အခုနှစ်ပိုင်းတွေမှာ လိင်အကြမ်းဖက်ခံ ရတာကို မကြာခဏကြားနေရပါတယ်။ ကလေးတွေရော၊ သက်ကြီးရွယ်အိုတွေရော၊ ယောက်ျားလေး၊ မိန်းကလေးတွေရော ကြားနေရတာပါ။ ဒီကိစ္စက မဖြစ်ရင်ကောင်းပါတယ်။ ဖြစ်လာရင် နောက်ဆက်တွဲဆိုးကျိုးတွေ မြန်မြန်ဆန်ဆန်ကာကွယ်နိုင်မှသာ ပြုကျင့်ခံရသူ (victim)က နှစ်ခါ မနစ်နာမှာပါ။ ဒီမှာတော့ လိင်အကြမ်းဖက်ခံရပြီးနောက် လုပ်ရမယ့်အချက်တွေကို ကျန်းမာရေးရှုထောင့်ကေန ပြောပြသွားမှာပါ။
(၁) ကိုယ်တွင်းကိုယ်ပဒဏ်ရာများ
အဓမ္မကျင့်ခံရတာကို သိသိချင်း အရင်ဆုံးလုပ်ရမှာက ဆေးရုံကို သွားဖို့ပါ။ ရေမချိုးပါနဲ့။ ဆေးရုံကိုတန်းသွားပါ။ ဒါမှ အမှုဖွင့်ဖို့ လိုအပ်တဲ့ သက်သေ (သုတ်ရည်)စတာတွေကို စုဆောင်းနိုင်မှာပါ။ နောက်တစ်ခုက ဒဏ်ရာပါ။ ခြိမ်းခြောက်ခံထားရလို့ဖြစ်ဖြစ်၊ ရုန်းကန်ထားလို့ဖြစ်ဖြစ် ပွန်းပဲ့ရာ၊ အညိုအမည်းစွဲရာ၊ အခြားဒဏ်ရာတွေရှိနိုင်ပါတယ်။ ဒါပြင့် မိန်းမကိုယ်စုတ်ပြဲတာ၊ စအိုစုတ်ပြဲပြီး အူအတွင်းပိုင်းထိ ဒဏ်ရာရတာ၊ သွေးထွက်လွန်တာတွေ ရှိနိုင်ပါတယ်။ လိုအပ်ရင် ခွဲစိတ်ကုသရတာတွေလုပ်ရမှာပါ။ နောက်ကျသွားရင် ပိုးဝင်တာ၊ အသက်အန္တရာယ်ရှိတာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် သိသိချင်း ဆေးရုံကိုသွားပြီး ဆေးကုသမှုခံယူပါ။
(၂) ကိုယ်ဝန်တားခြင်း
လိင်အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေ နောက်ထပ်စိုးရိမ်ရမှာက ကိုယ်ဝန်ကိစ္စပါ။ မြန်မာပြည်မှာ လိင်အကြမ်းမှုကြောင့် ရလာတဲ့ ကိုယ်ဝန်ကို တရားဝင်ဖျက်ချခွင့်မပြုသေးပါဘူး။ ဒါကြောင့် ကိုယ်ဝန်ကို ကြိုတားရမှာပါ။ မတားနိုင်တဲ့အခါ အသက်ငယ်ငယ်လေးနဲ့ ကိုယ်ဝန်ဆောင်ရတာ၊မလိုချင်တဲ့ ကိုယ်ဝန်ဖြစ်တဲ့အတွက် မွေးပြီးတဲ့အခါ ကလေးစွန့်ပစ်တာ၊ ကိုယ်ဝန်မလိုချင်လို့ ဖျက်ချတဲ့အခါမှာလည်း နောက်ဆက်တွဲဆိုးကျိုးတွေ ခံစားရတာ စတာတွေ ရှိလာနိုင်ပါတယ်။
ဒါကြောင့် အရေးပေါ်တားဆေးသုံးရမှာပါ။ စောစောသုံးနိုင်လေ ပိုထိရောက်လေပါ။ ဖြစ်ဖြစ်ချင်းကနေ ငါးရက်အတွင်း သောက်နိုင်ပါတယ်။ ငါးရက်ကျော်သွားရင်တော့ ဆေးသောက်လို့ အကျိုးမရှိတော့ပါဘူး။ ဒါဆိုရင်တော့ ရာသီပေါ်မပေါ်စောင့်ကြည့်ရတော့မှာပါ။ အရေးပေါ်တားဆေးကတော့ တစ်လုံးဆေးရှိသလို၊နှစ်လုံးဆေးလည်းရှိပါတယ်။ ဆရာဝန်နဲ့ တိုင်ပင်ပြီး သောက်ပါ။
(၃) လိင်မှတဆင့်ကူးစက်တတ်သော ရောဂါများ
လိင်အကြမ်းဖက်သူကနေ တိုက်ရိုက်ကူးစက်တာပါ။ အဖြစ်များတဲ့ ရောဂါတွေကတော့
-Chlamydia
-ဆီးပူညောင်းကျ /ဂနိုရောဂါ
-Trichomoniasisတို့ပဲ ဖြစ်ပါတယ်။
ဒါတွေနဲ့ ပတ်သတ်လို့ ကူးစက်ထားခြင်း ရှိမရှိ ဆေးစစ်ချက်တွေ ပြုလုပ်ရမှာပါ။ လိုအပ်ရင်တော့ ပိုးသတ်ဆေးကြိုသောက်တာမျိုးတွေ လုပ်ရပါမယ်။
(၄) HIV
နောက်တစ်ခုကတော့ HIVပါ။ HIVရဲ့ လိင်ကတဆင့်ကူးစက်နှုန်းက မိန်းမကိုယ်ကနေဆိုရင် ၀.၁ရာခိုင်နှုန်း၊ စအိုကနေဆိုရင် ၂ရာခိုင်နှုန်းပါ။ ဖြစ်နှုန်းနည်းတယ်ဆိုပေမယ့် ဖြစ်လာရင် မကောင်းပါဘူး။ ဒီ့အတွက် post exposure prophylaxis (PEP)ဆိုပြီး ရောဂါပိုးနဲ့ ထိတွေ့ပြီးနောက် ကာကွယ်ခြင်းဆိုတဲ့ နည်းလမ်းတစ်ခုရှိပါတယ်။ ဒါမတိုင်ခင် အရင်ဆုံး နှစ်သိမ့်ဆွေးနွေးပညာပေးတာတွေ၊ ဆေးစစ်တာတွေလုပ်ရမှာပါ။ ဖြစ်လာနိုင်တဲ့ အခြေအနေတွေကို သေသေချာချာရှင်းပြပြီး PEPကုသမှု ခံမခံကိုတော့ လူနာကပဲ ဆုံးဖြတ်ရမှာပါ။
(၅) အသည်းရောင်အသားဝါဘီပိုး
လိင်အကြမ်းဖက်မှုခံရပြီးနောက် ကူးစက်နိုင်တဲ့ရောဂါထဲမှာ အသည်းရောင်အသားဝါဘီပိုးလည်း ပါပါတယ်။ ဒါကြောင့် ကာကွယ်ဆေးမထိုးရသေးတဲ့သူဆိုရင် ထိုးဖို့လိုပါတယ်။ လိုအပ်ရင် hepatitis B immune globulin လို့ခေါ်တဲ့ ဆေးပါထိုးရပါမယ်။
(၆) စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်ဆွေးနွေးခြင်း
လိင်အကြမ်းဖက်ခံရသူတွေက အချိန်တော်တော်ကြာအောင် ဒါနဲ့ ပတ်သတ်ပြီး စိတ်ထဲမှာ ခံစားနေတတ်ပါတယ်။ ဒီလိုဖြစ်ရတာ သူ့ကြောင့်၊ သူအနေအထိုင်မတတ်လို့ဆိုပြီး ကိုယ့်ကိုယ်ကို အပြစ်တင်တတ်ပါတယ်။ ပတ်ဝန်းကျင်က ဖိအားပေးရင် ပိုဆိုးပါတယ်။ ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်တာ၊ စိတ်ပိုင်းဆိုင်ရာ ရောဂါတွေ ဖြစ်တတ်ပါတယ်။
ဒါကြောင့် စိတ်ကျန်းမာရေးအထူးကုနဲ့ ပြသပြီး နှစ်သိမ့်ဆွေးနွေးပြီး လိုအပ်တဲ့ ကုသမှုတွေ ခံယူရမှာပါ။ သူပြောတာကို စိတ်ရှည်ရှည်နားထောင်ပေးပါ။ ဒီလိုဖြစ်ရတာ သူ့ကြောင့်မဟုတ်ကြောင်း ရှင်းပြပေးပါ။ နှစ်သိမ့်ဆွေးနွေးတာအပြင် မိသားစုရဲ့ အားပေးမှု၊ ပတ်ဝန်းကျင်ရဲ့ ဖေးမမှုလည်းလိုပါတယ်။ တစ်ယောက်တည်း ပစ်မထားပါနဲ့။ အပြစ်သူတစ်ယောက်လိုမဟုတ်ဘဲ ရှေ့ဆက်ပြီး သာမန်လူအတိုင်း နေနိုင်အောင် ဝိုင်းပြီးကူညီပေးကြရပါမယ်။
[embed-health-tool-bmi]