မုန်တိုင်းတိုက်တာကစလို့ ရေကြီးတာ၊ ငလျင်လှုပ်တာ၊ နောက်ဆုံး စစ်ပွဲတွေ ဖြစ်တာအထိ အစုလိုက် အပြုံလိုက် ဒုက္ခရောက်ကြတဲ့အချိန်မှာ ကျန်းမာရေး ကို ဘယ်လိုဆက်ပြီး စောင့်ရှောက်မလဲဆိုတာက အရေးကြီးလာပါပြီ။ အထူးသဖြင့် ရောဂါအခံရှိတဲ့သူတွေ၊ ဆေးစွဲသောက်နေရတဲ့သူတွေဆို ပိုပြီး အရေးကြီးပါတယ်။ အရေးပေါ်ကာလဟာ ဘယ်လောက်ထိ ကြာမလဲ မသိနိုင်တဲ့အတွက် မိမိကျန်းမာရေးအတွက် ဒါတွေကို ကြိုတင်ပြင်ဆင်ထားပါ။
အရေးပေါ်ကာလမှာ ကျန်းမာရေး အတွက် ဒါတွေ ပြင်ထားပါ။
- ဆေးရုံဆေးခန်း ရက်ချိန်းတွေ ပြန်ညှိပါ။
တတ်နိုင်သမျှ အပြင်မထွက်ရအောင် ဆရာဝန်နဲ့ တိုင်ပင်ပြီး ရက်ချိန်းတွေကို ခပ်ခွာခွာ ချိန်းပါ။ နယ်ကနေ မြို့ပေါ်တက်ပြတဲ့ လူနာတွေ နယ်မှာပဲ ဆက်ပြလို့ အဆင်ပြေမပြေ ဆရာဝန်နဲ့ တိုင်ပင်ပါ။ လူကိုယ်တိုင် ထွက်ရမယ့်အစား ဆရာဝန်နဲ့ အွန်လိုင်းကနေ ပြသနိုင်အောင် ပြင်ဆင်ပါ။
ဆေးရုံဆေးခန်း ဖုန်းနံပါတ်တွေ၊ အရေးပေါ်ဌာနတွေ၊ ဓာတ်ခွဲခန်း ဖုန်းနံပါတ်တွေ စတာတွေကို တစ်နေရာမှာ စုမှတ်ထားပါ။
- ဆေးဝါးတွေ အပိုဆောင်ပါ။
သွေးတိုး၊ ဆီးချိုသမားတွေ သောက်လက်စဆေးတွေကို ၂ပတ်စာကနေ ၁လစာအထိ ပိုဝယ်ထားပါ။ ဆေးပြတ်လို့မရတဲ့ HIV၊ အသည်းရောင် အသားဝါဘီပိုး၊ စီပိုးသမားတွေလည်း ဆေးပိုဝယ်ထားပါ။ တီဘီဆေးသောက်နေတဲ့သူတွေ ကိုယ်သောက်ဖို့ ကျန်တဲ့ လကို တွက်ပြီး ဆေးအပိုဆောင်ထားဖို့ တိုင်ပင်ပါ။
- ဆေးပစ္စည်းတွေလည်း ဆောင်ထားပါ။
ဆီးချိုရှိသူတွေအတွက် ဆီးချိုစက်၊ သွေးတိုးတတ်တဲ့သူအတွက် သွေးပေါင်ချိန်စက်၊ ပန်းနာရင်ကျပ်ရှိသူအတွက် ဂေါက် စသဖြင့် လိုတာတွေ ရှာထားပါ။ စက်တွေနဲ့ တွဲသုံးဖို့ ဓာတ်ခဲအပိုဝယ်ထားပါ။ ဒါ့ပြင် မျက်မှန်၊ အကြားအာရုံကိရိယာစတာတွေလည်း အပိုဆောင်ထားပါ။ တစ်ခုခုပျက်စီးသွားရင် အပြင်ထွက်လုပ်ဖို့ မလွယ်ပါ။
- အရေးပေါ် ဆေးအိတ်ပြင်ထားပါ။
အကြောင်းကြောင်းကြောင့် အိုးအိမ်ကို စွန့်ပြီး ပြေးရမယ်ဆို အရေးပေါ် ဆေးအိတ်ကို တစ်ပါတည်း ထည့်သွားဖို့ လိုပါတယ်။ အရေးပေါ် ဆေးအိတ် ပြင်နည်းကို ဒီမှာ ဖတ်ပါ။
ဆေးအိတ်မှာပါတဲ့ ဆေးတွေကို အိမ်မှာ ထပ်ဆောင်ထားပါ။ အိမ်မှာ နေတုန်း အပရိက ဖျားနာတာ၊ ထိခိုက်ဒဏ်ရာရတာတွေအတွက် သုံးလို့ရပါတယ်။
- သားဆက်ခြားဖို့ မမေ့ပါနဲ့။
အရေးပေါ်ကာလမှာ မတော်တဆ ကိုယ်ဝန်ရသွားရင် လုပ်ရကိုင်ရ ခက်ပါတယ်။ တားဆေးသောက်တဲ့သူက ဆေးကတ်အပို ဆောင်ထားပါ။ ကွန်ဒုံး၊ အရေးပေါ်သန္ဓေတားဆေး ဆောင်ထားပါ။ ဆေးသောက်ဖို့ မေ့သွားတာဖြစ်ဖြစ်၊ ဆေးကတ်ကုန်သွားတာ ဖြစ်ဖြစ် ဖြေရှင်းလို့ရပါတယ်။ လိုအပ်ရင် ကြာကြာခံမယ့် သန္ဓေတားနည်းလမ်း (လက်မောင်းအောက် ပစ္စည်းထည့်၊ သားအိမ်ထဲ ပစ္စည်းထည့်)ကို ပြောင်းသုံးပါ။
- ကိုယ်ဝန်ဆောင်တွေ ဂရုစိုက်ပါ။
လနုတဲ့ ကိုယ်ဝန်ဆောင်တွေ ရက်ချိန်းကို ဆရာဝန်နဲ့ ညှိပါ။ လရင့်ပြီး မွေးခါနီး ကိုယ်ဝန်ဆောင်တွေ မွေးမယ့်နေရာ ကြိုရှာထားပါ။ ညဉ့်နက်သန်းခေါင်လည်း မွေးနိုင်တဲ့အတွက် သွားဖို့ လာဖို့ ကြိုပြင်ထားပါ။
- ကလေးတွေကို ဂရုစိုက်ပါ။
ကာကွယ်ဆေးတွေနဲ့ ပတ်သက်ပြီး ဆရာဝန်နဲ့ ပြန်တိုင်ပင်ပါ။ တချို့ကာကွယ်ဆေးတွေက ရက်ကျော်လို့ ရပါတယ်။ နောက်မှ ပြန်ထိုးလို့ရပါတယ်။ အပြင်ထွက်ဖို့ အဆင်မပြေသေးရင် မထိုးပါနဲ့ဦး။ ကလေးသောက်လေ့ရှိတဲ့ ဆေးဝါးတွေ၊ အာဟာရမှုန့်တွေ အပိုဆောင်ထားပါ။
- ကိုဗစ်ကို မမေ့ပါနဲ့။
အချိန်ရှိတုန်း စိတ်ချရတဲ့ ကာကွယ်ဆေး ရနိုင်မယ်ဆို ထိုးထားပါ။ အိုးအိမ်ကို စွန့်ပြီး ပြေးရလို့ လူစုလူဝေးနဲ့ နေရတဲ့အခါ ရောဂါကူးနိုင်ခြေ များပါတယ်။ စုနေရတဲ့အတွက် တခြားရောဂါတွေလည်း ကူးစက်နိုင်ခြေ ရှိပါတယ်။ လက်သန့်ဆေးရည်၊ နှာခေါင်းစည်း စတာတွေ ဆောင်ထားပါ။
- ကိုယ့်ရောဂါနဲ့ ပတ်သက်တဲ့ အရေးပေါ် အခြေအနေကို သိအောင် လုပ်ထားပါ။
ဥပမာ ဆီးချိုရှိတဲ့ လူနာတစ်ယောက် ဆီးချိုကျသွားရင် အရေးပေါ်အနေနဲ့ အိမ်မှာ ဘာလုပ်လို့ရမလဲဆိုတာ ကြိုပြီး လေ့လာထားပါ။ နေမကောင်း ဖြစ်တိုင်း ဆေးခန်းကို လွယ်လွယ်သွားလို့ရချင်မှ ရမှာပါ။ ကိုယ့်ကိုယ်ကို စောင့်ရှောက်တတ်ဖို့၊ ဘယ်လိုအခြေအနေက အရေးပေါ်၊ ဆေးရုံကို သွားကို သွားရမယ်ဆိုတာကို ကြိုပြီး လေ့လာထားပါ။
- သာမန်ရောဂါတွေကို ဖြေရှင်းနိုင်အောင် လေ့ကျင့်ထားပါ။
အပရိက ဖျားနာ၊ ခေါင်းကိုက်ကစလို့ ထိခိုက်ဒဏ်ရာတွေအထိ ရှေးဦးသူနာပြုစုနည်းတွေ၊ သောက်ရမယ့် ဆေးဝါးတွေကို လေ့လာထားပါ။ ဆရာဝန်ညွှန်မှ သောက်ရမယ့် ပိုးသတ်ဆေးတို့၊ စတီးရွိုက်တို့ကလွဲပြီး ကျန်တဲ့ ဆေးစာမလို ဝယ်လို့ရတဲ့ ဆေးတွေ (Over the counter medicine)ကို သုံးတတ်အောင် ရှာထားပါ။ တစ်နေရာမှာ တစ်စုတစ်စည်းတည်း မှတ်ထားပါ။
- မျှဝေပါ။
ဆေးစာမလို ဝယ်လို့ရတဲ့ ဆေးတွေ (Over the counter medicine)ကို သူများနဲ့ မျှဝေသုံးစွဲနိုင်ပါတယ်။ ဘေးအိမ်က ဖျားလို့ ပါရာစီတမောလေး ကမ်းလိုက်တာ၊ သွေးတိုးနေလား မသိလို့ သွေးပေါင်ချိန်စက်လေး ငှားလိုက်တာ စသဖြင့် အချင်းချင်း မျှဝေပါ။ ဒါကလွဲပြီး ကျန်တဲ့ သမားကိုင်ဆေးတွေ (ဆီးချိုဆေး၊ သွေးတိုးကျဆေး)ကို မျှဝေတာမျိုး မလုပ်ပါနဲ့။ တစ်ခုခု မတည့်တာမျိုး ဖြစ်လာခဲ့ရင် သွားစရာ ဆေးရုံ ဆေးခန်း မလွယ်ပါ။
အရေးပေါ်ကာလ ဖြစ်နေစဉ်နဲ့ ဖြစ်အပြီးမှာ ပုံမှန်အတိုင်း ကျန်းမာရေး စောင့်ရှောက်မှုရဖို့ မလွယ်ပါဘူး။ ဒါကြောင့် ကိုယ့်ကိုယ်ကို ကျန်းမာအောင်နေပါ။ ကိုယ့်ကိုယ်ကို ဂရုစိုက်တတ်အောင် ကြိုးစားပါလို့ အကြံပေးချင်ပါတယ်။
[embed-health-tool-bmi]