ကျန်းမာတဲ့ ကိုယ်အလေးချိန် ပိုင်ဆိုင်စေဖို့ ထောက်ကူပေးနိုင်တဲ့ သဘာဝ လက်ဆောင် တစ်ခု ရှိပါတယ်။ ဒါကတော့ အာလူးလေးပါ။ ကိုယ်အလေးချိန် ထိန်းတဲ့အခါ ထမင်း အပါအဝင် အချို့သော အစားအစာ တော်တော်များများကို လျှော့စားရပါတယ်။ ဒီလို လျှော့စားရတာကြောင့် အာဟာရလိုအပ်ချက် ဖြစ်သွားတာမျိုး မဖြစ်စေဖို့ဆိုရင် အာလူးကို ပေါင်းပြီးတော့ဖြစ်ဖြစ် ပြုတ်ပြီးတော့ဖြစ်ဖြစ် နေ့စဉ် စားသုံးမှုမှာ ထည့်သွင်းစားပေးလို့ ရပါတယ်။
ဘာကြောင့် ဒီလို ပြောရတာလဲဆိုတော့ အခွံပါ အာလူး အရွယ်ခပ်လတ်လတ် တစ်လုံးမှာ ကယ်လ်လိုရီက ၁၁၀ ပါဝင်ပါတယ်။ ဒီကယ်လ်လိုရီ ပမာဏက ကိုယ်အလေးချိန် ထိန်းချင်သူတွေအတွက် သင့်တော်တဲ့ ကယ်လ်လိုရီ ပမာဏပါ။
နောက်တစ်ချက်က အာလူးမှာ အရိုးနဲ့ ကြွက်သားတွေ သန်မာစေပြီး ကိုယ်ခံအား ကောင်းစေဖို့ ထောက်ပံ့ပေးတဲ့ ပရိုတင်း ပါဝင်နေတာပါ။ ဒါ့ပြင် ဦးနှောက်နဲ့ ကြွက်သားတွေ လှုပ်ရှားနိုင်စေဖို့ အင်အားထောက်ပံ့ပေးတဲ့ အရင်းအမြစ်ဖြစ်သလို စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ အရေးပါတဲ့ ကာဗိုဟိုက်ဒရိတ် ပါဝင်နေတာပါ။
ဗီတာမင် C နဲ့ ဗီတာမင် B6 ကြွယ်ဝစွာ ပါဝင်နေတာကလည်း ကိုယ်ခံအား ကောင်းစေပြီး ဝိတ်ကျသွားချိန်မှာတောင် အသားအရေ ကျန်းမာလှပနေစေဖို့ ထောက်ကူပေးနိုင်တာပါ။
နောက်ထပ် အာဟာရဓာတ် တစ်မျိုးကတော့ ကြွက်သားစနစ်၊ နှလုံးသွေးကြောစနစ် နဲ့ အာရုံကြောစနစ်တွေရဲ့ လုပ်ဆောင်မှု ကောင်းစေဖို့ ထောက်ကူပေးနိုင်တဲ့ အရေးပါတဲ့ electrolyte တစ်မျိုးဖြစ်တဲ့ ပိုတက်ဆီယမ် ပါဝင်နေတာပါ။ အာလူးရဲ့ ပိုတက်ဆီယမ်ပါဝင်မှုက ငှက်ပျောသီးထက်တောင် ပိုများပါတယ်။
နောက်ဆုံးတစ်ချက် အနေနဲ့ အာလူးစားပြီး ဝိတ်ချရတာရဲ့ အားသာချက်တစ်ခုကတော့ အာလူးမှာ ကိုယ်အလေးချိန်ကို တက်စေနိုင်တဲ့ အဆီဓာတ် ပါဝင်မှုက 0 % နဲ့ ကိုလက်စရောပါဝင်မှု 0 % ဖြစ်နေတာပါပဲ။
ကျန်းမာတက်ကြွစွာနဲ့ ကိုယ်အလေးချိန် ထိန်းချင်တယ်ဆိုရင် နေ့စဉ် စားသုံးမှု plan ထဲမှာ အာလူးကို ထည့်ပြီး စားသုံးပေးပါ။ weight loss diet ထဲမှာ အာလူးကို ထည့်သွင်းစားသုံးတာက ကျန်းကျန်းမာမာနဲ့ ဝိတ်ချနိုင်မယ့် နည်းလမ်းကောင်း တစ်ခုပါ။
ဒီတော့ ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ထိန်းဖို့ အာလူးနဲ့ အဆီမပါတဲ့ အသား၊ သစ်သီး၊ ဟင်းသီးဟင်းရွက်၊ ရေတို့ကို သင့်တင့်မျှတအောင် စားသုံးပေးဖို့ အကြံပြုပါရစေ။ အာလူးကို ကြော်စားတာ၊ ဆီပြန်ချက်စားတာ၊ ချိစ်နဲ့ တို့စားတာမျိုးတော့ မလုပ်မိစေနဲ့ပေါ့။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။