ဆေးခန်းအများစုတွင် ထိုးပေးနေသည့် အကြောဆေး ဆိုသည်မှာ ခန္ဓာကိုယ် သွေးကြောထဲသို့ ဂလူးကို့စ်ဓာတ်၊ ဗီတာမင် B အုပ်စု ( များသောအားဖြင့် B1, B6, B12 )၊ ဗီတာမင် C တို့ကို ရောစပ်၍ ဖြစ်စေ၊ အသားဓာတ်အားဆေး ( ဥပမာ – မိုရီယာမင်) ဖြစ်စေ ထိုးသွင်းပေးခြင်းဖြစ်သည်။
အဓိကအားဖြင့် ပါးစပ်မှမစားနိုင်တော့သော သက်ကြီးရွယ်အိုများ ၊ အစာချေဖျက်စုပ်ယူမှုအားနည်းသည့် ရောဂါသည်များ၊ နာတာရှည်ရောဂါသည်များ၊ နလန်ထလူမမာများနှင့် ရုတ်တရက် သွေးတွင်းအချိုဓာတ်ကျနေသော (သို့) သွေးပေါင်ကျနေသော လူနာများအတွက်သာ ထိုးပေးရန် လိုအပ်လေ့ရှိသည်။ ခန္ဓာကိုယ်တွင်း အာဟာရဖြည့်တင်းခြင်းကို ပုံမှန်လုပ်နေနိုင်သည့် သူတစ်ယောက်အဖို့ အကြောဆေးသွင်းစရာ မလိုပါ။ အကြောဆေးသွင်းသည့်အတိုင်း အာနိသင်လည်းရ အန္တရာယ်လည်းကင်းအောင် မည်သို့စားသောက်ရမည် ဆိုသည်ကိုသာ သိရန်လိုပါသည်။ ဒီတော့ အကြောဆေးမလိုအောင် ဘာကိုဆောင်မလဲ ဆိုတာ ကြည့်လိုက်ရအောင်နော်။
အကြောဆေးမလိုအောင် ဘာကိုဆောင်မလဲ
အကြောဆေးမလိုအောင် ဘာကိုဆောင်မလဲ ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်လား။
သဘာဝ အသားဓာတ် ရရန် “အသားစားရမှာ စျေးကြီးတယ်” ဟု ဆင်ခြေပေးကြသူများကို သိစေချင်သည်မှာ အသားစားမှ အသားဓာတ်ရသည်မဟုတ်ပါ။ ပဲ၊ မှိုနှင့် အချို့သော အသီးအရွက်များတွင်လည်း အသားဓာတ်ပါပါသည်။ မကြာသေးမီက ပြုလုပ်ထားသော သုတေသနများအရ ဒန့်သလွန်သည်လည်း အမျှင်ဓာတ် နှင့် အသားဓာတ် အကြွယ်ဝဆုံး ဟင်းသီးဟင်းရွက်တစ်မျိုး ဖြစ်ကြောင်းသိရသည်။ အရွက်ကိုပဲ ချက်စားစား၊ အသီးကိုပဲ ချက်စားစား အဆင်ပြေသည်။ အကယ်၍ အသားမဝယ်နိုင်လျှင်လည်း အရိုးဝယ်ပြီး အရိုးပြုတ်ရည် လုပ်သောက်၍ ရသေးသည်။
သဘာဝ အချိုဓာတ် ပါသော အသီးအနှံများကို ဖျော်ရည်လုပ် သောက်ပေးသင့်သည်။ အုန်းစိမ်းရည် ၊ ကြံရည် သန့်သန့် ၊ ပဲနို့ရည် ၊ ပြောင်းနို့ရည်၊ ဖရဲသီး၊ ငှက်ပျောသီး၊ သင်္ဘောသီး၊ နာနတ်သီး၊ ရှောက်ချိုသီး စသည်တို့မှာ စျေးတော်သဖြင့် အကုန်အကျသက်သာနိုင်သည်။ အသီးအနှံဖျော်ရည် ဖျော်ရာတွင် အရသကောင်းအောင် သကြားအလွန်အကျွံ မသုံးဘဲ ပင်ကိုအချိုဓာတ်အတိုင်း သောက်ပေးနိုင်လျှင်ပိုကောင်းသည်။
အကြောဆေးမှာပါသည့် သက်စောင့်ဓာတ် အမျိုးအစားများကို ဟင်းသီးဟင်းရွက် သစ်သီးဝလံများတွင် အများဆုံးတွေ့ရနိုင်သည်။ ဗီတာမင် B12 တစ်မျိုးသာ အသီးအရွက်များတွင် မပါဘဲ သားငါးမှ ရသည်။
- Vitamin B1 ကြွယ်ဝသည့် သဘာဝအစားအစာ များမှာ
ဆန်လုံးညို၊ ဂျုံကြမ်း၊ အစေ့အဆန်များ( ဗာဒံစေ့၊ ဖရုံစေ့၊ ကွာစေ့၊ သီဟိုဠ်စေ့ စသည်)၊ ကညွှတ်၊ အာလူး၊ ပန်းဂေါ်ဖီ၊ လိမ္မော်သီး၊ အမဲသား၊ အသည်း၊ တူနာငါး၊ ဥအမျိုးမျိုး တို့ဖြစ်သည်။
- Vitamin B6 ကြွယ်ဝသည့် သဘာဝအစားအစာ များမှာ
တို့ဖူး၊ ကန်စွန်းဥ၊ အာလူး၊ ငှက်ပျောသီး၊ ထောပတ်သီး၊ ကြက်သား၊ ကြက်ဆင်သား၊ ဝက်သား၊ ငါး၊ ပဲနို့ တို့ဖြစ်သည်။
- Vitamin B12 ကြွယ်ဝသည့် သဘာဝအစားအစာ များမှာ
အဓိက အားဖြင့် ဆာဒင်းငါး၊ အမဲသား၊ ကလီစာ၊ ပင်လယ်သတ္တဝါများ၊ နို့/ နို့ထွက်ပစ္စည်းနဲ့ ပဲအမျိုးမျိုးတို့ ဖြစ်သည်။
- Vitamin C ကြွယ်ဝသည့် သဘာဝအစားအစာ များမှာ
ပန်းငရုတ်ပွ၊ ကီဝီသီး၊ မာလကာသီး၊ ပန်းဂေါ်ဖီစိမ်း၊ ဟင်းနုနွယ်၊ ဂေါ်ဖီထုတ်၊ ခရမ်းချဉ်သီး တို့ဖြစ်သည်။
တကယ့် တကယ် သက်စောင့်ဓာတ် ဆိုသည်မှာ ယခုခေတ် အကြောဆေးမှာပါသည့် ဓာတ်တွေအပြင် အမျိုးအစားအများကြီး ရှိသေးသည်။ ( ခန္ဓာကိုယ်အတွက်လိုအပ်သည့် သက်စောင့်ဓာတ်အမျိုးမျိုး နှင့် သတ္တုဓာတ်များ အကြောင်းကို သပ်သပ် ဖော်ပြပေးပါဦးမည်။)
အကြောဆေးသည် ထိုးတုန်း ခဏသာ လန်းဆန်းသွားသကဲ့သို့ ခံစားရသော်လည်း ပုံမှန်အစားအသောက်မှရသော သက်စောင့်ဓာတ်များက ရေရှည်တွင် ပို၍ အကျိုးများသည်။ ပါးစပ်က စားပေးခြင်းသည် ခန္ဓာကိုယ်အတွက် ပိုထိရောက်သည်ဆိုသည့် သုတေသနအဆိုများလည်း ရှိသည်။
ဥပမာ ဗီတာမင် C ဆိုလျှင် အကြောဆေးမှတစ်ဆင့် သွင်းလျှင် ခန္ဓာကိုယ်ထဲသို့ ၁၂% သာရောက်နိုင်သော်လည်း အစားအစာမှတစ်ဆင့် ဆိုလျှင် ၄၀% ထိပင် ရနိုင်သည်။
ဗီတာမင် B12 ဆိုလျှင် ထိုးဆေးအနေနှင့် ၄-၂၇% သာရသော်လည်း အစားအစာမှတစ်ဆင့် ဆိုလျှင် ၇၃%-၉၆% ထိရသည်။ အကြောဆေးမှတစ်ဆင့် သွေးထဲသို့ တိုက်ရိုက်ရောက်လျှင် မိနစ် ၃၀ အတွင်း အာနိသင်ပြနိုင်ပြီး ပါးစပ်က စားလျှင် အာနိသင်ပြနိုင်ရန် ၅-၁၂ နာရီ အထိ ကြာမြင့်နိုင်သည်။ ထို့ကြောင့်ပင် လူတွေက အာနိသင် အမြန်ပြသည့် နည်းကို စွဲလမ်းနေကြခြင်း ဖြစ်သည်။ ဖြည်းပေမယ့် ပိုထိရောက်သည့် နည်းကို စိတ်ရှည်ရှည်နှင့် လိုက်နာနိုင်လျှင် မိမိအတွက် ပိုအကျိုးရှိသည်။ လက်ဖက်ကောင်းကောင်းစားချင်လျှင် ပလောင်တောင်တက်နှေးရသည်လေ။
အကြောဆေးကို မလိုအပ်ဘဲ ခဏခဏထိုးလျှင် ကိုယ်တွင်း ဓာတ်ဆားနှင့် သတ္တုဓာတ်တွေ ကမောက်ကမ ဖြစ်ပြီး ရောဂါ ပိုလာနိုင်သည်။ မိမိမှာ ရောဂါအခံ တစ်ခုခု ရှိနေလျှင် ပိုဆိုးတတ်သည်။ ဥပမာ ဆီးချိုသမား အကြောဆေးထိုးမိလျှင် ဆေးမှာပါသည့် ဂလူးကို့စ်ဓာတ်ကြောင့် ဆီးချိုရောဂါ ပိုဆိုးလာနိုင်ပြီး ထိန်းရခက်လာတတ်သည်။
ဘေးအန္တရာယ်ကို သဘောပေါက်လွယ်ကြပြီး မိမိကိုယ်ကို စောင့်ရှောက်နိုင်ကြစေရန် ရည်ရွယ်လျက်။
ရေးသားသူ – ဒေါက်တာနှင်းနုအေး
[embed-health-tool-bmi]