backup og meta

အပူရှိန် သေချာ မကုန်သေးတဲ့ မုတ်သုံဝင်စမှာ ချစ်ရတဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေကို ဘယ်လို ဂရုစိုက်ပေးရမလဲ!

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 06/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အပူရှိန် သေချာ မကုန်သေးတဲ့ မုတ်သုံဝင်စမှာ ချစ်ရတဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေကို ဘယ်လို ဂရုစိုက်ပေးရမလဲ!

    နွေရဲ့အပူပြင်းဆုံးရက်တွေကို ကျော်ဖြတ်ချိန်မှာ အရိပ်တကြည့်ကြည့်နဲ့ အချစ်တော်လေးတွေကို စောင့်ကြည့်ရင်း တစ်ရက်လေးမှာ စိတ်မအေးခဲ့ရတဲ့ ခံစားချက်ကို ချစ်မဝတဲ့ ပါပီလေးတွေ ပူစီညောင်လေးတွေကို ပိုင်ဆိုင်ထားတဲ့ ဖေဖေမေမေတိုင်း သိကြမယ်ထင်ပါတယ်နော်။ ဒါပေမယ့် အခုရက်ပိုင်းတော့ မုန်တိုင်းနဲ့အတူ မုတ်သုံစဝင်လာပြီဖြစ်တာကြောင့် မိုးလေး တဖြောက်ဖြောက် ရွာလာခဲ့ပြီဆိုပေမယ့် တစ်နွေလုံး ပူတဲ့ အပူရှိန်တွေ ကုန်လောက်တဲ့အထိတော့ မရွာသေးပါဘူး။ အခုကာလက မုတ်သုံဆိုပေမယ့် အပူရှိန် သေချာ မကုန်သေးတဲ့ မုတ်သုံလို့ပဲ ဆိုရပါမယ်။ ဒါကြောင့် အခုချိန်မှာလည်း အချစ်တော်လေးတွေကို အရိပ်တကြည့်ကြည့် စောင့်ရှောက်မှုကို လျှော့လိုက်လို့ မရသေးပါဘူးနော်။ ဒီတော့ အပူရှိန် သေချာ မကုန်သေးတဲ့ မုတ်သုံဝင်စမှာ ချစ်ရတဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေကို ဘယ်လို ဂရုစိုက်ပေးရမလဲ! ဆိုတာကို ပြောပြပေးချင်ပါတယ်။

    အပူရှိန် သေချာ မကုန်သေးတဲ့ မုတ်သုံဝင်စမှာ ချစ်ရတဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေကို ဘယ်လို ဂရုစိုက်ပေးရမလဲ!

    မုတ်သုံကို စဝင်နေပြီဆိုပေမယ့် အပူရှိန်ကလည်း သေချာ မကုန်သေးတာကြောင့် ဒီကာလမှာ ချစ်ရတဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေကို အပူဒဏ်ကြောင့် ထိခိုက်မှု မရှိစေဖို့ရော မုတ်သုံပြဿနာတွေ ဖြစ်တဲ့ အရေပြားဓာတ်မတည့်တာ၊ ပိုးဝင်ကူးစက်မှုတွေနဲ့ ကပ်ပါးပိုး  အန္တရာယ်တွေအပါအဝင် အမျိုးမျိုးသော ကျန်းမာရေး ပြဿနာတွေကနေ ကာကွယ်ပေးဖို့ လိုမှာပါ။ အရေပြားမှာ ချွေးဂလင်းနည်းကြတဲ့ ကြောင်လေးတွေ ခွေးလေးတွေကို ကိုယ်တွင်းအပူချိန် မြင့်တက်မှု အန္တရာယ်ကနေ ကာကွယ်ဖို့လည်း  လိုဦးမှာပါ။ 

    ဒါကြောင့် အပူရှိန် သေချာ မကုန်သေးတဲ့ မုတ်သုံဝင်စမှာ ချစ်ရတဲ့ အချစ်တော်လေးတွေ ကျန်းမာနေစေဖို့ဆိုရင် အခုပြောပြမယ့် အချက်လေးတွေကို လိုက်နာဖို့ လိုပါမယ်။

    • အပူလျှပ်နိုင်မယ့် အခြေအနေတွေကို  ရှောင်ပါ

    မုတ်သုံစဝင်ပြီ ဆိုပေမယ့် အပူရှိန်က လုံးဝမလျော့ သွားသေးသလို လေထုထဲမှာ စိုထိုင်းဆ များနေခြင်းက ခွေးလေး၊ ကြောင်လေးတွေကို အပူလျှပ်တာမျိုး ဖြစ်စေနိုင်ပါသေးတယ်။ ဒါကြောင့် ခွေးလေး၊ ကြောင်လေးတွေကို အရိပ်ရပြီး လေဝင်လေထွက်ကောင်းတဲ့ နေရာမှာ နေစေပါ။ နောက်တစ်ခုက သန့်ရှင်းတဲ့ ရေကို လုံလုံလောက်လောက် တိုက်ပေးပါ။ အပူလျှပ်တဲ့ လက္ခဏာတွေ ရှိလားဆိုတာကို အမြဲမပြတ် စောင့်ကြည့်ပါ။ နေပူချိန်မှာ အပြင်ထွက်တာ၊ ပင်ပင်ပန်းပန်း လှုပ်ရှားမှုတွေ လုပ်ဆောင်တာမျိုးကို ရှောင်ပေးပါ။

    • သန်ချပါ

    မုတ်သုံစလာပြီဆိုရင် အချစ်တော်လေးတွေမှာ သန်ထတာ အပါအဝင် အမျိုးမျိုးသော ကပ်ပါးပိုး အန္တရာယ်တွေကို  ခံစားကြရပါတယ်။ ဒါကြောင့် အပူရှိန်လေး လျော့လာပြီ သူတို့လေးတွေအတွက် နေရထိုင်ရ အဆင်ပြေနိုင်တဲ့ ရာသီဥတု အခြေအနေမျိုး ရောက်လာပြီဆိုရင် ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီး သန်ချပေးပါ။ 

    • အမွေးလေးတွေကို သေချာ သန့်ရှင်းပေးပါ

    မုတ်သုံဝင်လာပြီဆိုရင် ခွေးလေးတွေ ကြောင်လေးတွေရဲ့ အမွေးတွေကို သေချာလေး သန့်စင်ပေးဖို့ လိုပါမယ်။ ဒါမှ အရေပြားမှာ ပိုးဝင်ကူးစက်နိုင်ခြေကို လျှော့ချပေးနိုင်မှာပါ။ စိုထိုင်းထိုင်း အခြေအနေက အမွေးတွေမှာ ဘက်တီးရီးယားတွေ တွယ်ငြိနိုင်ခြေ များတာကြောင့် သေချာလေး သန့်စင်ပေးဖို့ မမေ့ပါနဲ့ ဖေဖေမေမေတို့ရေ။ 

    • အပြင်ကပြန်လာတိုင်း အမွေးလေးတွေ ခြောက်သွေ့အောင် ထားပေးပါ

    နွေရာသီတုန်းက ဒီအချက်က အမှုမဲ့ အမှတ်မဲ့ ထားလိုက်လို့ရပေမယ့် မိုးစရွာလာချိန်မှာတော့ အပြင်က ပြန်လာတဲ့ မိုးရေချစ်သူ ပါပီလေးတွေနဲ့ မိုးရွာလည်း အပြင်သွားမြဲ သွားမှာပဲ ဆိုတဲ့ ပူစီညောင်လေးတွေကို စိုလာတဲ့ မိုးရေတွေကို သတိလေး ထားပြီး သုတ်ပေးပါ။ ဒါမှ အမွေးတွေမှာ ဘက်တီးရီးယားတွေ ကပ်ငြိပြီး ကျန်းမာရေး ထိခိုက်တာမျိုး  မဖြစ်စေမှာ ဖြစ်သလို အအေးမိနိုင်ခြေကနေလည်း ကာကွယ်ရာရောက်မှာပါ။ 

    • လက်ဖဝါးလေးတွေကို သန့်စင်ပေးပါ 

    ဒါကတော့ အထူးသဖြင့် ပါပီလေးတွေမှာပါ။ မိုးရွာရွာ မရွာရွာ သူတို့လေးတွေကို အပြင်ကနေ လမ်းလျှောက်ထွက်ပြီး ပြန်လာချိန်မှာ ခြေဖဝါးလေးတွေကို သန့်စင်ပေးပါ။ ဒါမှ ဖုန်မှုန့်တွေ အညစ်အကြေးတွေကြောင့် ဖျားနာတာတွေကို ကာကွယ်နိုင်မှာ ဖြစ်သလို မွှား၊ ကျွတ်စတာတွေ တွယ်တာကိုလည်း ကာကွယ်နိုင်မှာပါ။ ဖြစ်နိုင်ရင် ဂွမ်းစလေးမှာ အရက်ပြန်လေးစွတ်ပြီး ဆေးကြောပေးပါ။ 

    • ရေကျက်အေး တိုက်ပေးပါ 

    မုတ်သုံစဝင်ချိန်မှာ ပါပီလေးတွေ ပူစီညောင်လေးတွေကို ဝမ်းပျက်ဝမ်းလျှောတာ အပါအဝင် အမျိုးမျိုးသော မသန့်ရှင်းတဲ့ သောက်သုံးရေကနေတဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေကို  ကာကွယ်ဖို့ သောက်ရေခွက် သန့်သန့်လေးထဲမှာ အအေးခံထားတဲ့ ရေကျက်အေးလေးကို မပြတ်တမ်း ထည့်ထားပေးပါ။ သန့်ရှင်းမှုကိုလည်း သေချာလေး ဂရုစိုက်ပေးပါ။ 

    • ကာကွယ်ဆေး ထိုးပါ

    ကြောင်တုပ်ကွေး ဖြစ်တာ ခွေးတုပ်ကွေးဖြစ်တာ၊ ကျောက်ရောဂါ၊ သွေးဝမ်းစတာတွေက ဖြစ်လာရင် အချိန်မီ ကုသရခက်တာမျိုးတွေ ရှိနိုင်တာကြောင့် မဖြစ်ခင်က ကြိုတင် ကာကွယ်တဲ့အနေနဲ့ ကာကွယ်ဆေး ထိုးပေးပါ။ အိမ်မှာကိုယ်နဲ့ လက်ပွန်းတတီး မိသားစုဝင်သဖွယ်နေထိုင်နေကြတဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေကို တစ်နှစ်ကို  တစ်ကြိမ် ၅မျိုးစပ် ကာကွယ်ဆေး၊ ၆ မျိုးစပ် ကာကွယ်ဆေးတွေ အပါအဝင် ချွေးရုးပြန်ကာကွယ်ဆေး နဲ့ နှလုံးသန်ကာကွယ်ဆေးတွေကို ပုံမှန်လေး ထိုးနှံပေးပါ။ 

    • နားကို ပုံမှန်လေး စစ်ပေးပါ

    နားပိုးဝင်တာမျိုး မဖြစ်စေဖို့အတွက် နားကို ပုံမှန် ဂွမ်းလုံးလေးနဲ့ သန့်ရှင်းပေးတာမျိုး လုပ်ပေးပါ။ နားပိုးဝင်တာက ပြင်းထန်ရင် မလိုလားအပ်တဲ့ နောက်ဆက်တွဲ ပြဿနာတွေကို  ခံစားရစေနိုင်တာကြောင့်ပါ။ 

    • အမျှင်ဓာတ် ကြွယ်ဝတဲ့ အစားအစာလေးတွေကို ပြင်ဆင်ပေးပါ

    သူတို့လေးတွေကို အစာခြေစနစ် ကျန်းမာစေဖို့အတွက်ရော အဝလွန်တာတဲ့ ဝမ်းချုပ်မှုတွေ၊ သန်ထတာတွေကို ကာကွယ်ဖို့အတွက် နေ့စဉ် စားသုံးမှုမှာ ကျောက်ဖရုံသီး၊ ရွှေဖရုံသီး၊ မုန်လာဥနီ၊ ကန်စွန်းဥ၊ တရုတ်နံနံ စတာတွေကို ထည့်သွင်းပြင်ဆင်ပေးပါ။ 

    • အပြုအမူ ပြောင်းလဲတာမျိုး ရှိလား ဂရုစိုက်ပေးပါ

    ခွေးလေးတွေ ကြောင်လေးတွေက အစားအသောက် ပြောင်းသွားတာမျိုး  ရှိလား။ အန်နေတာမျိုး၊ အရေပြားမှာ အဖုအပိမ့်ထွက်တာမျိုး၊ အစားမစားတော့တာမျိုးတွေ ဖြစ်မယ်ဆိုရင် အမြန်ဆုံး ဆရာဝန်နဲ့ သွားရောက်ပြသဖို့ လိုပါမယ်။ 

    ကဲ ….. အခုပြောပြခဲ့တဲ့ အချက်လေးတွေကို လိုက်နာလို့ အချစ်တော်လေးတွေနဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ မုတ်သုံကာလလေးကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆန္ဒပြုလိုက်ရပါတယ်။ 

    # အမှာစကား

    မုတ်သုံစဝင်ချိန်မှာ ကြောင်လေးတွေ ခွေးလေးတွေကို သန်ချတာ၊ ကာကွယ်ဆေး ထိုးတာ၊ သောက်သုံးရေနဲ့ အစားအစာတွေ သန့်ရှင်းရေးကို သေချာ ဂရုစိုက်ပေးတာက သူတို့လေးတွေအတွက်ရော ကိုယ်တွေမိသားစုဝင်တွေကိုပါ ဂရုစိုက်ရာရောက်ပါတယ်။ ချစ်လို့မွေးထားတဲ့ အိမ်မွေးတိလေးတွေဆိုတာက ကိုယ်တွေရဲ့ မိသားစုဝင်လေးတွေပဲဖြစ်တာကြောင့် သေချာလေး ဂရုစိုက်ပေးတာက အကောင်းဆုံးပါ။ 

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 06/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement