backup og meta

အမိုနီယံ နိုက်ထရိတ်ဆိုတာ ဘာလဲ၊ ဘယ်လောက် အန္တရာယ်များသလဲ

အမိုနီယံ နိုက်ထရိတ်ဆိုတာ ဘာလဲ၊ ဘယ်လောက် အန္တရာယ်များသလဲ

ပြီးခဲ့တဲ့ သြဂုတ်လ ၄ ရက်နေ့တုန်းကပေါ့။ ပြင်းထန်တဲ့ မြည်ဟီးသံကြီးနဲ့အတူ ဘေရွတ်မြို့ရဲ့ ကောင်းကင်ယံမှာ ကြောက်မက်ဖွယ် မီးတောက်ကြီးက မှိုပွင့်ကြီးတစ်ခုလို အလိပ်လိုက်တက်လာတယ်။

အရှေ့-အနောက် ကမ္ဘာနှစ်ခုရဲ့ ယဉ်ကျေးမှုဆုံရပ်လို့ တင်စားခံခဲ့ရတဲ့ မြေထဲပင်လယ်ထဲက ဆိပ်ကမ်းမြို့လေးဟာ မျက်စိတစ်မှိတ်လျှပ်တစ်ပြက်ကာလအတွင်းမှာ အပျက်အစီးပုံတွေ အထပ်ထပ်နဲ့ တုန်လှုပ်ခြောက်ခြားဖွယ် အနိတ္ထာရုံအရပ်ဖြစ်သွားခဲ့တာပါ။

လူ ၂၂၀ ကျော်သေဆုံးပြီး၊ ၇၀၀၀ ကျော် ဒဏ်ရာရကာ၊ လူ သုံးသိန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်စေခဲ့တဲ့ ဒီပေါက်ကွဲမှုရဲ့ လက်သည်ဟာ အမိုနီယံ နိုက်ထရိတ် (Ammonium Nitrate) ဖြစ်တယ်လို့ လက်ဘနွန် အစိုးရက ကြေညာခဲ့ပါတယ်။

ဒေါ်လာ ၁၅ သန်းဖိုးလောက် ပျက်စီးဆုံးရှုံးစေခဲ့ပြီး အဓိက ကုန်သွယ်ရေးဆိပ်ကမ်းကို တစ်စစီဖြစ်သွားစေခဲ့တဲ့ တရားခံလို့ ဆိုရပါမယ်။ ပေါက်ကွဲမှုအားက ၁.၂ ကီလိုတန်လောက်အထိရှိခဲ့တာကိုး။

အမိုနီယံ နိုက်ထရိတ်ဆိုတာဘာလဲ

ဒေသအာဏာပိုင်တွေရဲ့ ထုတ်ပြန်ချက်တွေအရဆိုရင်တော့ ဆိပ်ကမ်းမှာဆိုက်ကပ်ထားတဲ့ သင်္ဘောတစ်စီးပေါ်က အမိုနီယံ နိုက်ထရိတ် ၂၇၅၀ တန်လောက် မီးလောင်ပြီး ပေါက်ကွဲခဲ့တာကနေစတင်ခဲ့တယ်လို့ ဆိုပါတယ်။

ပေါက်ကွဲမှုဟာ ဘယ်လောက်တောင် ပြင်းထန်သလဲဆိုရင် အမေရိကန် ဘူမိဗေဒ သုတေသနအဖွဲ့ရဲ့ လေ့လာချက်အရ အင်အား ရစ်ချတာစကေး ၃.၃ ပြင်းအားရှိတဲ့ ငလျင်ငယ်တစ်ခုလှုပ်ခတ်သွားတဲ့အထိပါပဲတဲ့။ အနီးနားပတ်ဝန်းကျင်က အစ္စရေး၊ ဆီးရီးယား၊ ဆိုက်ပရက်စ်၊ တူရကီနဲ့ ဥရောပ အရှေ့တောင်ဖျားစွန်းက တိုင်းပြည်တစ်ချို့အထိ ဒီ သက်ရောက်မှုကို ခံစားခဲ့ကြရပါတယ်။

ဒီလောက် အန္တရာယ်များတဲ့ အမိုနီယံ နိုက်ထရိတ်ဆိုတာ ဘယ်လိုအရာမျိုးလဲ သိချင်ကြမယ်ထင်ပါတယ်။ တကယ်တော့ အမိုနီယံ နိုက်ထရိတ်ဆိုတာ ဓာတုဗေဒပစ္စည်းတစ်မျိုးဖြစ်ပြီး အဖြူရောင်ခရစ္စတယ်မှုန်လေးတွေပါ။ ရေမှာပျော်ဝင်လွယ်သလို မီးလောင်လည်း လွယ်ပါတယ်။

အများဆုံးအသုံးပြုကြတာကတော့ ဓာတ်မြေသြဇာထုတ်လုပ်တဲ့နေရာတွေမှာပါပဲ။ စိုက်ပျိုးရေးကဏ္ဍအတွက် မရှိမဖြစ် ထုတ်ကုန်တစ်ခုလို့ အဆိုရှိကြပါတယ်။ နိုက်ထရိုဂျင်ဓာတ်ပါဝင်မှုမြင့်မားတဲ့ ဓာတ်မြေသြဇာတွေထုတ်လုပ်ရာမှာ အမိုနီယံ နိုက်ထရိတ်က မရှိမဖြစ်ပါပဲ။

ဒါ့အပြင် ဖောက်ခွဲရေးလက်နက်ခဲယမ်းပစ္စည်းတွေမှာလည်း ထည့်သွင်းအသုံးပြုသလို ကျောက်မိုင်းတွင်းတွေ၊ သတ္တုတူးဖော်ရေးလုပ်ငန်းတွေ၊ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာလည်း ဖောက်ခွဲရေးအတွက် အသုံးချကြပါသေးတယ်။

၂၀၁၇ ခုနှစ်က မှတ်တမ်းတွေအရ ကမ္ဘာပေါ်မှာ တစ်နှစ်ကို အမိုနီယံ နိုက်ထရိတ် တန်ချိန်ပေါင်း ၂၁.၆ သန်းလောက် ထုတ်လုပ်ပါတယ်တဲ့။ တန် ၃၀၀၀ နီးပါးပေါက်ကွဲတာတောင် ဒီလောက် ထိခိုက်တာဆိုတော့ ဘယ်လောက် အန္တရာယ်များလဲ စဉ်းစားသာ ကြည့်ပါတော့။

အမိုနီယံ နိုက်ထရိတ်ရဲ့ အန္တရာယ်

ဒီဒြပ်ပေါင်းဟာ ပေါက်ကွဲစေတာတစ်ခုတည်း လူတွေကို ထိခိုက်စေတာမဟုတ်ပါဘူး။ တခြားနည်းလမ်းတွေနဲ့လည်း ထိခိုက်စေနိုင်ပါတယ်။ ဒါပေမယ့် ဓာတ်မြေသြဇာတွေထဲမှာ ပမာဏနည်းပါးစွာပါဝင်နေတဲ့ အမိုနီယံ နိုက်ထရိတ်ကတော့ လူတွေကို မထိခိုက်စေနိုင်ဘူးလို့ ကျွမ်းကျင်သူတွေက ဆိုထားကြပါတယ်။

အမိုနီယံ နိုက်ထရိတ်ဟာ လူသားတွေအတွက် အကျိုးပြုနိုင်တာတွေများသလို ဘေးထွက်ဆိုးကျိုးလည်းများတဲ့ ဒြပ်ပေါင်းတစ်မျိုးလို့ ဆိုလို့ရပါတယ်။

များသောအားဖြင့် ပုံမှန်ထိတွေ့ကိုင်တွယ်တာဟာ ပြဿနာမဟုတ်ပေမယ့် မကြာခန ထိတွေ့ကိုင်တွယ်ရသူတွေ၊ လေထဲကနေတဆင့် ရှုရှိုက်နေမိသူတွေ၊ မတော်တဆ မျိုချမိသူတွေဆိုရင်တော့ ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုးတွေ ကြုံရတတ်ပါတယ်။

NORTECH သုတေသနဓာတ်ခွဲခန်းရဲ့ ထုတ်ပြန်ချက်တွေအရဆိုရင် ဒီလိုထိတွေ့ကိုက်တွယ်နေရသူတွေဟာ ကြာလာတာနဲ့အမျှ ချောင်းဆိုးတာလည်ချောင်းနာတာ၊ အသက်ရှူကျပ်တာ၊ မွန်းကျပ်တာ၊ ခေါင်းကိုက်တာ၊ ခေါင်းမူးတာ၊ ဗိုက်အောင့်တာ၊ အာရုံစူးစိုက်လို့မရတာ၊ အော့အန်တာ၊ နှလုံးနဲ့ သွေးလည်ပတ်မှုကို ထိခိုက်စေတာ၊ သွေးဝမ်းသွားတာ၊ ရုတ်တရက် အားအင်ကုန်ခမ်းတာ၊ အကြောဆွဲတာတွေ ကြုံရနိုင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အေးခဲထားတဲ့ အမိုနီယံ နိုက်ထရိတ်ကို မျိုချမိမယ်ဆိုရင် အဆိပ်သင့်တဲ့ဝေဒနာခံစားရနိုင်ပါတဲ့အပြင် ဝမ်းလျှောတာ၊ အော့အန်တာ၊ ဗိုက်အောင့်တာတွေလိုမျိုး လက္ခဏာတွေလည်း ဖြစ်ပေါ်လာနိုင်ပါသေးတယ်။

လန်ဒန်တက္ကသိုလ်က ဓာတုဗေဒ ပါမောက္ခတစ်ဦးဖြစ်တဲ့ အန်ဒရီယာ ဆယ်လာရဲ့ အဆိုအရ အမိုနီယံ နိုက်ထရိတ်က လူတွေကို အန္တရာယ်အများဆုံးဖြစ်စေတဲ့အချက်ဟာ မီးလောင်ကျွမ်းစေနိုင်တာဖြစ်တယ်လို့ဆိုထားပါတယ်။

အချိန်ကြာမြင့်စွာ သိုမှီးထားခြင်းဟာ မီးလောင်မှုဖြစ်စေဖို့ အချိန်ပေးထားသလိုဖြစ်စေနိုင်တာမို့ သတိထားရလိမ့်မယ်လို့ ဆိုထားပါတယ်။

နောက်ထပ် အရေးကြီးတဲ့ သတိထားစရာအချက်ကတော့ ဘေရွတ်ပေါက်ကွဲမှုမှာ သေဆုံးခဲ့သူတစ်ချို့ဟာ ပေါက်ကွဲမှုကြောင့် ထိခိုက်မိလို့မဟုတ်ပဲ အဆိပ်ဓာတ်ငွေ့တွေ ရှုရှိုက်မိတာကြောင့်ဆိုတာပါပဲ။

အမိုနီယံ နိုက်ထရိတ် မီးလောင်ပေါက်ကွဲတဲ့အခါမျိုးမှာ နိုက်ထရိုဂျင်အောက်ဆိုက်ဒ် (Nitrogen Oxides) နဲ့ အမိုးနီးယားဓာတ်ငွေ့တွေ ရောနှောပါဝင်နေတဲ့ အဆိပ်ငွေ့တွေ ထွက်လာတတ်ပြီး လူတွေ ရှုရှိုက်မိရင် အသက်ဆုံးရှုံးစေနိုင်ပါတယ်။

သတိထားဖို့ လိုပါတယ်

အမိုနီယံ နိုက်ထရိတ်ဟာ သာမန်လူထုနဲ့ မနီးစပ်တဲ့ ဓာတုဗေဒပစ္စည်းတစ်မျိုးလို့ မှတ်ယူစရာရှိပေမယ့် ဟင်းသီးဟင်းရွက်တွေ စိုက်ပျိုးရာမှာ မပါမဖြစ် ဖြစ်နေတဲ့ ဓာတ်မြေသြဇာတွေမှာ ပါဝင်နေတာမို့ သတိထားဖို့ လိုအပ်လှပါတယ်။

ဓာတ်မြေသြဇာတွေကို အသုံးပြုပြီ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်နေကြတဲ့ စိုက်ပျိုးရေးလုပ်သားကြီးတွေအနေနဲ့ စနစ်တကျ သိုလှောင်သိမ်းဆည်းသင့်သလို၊ ဒီလိုစိုက်ပျိုးထုတ်လုပ်ထားတဲ့ သစ်သီးဝလံတွေကို မှီဝဲစားသောက်နေသူတွေအနေနဲ့လည်း စနစ်တကျစင်ကြယ်စွာ ဆေးကြောပြီးမှ သာ မှီဝဲစားသောက်ကြဖို့ အကြံပေးလိုပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.bbc.com/news/explainers-53664064

https://www.webmd.com/drugs/2/drug-76237/ammonium-nitrate-bulk/details

https://nortechlabs.com/customer-service/articles-press-releases/hazards-ammonium-nitrate/

https://www.wsj.com/articles/what-is-ammonium-nitrate-the-chemical-behind-the-beirut-explosion-11596658988

ယခုပုံစံ

05/07/2022

Ye Zon Aung မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

သဘာဝမြေသြဇာသုံးအစားအစာနှင့်ပတ်သက်သည့် အချက်များ

ကလေးကို သဘာဝမြေသြဇာသုံးအစားအစာ (Organic Food) တွေကျွေးသင့်လား


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Phyo Wai Lynn


Ye Zon Aung မှ ရေးသားသည်။ · 05/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement