ခြေလှမ်းလှလှလှမ်းပါစေ
သင်စီးနေတဲ့ ဖိနပ်နှစ်ဖက်မှာ တစ်ဖက်နဲ့ တစ်ဖက် အထူအပါးမညီတာမျိုး၊ နောက်မြီးပေါက် ထိပ်ပေါက်ဖြစ်နေမျိုးတွေ ရှိနေလား။ ရှိနေတယ်ဆိုရင်တော့ သင့်ရဲ့လမ်းလျှောက်ပုံနဲ့ ခြေထောက်အနေအထားကြောင့်ဖြစ်နေတာပါ။ ဒီပြဿနာတွေရဲ့အစက ဘာဖြစ်မယ်လို့ သင်ထင်ပါသလဲ။ မြန်မာမှုနယ်ပယ်မှာ ” လက်ဦးဆရာ မည်ထိုက်စွာ ပုဗ္ဗာစရိယ မိနှင့်ဖ ” ဆိုတဲ့စကားရှိပါတယ်။ သင့်ရဲ့လမ်းလျှောက်တဲ့ပုံစံ၊ အမူအကျင့်စတာတွေက သင်ငယ်စဉ်က သင့်မိဘနဲ့ ပတ်ဝန်းကျင်ကနေ သင်ယူရရှိလာတာပါ။ လက်ဦးဆရာက မိဘတွေဆိုပေမယ့် ဒီနေ့ခေတ်မှာတော့ ကလေးတွေကို ထိန်းသိမ်းစောင့်ရှောက်ကြတာက မိဘတွေတင်မဟုတ်တော့ပါဘူး။ မိဘတွေက အလုပ်တွေ၊ စားဝတ်နေရေးတွေနဲ့ မအားမလပ်ဖြစ်လာတော့ အဖိုးအဖွားတွေ၊ ကလေးထိန်းတွေ၊ အိမ်ဖော်တွေနဲ့ ကလေးကို ထားခဲ့ရပါတယ်။ ကလေးငယ်စဉ် လမ်းမလျှောက်တတ်ခင်ကာလအထိမှာတော့ သိပ်မထူးခြားသေးပေမယ့် လမ်းစလျှောက်ပြီဆိုရင်တော့ သတိထားရတော့မှာပါ။
ဘာလို့လဲ
ကလေးတစ်ယောက်ရဲ့ သင်ယူမှုက လမ်းလျှောက်တာတင်လားဆိုတော့ မဟုတ်ပါဘူးနော်။ ကလေးငယ်တစ်ယောက်က မွေးဖွားလာပြီး အရွယ်မရောက်ခင်ကာလအထိ အဆက်မပြတ်သင်ယူမှုတွေကို လုပ်ပါတယ်။ သူလမ်းစလျှောက်တတ်ပြီးနောက် သူ့ရဲ့ လှုပ်ရှားမှုတွေကို သတိထားကြည့်ပေးပါ။ သူ့ကို ထိန်းကျောင်းပေးတဲ့သူရဲ့ လှုပ်ရှားပုံနဲ့ တူနေတာကို တွေ့ရပါလိမ့်မယ်။ဥပမာ – ကလေးကို အဖွားက ထိန်းတယ်။ အဖွားက အသက်ကြီးနေပြီ ဝလည်း ဝနေတယ်ဆို သူ့ရဲ့လမ်းလျှောက်ပုံက ပုံမှန်ဖြစ်မနေတော့ပါဘူး။ လမ်းလျှောက်ရင် ကွတကွတဖြစ်နေမယ်၊ ခြေခွင်နေမယ်၊ ပစ်တိုင်းထောင်လိုယိမ်းပြီးလမ်းလျှောက်မယ် အဲဒီလိုတွေဖြစ်နေတတ်ပါတယ်။ ကလေးလမ်းစလျှောက်ကတည်းကနေ လေး၊ ငါးနှစ်အထိ အဖွားက ဒိုင်ခံထိန်းနေရင် ကလေးရဲ့ လမ်းလျှောက်ပုံက အဖွားရဲ့ပုံစံနဲ့ အနီးစပ်ဆုံးဖြစ်လာပါတယ်။ ဒါပေမယ့် တချို့ကလေးတွေကတော့ မိဘတွေဆီက ဂျင်းန်( Genes ) ကို အပြည့်အဝယူတတ်ပါတယ်။ သူတို့ကို ဘယ်သူထိန်းထိန်း မိဘလမ်းလျှောက်ပုံနဲ့ပဲ တူတတ်ပါတယ်။ တခြား မြင်နိုင်တာတွေက ကလေးငယ်ကို ထိန်းတဲ့သူရဲ့ဘာသာစကားလေယူလေသိမ်းနဲ့ ကလေးက စကားပြောတာပါပဲ။ ကိုယ့်ပတ်ဝန်းကျင်မှာ သတိထားကြည့်ရင် မြင်နိုင်ပါတယ်။ အိမ်တစ်အိမ်က မိသားစုတစ်ခုမှာ ချောင်းဆိုးပုံ၊ နှာချေပုံ၊ သန်းဝေတဲ့ပုံစံတွေကလည်း မိဘနဲ့ မောင်နှမတွေမှာ ပုံစံတူဖြစ်နေတတ်ပါတယ်။ စကားပြောရင် အော်ပြောတတ်တဲ့အိမ်က ကလေးဟာလည်း သူစကားပြောတဲ့အခါ အော်ပြောတော့တာပါပဲ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။