backup og meta

အဆီမြန်မြန်ကျ ချင်ရင် ကိုယ့်ရဲ့တစ်နေ့တာကို ဒီလိုပြောင်းလဲလိုက်ပါ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 17/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အဆီမြန်မြန်ကျ ချင်ရင် ကိုယ့်ရဲ့တစ်နေ့တာကို ဒီလိုပြောင်းလဲလိုက်ပါ

    အဆီမြန်မြန်ကျ ချင်ရင် ကိုယ့်ရဲ့တစ်နေ့တာကို ဒီလိုပြောင်းလဲလိုက်ပါ

    ဒီဘက်ခေတ်ထဲမှာ ယောက်ျားလေးတွေရော မိန်းကလေးတွေပါ အဆီကျဖို့ ကြိုးစားလာကြတယ်နော်။ အဓိကကတော့ အလှအပကို ပိုပြီး ဦးစားပေးလာကြတယ်လို့ ထင်ရပေမယ့် ကျန်းမာရေးဘက်က ကြည့်ရင်း ကိုယ်ခန္ဓာတွင်းက မကောင်းတဲ့ အဆီပိုတွေကို အမြန်ချဖို့ လိုအပ်ပါတယ်။

    ဘာကြောင့်လဲဆိုတော့ ဒီအဆီတွေက ကိုယ်ထဲမှာ နေတာကြာလာတာနဲ့အမျှ အဝလွန်လာမယ်၊ ကိုယ်အလေးချိန် တိုးလာမယ်၊ ကြွက်သားတွေ လျော့တိလျော့ရဲ ဖြစ်လာမယ်။ နောက်ဆက်တွဲအနေနဲ့ သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါတွေ ဖြစ်လာမယ်၊ ကင်ဆာရောဂါ တချို့ဖြစ်နိုင်ခြေပါ မြင့်တက်လာမှာပါ။

    နောက်ပြီးတော့ ဝတဲ့သူတွေမှာမှ အဆီများနေတာမဟုတ်ပါဘူး။ ပိန်တဲ့သူတွေမှာလည်း ကိုယ်ခန္ဓာ၊ သွေးကြောတွေထဲမှာ အဆီဖုံးနေတာမျိုးတွေ ဖြစ်နိုင်တယ်နော်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ဝနေတယ်လို့ ထင်နေတာဖြစ်စေ၊ ကျန်းမာရေးလိုက်စားဖို့အတွက်ဖြစ်စေ အဆီချဖို့ လိုအပ်တယ်နော်။

    ဒီနေ့ပြောပြပေးမယ့် အကြောင်းအရာကတော့ အဆီချချင်တဲ့သူတိုင်း သိထားသင့်တဲ့ စားသောက်နေထိုင်မှုပုံစံနဲ့ ဆောင်ရန်၊ ရှောင်ရန်အချက်တွေပဲ ဖြစ်ပါတယ်။

    အဆီမြန်မြန်ကျ ချင်ရင် ကိုယ့်ရဲ့တစ်နေ့တာကို ဒီလိုပြောင်းလဲလိုက်ပါ

    အဆီမြန်မြန်ကျချင်ရင် ကိုယ့်ရဲ့တစ်နေ့တာကို ဒီလိုပြောင်းလဲလိုက်ပါ

    ၁။ လေ့ကျင့်ခန်း များများလုပ်ပါ။

    ကိုယ်က အမြဲတမ်း ထိုင်ပဲထိုင်နေတယ်ဆိုရင် စားထားသမျှ အဆီတွေက ကိုယ်ထဲမှာ စုမိနေမှာပါ။ ဒါ့အပြင် လှုပ်ရှားမှုကလည်း မရှိတော့ ကယ်လိုရီတွေ လောင်ကျွမ်းဖို့ ပိုပြီးနည်းသွားပါတယ်။ ဒါကြောင့် အဆီကျဖို့ ရည်စူးထားသူတွေအနေနဲ့ လေ့ကျင့်ခန်း ဖြည်းဖြည်းချင်း စလုပ်ပေးဖို့ လိုပါတယ်။ မနက်နိုးလာတဲ့အချိန်မှာ ရေတစ်ခွက် အဝသောက်ပါ။ ပြီးရင် လမ်းလျှောက်ထွက်ပါ။

    လမ်းလျှောက်တာ နာရီဝက်လောက်ကြာရင် ၁၀မိနစ် ဖြည်းဖြည်းချင်း ပြေးပါ။ ကိုယ်ကာယလေ့ကျင့်ခန်း လုပ်ပါ။ အစပိုင်းမှာ မောတယ်၊ ပင်ပန်းတယ်လို့ ထင်ရပေမယ့် နောက်ပိုင်းမှာ သက်လုံပိုကောင်းလာမှာဖြစ်လို့ အမောပိုခံလာမယ်။ ပိုပြီး လေ့ကျင့်ခန်းလုပ်နိုင်တဲ့အတွက် ကိုယ်အလေးချိန်တွေလည်း ကျလာမှာပါ။

    ၂။ Gym ကစားပါ။

    ဒါကတော့ အဆီမြန်မြန်ကျ ဖို့ အထိရောက်ဆုံးနည်းလမ်းတွေထဲက တစ်ခုပါပဲ။ Gym မှာ နည်းပြဆရာနဲ့ စနစ်တကျ လေ့ကျင့်ကစားတဲ့အခါ ကိုယ့်ရဲ့ ကိုယ်ခန္ဓာအချိုးအစားပေါ် မူတည်ပြီး ဘယ်ကစားနည်းမှာ ပိုဆော့သင့်လဲ၊ ဘယ်လိုအနေအထားမျိုးက ကိုယ့်ကို ကစားတဲ့နေရာမှာ ပိုပြီး အားစိုက်ထုတ်နိုင်မလဲ အစရှိသဖြင့် ပြသပေးမှာ ဖြစ်ပါတယ်။

    ဒီတော့ စကစားတဲ့နေ့မှာ ကိုယ်က ဘယ်လောက်ပမာဏအထိ အဆီကျချင်လဲ။ ဘယ်လို ကိုယ်ခန္ဓာအချိုးအစားမျိုး ရချင်လဲဆိုတာ နည်းပြဆရာကို ပြောပြပြီး သူလေ့ကျင့်တဲ့ ပုံစံအတိုင်း မပျက်မကွက် ကစားပေးဖို့ လိုပါတယ်။

    ၃။ ပရိုတင်းဓာတ် များများစားပေးပါ။

    ပရိုတင်းဓာတ်က လူတွေရဲ့ တစ်နေ့တာ အာဟာရမှာ မဖြစ်မနေပါသင့်ပါတယ်။ သူက ကြွက်သားတွေကို ကြီးထွားဖွံ့ဖြိုးစေပြီး ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးနိုင်တယ်။ ဇီဝကမ္မဖြစ်စဉ်တွေကို မြန်ဆန်စေပြီး ကိုယ်တွင်းမှာရှိတဲ့ အဆီတွေ၊ ကယ်လိုရီတွေကို လောင်ကျွမ်းစေတယ်။

    တစ်နေ့တာ ကုန်ဆုံးသွားတဲ့ အားအင်တွေကို ပြန်လည်ဖြည့်တင်းပေးလို့ လေ့ကျင့်ခန်းလုပ်နေသူတွေ၊ အလုပ်အရမ်းများတဲ့သူတွေအတွက်လည်း အဆင်ပြေပါတယ်။ ကိုယ်က ပိန်နေလို့ ကိုယ်အလေးချိန်တက်ချင်လား၊ ဝနေလို့ အဆီမြန်မြန်ကျ ဖို့ ကြိုးစားနေတာလား ပရိုတင်းကို များများစားပေးတာ အကောင်းဆုံးပဲနော်။ ပရိုတင်းဓာတ်ကို အသား၊ ငါးကနေ အများဆုံးရနိုင်တဲ့အပြင် ပဲအမျိုးမျိုး၊ ဥအမျိုးမျိုးနဲ့ နို့ထွက်ပစ္စည်းတွေကနေ ရရှိနိုင်ပါတယ်။

    ၄။ တခြားအာဟာရဖြစ်စေမယ့် အစားအစာတွေကိုလည်း များများစားပါ။

    ပရိုတင်းဓာတ်ကြွယ်ဝတဲ့ အသား၊ ငါးအပြင် ဟင်းသီးဟင်းရွက်၊ အသီးအနှံတွေ၊ အစေ့အဆန်၊ အခွံမာသီး၊ ဂျုံ၊ ပြောင်း၊ ပဲ အစရှိသဖြင့် စုံလင်စွာ စားပေးဖို့ လိုပါတယ်။ ကိုယ်ခန္ဓာကြီးထွားဖွံ့ဖြိုဖို့၊ အသက်ရှည်ကျန်းမာစေဖို့၊ ကိုယ်တွင်းအင်္ဂါတွေ ကောင်းစွာ အလုပ်လုပ်နိုင်ဖို့ လိုအပ်တဲ့ ဗီတာမင်နဲ့ အာဟာရဓာတ်တွေကို ဒီအစားအစာကနေ အဓိက ရရှိတာဖြစ်ပါတယ်။

    ၅။ ပမာဏနည်းနည်းနဲ့ အကြိမ်ရေများများစားပါ။

    ဗိုက်ဝရင်ပြီးရောဆိုတဲ့ စိတ်နဲ့ အစာတွေကို အများကြီးစားချလိုက်ရင် အစာအိမ်ကလည်း အစာချေဖျက်ဖို့ ပိုကြာသလို ဒီအစားအစာကနေ အာဟာရတွေ စုပ်ယူဖို့လည်း ခက်သွားနိုင်ပါတယ်။ အဆိုးဆုံးကတော့ အဆီတွေ၊ ကယ်လိုရီတွေ များပြီး ပုံသွားတဲ့အခါ အစာကလည်း မချေဖျက်နိုင်တော့ အဆီတွေက ဟိုနားနည်းနည်း၊ ဒီနားနည်းနည်း စုပုံလာတော့တာပေါ့။ ဒါကြောင့် ပမာဏနည်းနည်းနဲ့ မကြာခဏ စားတတ်တဲ့အကျင့်ကို လုပ်ပေးပါ။

    အဆီချဖို့ ကြိုးစားနေတယ်ဆိုရင် ဒီအချက်တွေကို သတိထားပေးပါ။

    ၁။ အိပ်ရေးအပျက်မခံပါနဲ့။ ညဘက်တွေမှာ ၁၂နာရီထက် နောက်မကျစေဘဲ အိပ်ပေးပါ။ တစ်နေ့ကို ညအိပ်ချိန် အနည်းဆုံး ၇နာရီရှိဖို့ လိုပါတယ်။

    ၂။ အဆီ၊ အငန်၊ အချိုစာတွေ ရှောင်ပါ။

    ၃။ ညနေ ၆နာရီနောက်ပိုင်းမှ ညစာစားတဲ့ အကျင့်ကို ဖျောက်ပါ။ ညစာအတွက် ပေါ့ပေါ့ပါးပါး အစာကြေလွယ်စေမယ့် ဟင်းတွေ၊ အသီးအနှံေတွနဲ့ ဟင်းသီးဟင်းရွက်တွေကို များများစားပေးပါ။

    ၄။ ရေများများသောက်ပါ။

    ၅။ အလုပ်မှာဖြစ်ဖြစ်၊ အိမ်မှာဖြစ်ဖြစ် အချိန်အကြာကြီး ထိုင်မနေပါနဲ့။ နာရီဝက်ခြားတစ်ခါ ထပြီး ဟိုသွား၊ ဒီသွားလုပ်တာ၊ လေ့ကျင့်ခန်းတစ်ခုခု လုပ်ပေးပါ။

    နေထိုင်စားသောက်တဲ့ပုံစံကို အပေါ်မှာ ပြောပြခဲ့သလို ပြောင်းလဲပေးမယ်ဆိုရင်တော့ အချိန်တိုအတွင်း သိသာတဲ့ ပြောင်းလဲမှုရလဒ်ကို တွေ့ရမှာပါ။ အဆီချတယ်ဆိုတာ အလှအပအတွက် တစ်ခုတည်းမဟုတ်ဘဲ ကျန်းမာရေးအတွက်ပါ အကျိုးရှိတာမို့ ကျား၊ မ၊ အသက်အရွယ်မရွေး တတ်နိုင်သလောက် အဆီချဖို့ ကြိုးစားကြပါလို့ အကြံပေးလိုက်ပါတယ်နော်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 17/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement