို ရှင်းလင်းစေပါတယ်။ ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ တရုတ်နံနံဖျော်ရည်တခွက်မှာ အမျှင်ဓာတ် ၅ ဂရမ်ပါဝင်ပါတယ်။

    ၆။ နှလုံးကို အကျိုးပြုခြင်း

    တရုတ်နံနံမှာပါဝင်တဲ့ ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိနဲ့ ရောင်ရမ်းမုှကျစေတဲ့ ဂုဏ်သတ္တိများဟာ နှလုံးအတွက်ပါ အကျိုးပြုပါတယ်။ သွေးကြောများထဲမှာဖြစ်ပေါ်တဲ့ ဓာတ်တိုးဖိစီးမှုဟာ နှလုံးနဲ့ဆိုင်တဲ့ ရောဂါတွေ ဖြစ်ပေါ်စေဖို့ အကြောင်းအရင်းဖြစ်ပါတယ်။ အထူးသဖြင့် သွေးလွှတ်ကြောများ မာကြောပြီး ကျဉ်းမြောင်းလာခြင်း ဖြစ်ပါတယ်။ တရုတ်နံနံဖျော်ရည်မှပြါဝင်တဲ့ ဓာတ်ပစ္စည်းတွေဟာ အဆိုပါဖြစ်ရပ်တွေကို လျော့ကျစေတဲ့ အာနိသင်ရှိတာကြောင့် နှလုံးနဲ့ဆိုင်တဲ့ ရောဂါတွေကိုပါ ဖြစ်နိုငခြေ လျော့နည်းစေပါတယ်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thant Zin မှ ရေးသားသည်။ · 12/06/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement