backup og meta

ဝိတ်ချဖို့အတွက် plan ရွေးတော့မယ်ဆိုရင်

ဝိတ်ချတော့မယ်၊ ဝိတ်ချတော့မယ် ပေါင် ၁၅၀ ဆိုတဲ့သူလေးတွေရှိလား။ ဝိတ်ချမယ်လို့ပြောနေပေမယ့် ကိုယ်အလေးချိန်တွေက ကျမသွားဘူးဆိုရင် သေချာတာက သင်က ဝိတ်ချနည်းကို စရွေးကတည်းက မှားယွင်းမှုရှိနေလို့ပါ။ ဒါဆိုရင် ဝိတ်ချဖို့နည်းလမ်း ဘယ်လိုရွေးရမှာလဲလို့များ မေးချင်နေပြီလား။ ဒီဆောင်းပါးလေးထဲမှာ ပြောပြပေးမယ်နော်။

ဝိတ်တကယ်ကျဖို့ မဖြစ်မနေလိုအပ်ချက်တစ်ခု

ဝိတ်ကျချင်တယ်ဆိုရင် လေ့ကျင့်ခန်းလုပ်ရုံ အစားလျှော့ရရုံနဲ့လုံလောက်ပြီလား။ တကယ်ကို ကျန်းမာပျော်ရွှင်စွာနဲ့ ဝိတ်ကျသွားဖို့က ဒီအချက်တွေအပြင် ကိုယ့်ဝိတ်ချမယ့် plan ကကိုယ်နဲ့ အဆင်ပြေမလားဆိုတာကို အရင်စဉ်စားဖို့ပါ။ Plan ကကိုယ်နဲ့ တကယ်အဆင်ပြေမှလည်း ရေရှည် လုပ်နိုင်တော့မှာပေါ့။ ဒီတော့ ဝိတ်မချခင်မှာ ကိုယ့်နဲ့အဆင်အ​ပြေဆုံးဖြစ်မယ့် plan ကိုရွေးစေချင်ပါတယ်။

အဆင်ပြေပြေဝိတ်ချကြမယ်

ဝိတ်ချတော့မယ်လို့ တွေးပြီးပြီ ဆုံးဖြတ်ချက်က တော်တော်လေးပြင်းထန်နေပြီဆိုရင် ဒီအချက်တွေကို ကိုယ့်ကိုယ်ကိုယ်အရင်မေးကြည့်ပါ။

ကိုယ်ရွေးချယ်မယ့် ဝိတ်ချနည်းက ကိုယ်နဲ့ ကိုက်ရဲ့လား…

ကိုယ်က အစားတသွတ်သွတ် စားတတ်သူဖြစ်နေမယ်ဆိုရင် အစာစားတဲ့အကြိမ်ရေကို ကန့်သတ်တဲ့ ဝိတ်ချနည်းတွေက သင်နဲ့ မကိုက်ညီနိုင်ပါဘူး။ တစ်နေကုန် ပင်ပင်ပန်းပန်းအလုပ်လုပ်ရသူအဖို့ အစားလျှော့စားရမယ်ဆိုတဲ့ နည်းကလည်း သိပ်တော့ အဆင်မပြေလှပါဘူး။ အချိန်မရသူအဖို့ သေချာပြင်ဆင်ချင်ပြုတ်ရမယ်ဆိုတာမျိုးကလည် မကိုက်ညီပြန်ဘူးလေ။ ဒီတော့ ဝိတ်ချနည်းရွေးတဲ့အခါ ကိုယ့်နေ့စဉ်အနေအထားနဲ့ ကိုက်ညီမှာမျိုးကို အဓိကထားရွေးချယ်ပေးပါ။

ပုံမှန်လုပ်နေတဲ့ လေ့ကျင့်ခန်းနဲ့ ကိုက်ညီမှုရှိလား…

တစ်နေ့တာမှာ လေ့ကျင့်ခန်းတွေ အများကြီးလုပ်နေသူအဖို့ အစားနည်းနည်းပဲစားရမယ်ဆိုတဲ့ ဝိတ်ချတဲ့အစီအစဉ်ကအဆင်မပြေလောက်ပါဘူး။ ဝိတ်ချရင်းက အာဟာရမပြည့်မဝဖြစ်လာပြီး နေ့စဉ်လှုပ်ရှားမှုတွေမှာပါ ထိခိုက်လာနိုင်ပါတယ်။

အမြဲလုပ်နိုင်မလား…

ဝိတ်ချတဲ့ plan က ခဏတဖြုတ်လုပ်ရုံနဲ့ အဆင်မပြေနိုင်ပါဘူး။ ပိန်ချင်တယ်လို့ စိတ်အားထက်သန်တုန်းလေး ထလုပ်လိုက်။ ပြီးရင် ၃ ရက်ထက်မပိုလိုက် ပြန်စားလိုက်လုပ်နေသမျှကတော့ ပိန်ဖို့ဆိုတာ မဖြစ်နိုင်ဘဲ ပိုပိုပြီးတောင်ပြည့်လာလို့ စိတ်ညစ်ရနိုင်ပါတယ်။ ဒါကြောင့် ဝိတ်ချတဲ့ plan ရွေးတဲ့အခါ ရေရှည်လုပ်နိုင်မလားဆိုတာကို သေချာလေးစဉ်းစားပါ။

ကိုယ်ကြိုက်တဲ့အစားအစာတွေပါရဲ့လား…
ဝိတ်ချတဲ့ plan ဆိုတာက သင့်ကို ကျန်းကျန်းမာမာနဲ့ ပိုနေတဲ့ ကိုယ်အလေးချိန်တွေကို လျှော့ချပေးမယ့် အရာပဲဖြစ်သင့်ပါတယ်။ ဒုက္ခဖြစ်စရာတစ်ရပ်ဖြစ်နေလို့မရပါဘူး။ ဒီတော့ မဖြစ်မနေဂရုစိုက်ရမှာက  ဝိတ်လေးကျ စိတ်လေးလည်းချမ်းသာဖို့ ကိုယ်ရွေးချယ်တဲ့ plan က ကိုယ်ကြိုက်တဲ့ အစားအစာတွေကို စားခွင့်ရှိရဲ့လား ဆိုတာကို သေချာလေးဆန်းစစ်ပါ။
ဝိတ်ချတယ်ဆိုတိုင်း အစားတိုင်းကို မစားရတာ မဟုတ်ပါဘူး။ ခန္ဓာကိုယ်ရဲ့ ကယ်လ်လိုရီ လိုအပ်ချက် ပြည့်မီအောင်တော့ စားဖို့ လိုပါမယ်။ ဒါမှ ကျန်းမာပျော်ရွှင်စွာနဲ့ ကိုယ်အလေးချိန် ထိန်းနိုင်မှာလေ။
ဒီတော့ ကျန်းမာစွာနဲ့ ကိုယ်အလေးချိန် လျှော့ဖို့ဆိုရင် တစ်နေ့တာ လိုအပ်တဲ့ ကယ်လ်လိုရီ လိုအပ်ချက်ကို ဖြည့်နိုင်စေဖို့ ဒီလင့်ခ်လေးမှာ ကိုယ်တိုင် တွက်ချက်ပြီး ကယ်လ်လိုရီ လိုအပ်ချက် ပြည့်မီအောင် စားသုံးဖို့ အကြံပြုပါရစေ။ 
ဘယ်လောက်မြန်မြန်ဝိတ်ကျချင်တာလဲ…
ဒါကလည်း plan ရွေးတဲ့အခါ မဖြစ်မနေစဉ်းစားသင့်တဲ့အချက်တစ်ခုပါ။ ကိုယ်က မြန်မြန်ဝိတ်ကျချင်တာဆိုရင်တော့ ကိုယ်အလေးချိန်ကို အမြန်ဆုံးချပေးနိုင်မယ့်နည်းကိုရွေးရမှာပေါ့။ အလျင်မလိုဘူးဆိုရင်တော့ နေ့စဉ်မှန်မှန်လုပ်ရင်း ဝိတ်ကျမယ့်နည်းကိုပဲရွေးပါ။
ဝိတ်ချတဲ့ plan ကိုလုပ်နေချိန်မှာ စိတ်ရှည်ဖို့ လိုသလို ပုံမှန်လေးစည်းကမ်းလိုက်နာဖို့လည်း လိုပါမယ်။ စားချင်တဲ့စိတ်ကိုလည်း ထိန်းရပါမယ်။ အစပိုင်း ရက်တွေမှာခက်နိုင်ပေမယ့် ၂ ပတ်လောက် ဆက်တိုက်လုပ်ဆောင်မှုက ပုံမှန်အလေ့အထတစ်ရပ်လို ဖြစ်လာပါလိမ့်မယ်။
နောက်ဆုံးလုပ်ဆောင်ရမယ့် တစ်ချက်က ဝိတ်မချခင်မှာ ကိုယ်အလေးချိန် ဘယ်လောက်ကို လျှော့ချရင် ကျန်းမာရေးနဲ့ ညီညွတ်တဲ့အလေးချိန်ရနိုင်မလဲဆိုတာကို သိရှိနိုင်စေဖို့အတွက် ခန္ဓာကိုယ်ထုထည်ညွှန်းကိန်းလို့ခေါ်တဲ့ BMI ကို တွက်ချက်ဖို့ပါ။ BMI ကို ဒီလင့်ခ်ကလေးကနေ တွက်ချက်လို့ရပါတယ်။ 
ဒါကြောင့် သင့်တင့်တဲ့လေ့ကျင့်ခန်းလေးလည်းလုပ်၊ အာဟာရသင့်တင့်မျှတအောင်လည်းစားပြီး အဆင်ပြေဆုံးဖြစ်မယ့် plan ကိုကိုယ်တိုင်ရွေးလို့ ကျန်းမာလှပတဲ့ ခန္ဓာကိုယ်သွင်ပြင်ကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း……

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Choosing a Weight Loss Program https://www.webmd.com/diet/guide/choosing-weight-loss-program Accessed Date 18 December 2019

10 Tips for Finding the Best Diet That Works for You https://www.webmd.com/diet/features/ten-tips-for-finding-the-best-diet-that-works-for-you#5 Accessed Date 18 December 2019

ယခုပုံစံ

20/07/2022

Aye Thi Mon မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဝိတ်ကျစေမယ့် ဗီတာမင်နဲ့သတ္တုဓါတ်တွေကဘာတွေဖြစ်မလဲ

ဝိတ်ချနေတဲ့သင့်ကို လေ့ကျင့်ခန်းနဲ့အတူ ကူညီပေးမယ့် အရာများ ။ ။


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 20/07/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement