backup og meta

အထိုင်များတဲ့ သူတွေရဲ့ ကျန်းမာရေးအန္တရာယ်


Ye Myo Myat မှ ရေးသားသည်။ · 31/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အထိုင်များတဲ့ သူတွေရဲ့ ကျန်းမာရေးအန္တရာယ်

    အချိန်နဲ့ အမျှ တိုးတက်ပြောင်းလဲလာတဲ့ ခေတ်ကြီးထဲမှာ လူအများစုဟာ လှုပ်ရှားသွားလာပြီး ရုန်းကန်နေရတာထက် ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ အချိန်တွေ ပိုများလာပါတယ်။ ကောင်းတဲ့ဘက်က ကြည့်မယ်ဆိုရင်တော့ သက်တောင့်သက်သာရှိတယ်။ အချိန်ကုန် လူပင်ပန်းမဖြစ်ဘူး။ ဒီလို အထိုင်များလာတဲ့အခါ ကျန်းမာရေးမှာ ပြဿနာဆိုးကျိုးတွေ ဖြစ်လာနိုင်တယ်ဆိုတာကို လူတွေက သတိမထားတတ်ကြပါဘူး။

    ကျောင်းနေအရွယ်မှာလည်း စားပွဲပေါ်မှာပဲ ထိုင်ပြီး စာတွေ လုပ်နေရတယ်။ အိမ်စာတွေ မပြီးမှာ စိုးတဲ့ မိဘေတွက ကလေးေတွကို အိမ်အောက်ဆင်းပြီး သူငယ်ချင်းတွေနဲ့ ပြေးလွှားဆော့ကစားခွင့်မပေးတော့ဘူး။ အသက်ကြီးလာတော့လည်း လုပ်ငန်းခွင်မှာ မနက်ကနေ ရုံးဆင်းတဲ့အချိန်ထိ ငြိမ်ငြိမ်လေး ထိုင်နေရတယ်။ အိမ်ရောက်တော့လည်း အလုပ်ဒဏ်တွေ ပိပြီး လူက လေ့ကျင့်ခန်းလုပ်ချင်စိတ်မရှိတော့ဘူး။ ခုံပေါ်မှာ ငြိမ်ငြိမ်လေးထိုင်ပြီး ရုပ်ရှင်တွေ ကြည့်ကြတယ်။ ကိုယ်လက်လှုပ်ရှားမှု နည်းပြီး အထိုင်များလာတဲ့ ဘဝဟာ အချိန်ကြာလာတာနဲ့အမျှ ကျန်းမာရေးအန္တရာယ်တွေ များစွာ ကြုံလာရနိုင်ပါတယ်။

    အထိုင်များသူတွေမှာ ဘာရောဂါတွေဖြစ်လာနိုင်လဲ။

    အထိုင်များပြီး လှုပ်ရှားမှုနည်းလာပြီဆိုရင် ရောဂါတွေ ဖြစ်လာနိုင်ဖို့ အခွင့်အလမ်းက ပိုများလာပါပြီ။

    ၁။ အဝလွန်ရောဂါတွေ ဖြစ်လာမယ်။

    ၂။ နောက်ဆက်တွဲအနေနဲ့ အမျိုးအစား (၂) ဆီးချိုရောဂါ ဖြစ်လာမယ်။

    ၃။ နှလုံးနဲ့ ဆက်စပ်နေတဲ့ ရောဂါတွေ ဖြစ်လာနိုင်တယ်။

    ၄။ ကင်ဆာရောဂါ တချို့ ဖြစ်နိုင်ခြေ မြင့်လာတယ်။

    ၅။ စောစီးစွာ သေဆုံးသည်အထိ ဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။

    လူက လှုပ်ရှားမှုမရှိတဲ့အခါ ခန္ဓါကိုယ်က သွေးတွင်း သကြားဓါတ်ကို မထိန်းချုပ်နိုင်တော့ဘူး၊ သွေးဖိအားကိုလည်း ပုံမှန်မလည်ပတ်စေနိုင်တော့ဘူး။ အဆီနဲ့ ကိုလက်စထရောတွေကိုလည်း ကောင်းကောင်းမချေဖျက်နိုင်တော့ဘူး။ ဒီအခါမှာ ကျန်းမာရေးပြဿနာ ဖြစ်လာနိုင်ခြေ မြင့်တက်လာပါတယ်။

    အထိုင်များသူတွေနဲ့ စိတ်ကျန်းမာရေး

    ကိုယ်လက်လှုပ်ရှားမှု မရှိခြင်းဟာ ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုပါ များစွာ ထိခိုက်စေနိုင်ပါတယ်။ လူတိုင်းမှာ နေ့စဉ်ကြုံတွေ့နေရတဲ့ စိတ်ပင်ပန်းစရာ ကိစ္စတွေ ရှိပါတယ်။ ကြာလာတဲ့အခါမှာ စိတ်ဖိစီးမှုတွေ၊ စိုးရိမ်ပူပန်မှုတွေ၊ စိတ်ဓါတ်ကျရောဂါ အစရှိတဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ အထိုင်များပြီး လှုပ်ရှားမှုနည်းတဲ့ သူတွေမှာ ဒီလို စိတ်ရောဂါ ဖြစ်နိုင်ခြေ ပိုပြီးများတာကို လေ့လာတွေ့ရှိထားပါတယ်။

    ဒါဆိုရင် ဒီပြဿနာကို ဘယ်လို ဖြေရှင်းမလဲ။

    ၁။ အကြာကြီး ထိုင်တာမျိုး ရှောင်ပါ။

    ထိုင်ခုံမှာ အကြာကြီး ထိုင်ပြီး အလုပ်လုပ်နေမယ့်အစား နာရီဝက်ခြားတစ်ခါ လမ်းထလျှောက်တာ၊ အိမ်သာသွားတာ၊ ကိုယ်လက်လေ့ကျင့်ခန်းလုပ်တာ၊ မတ်တပ်ရပ်တာမျိုး လုပ်ပေးပါ။

    ၂။ လမ်းများများလျှောက်ပါ။

    အလုပ်က အိမ်နဲ့ သိပ်မဝေးဘူးဆိုရင် လမ်းလျှောက်ပါ။ ဘတ်စ်ကား စီးနေရတယ်ဆိုရင်လည်း ထိုင်နေမယ့်အစား မတ်တပ်ရပ်နေပါ။

    ၃။ အိမ်အလုပ်တွေ ကူလုပ်ပါ။

    အိမ်ပြန်ရောက်တာနဲ့ ပင်ပန်းလို့ဆိုပြီး လှဲအိပ်လိုက်တာမျိုး၊ ထိုင်ပြီး ရုပ်ရှင်ကြည့်နေတာမျိုး မလုပ်ပါနဲ့။ ကိုယ့်အိမ်မှာ ပန်းကန်ဆေးစရာ၊ အိမ်သန့်ရှင်းရေးလုပ်စရာ၊ ဟင်းချက်စရာ အလုပ်တွေရှိရင် ဝိုင်းကူလုပ်ပေးပါ။

    ၄။ ကိုယ်လက်လေ့ကျင့်ခန်း များများလုပ်ပါ။

    ဒါဟာ လူတိုင်း မဖြစ်မနေ နေ့စဉ်လုပ်ပေးရမယ့် ကိစ္စပါ။ လမ်းလျှောက်တာ၊ ပြေးတာ၊ ရေကူးတာ၊ စက်ဘီးစီးတာ၊ ကိုယ်ကာယလေ့ကျင့်ခန်းလုပ်တာ၊ ယောဂကျင့်တာ အစရှိသဖြင့် ကိုယ်လက်လေ့ကျင့်ခန်း အများကြီး ရှိပါတယ်။ gym ကို သွားပြီးတော့ စနစ်တကျ လေ့ကျင့်ခန်းလုပ်နိုင်ရင်တော့ အကောင်းဆုံးပါပဲ။

    ၅။ ဓါတ်လှေကားနဲ့ တက်မယ့်အစား ရိုးရိုးလှေကားနဲ့ တက်ပါ။

    ဒါဟာလည်း သွေးပူစေတဲ့ ကိုယ်လက်လှုပ်ရှားခြင်း တစ်မျိုးပါပဲ။

    ကိုယ်လက်လှုပ်ရှား အားကစားပြုလုပ်ခြင်းဟာ စိတ်ရော ကိုယ်ပါ လန်းဆန်းတက်ကြွစေပြီး အထိုင်များသူတွေမှာ ဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာတွေ ဖြစ်လာနိုင်ခြေကိုပါ လျှော့ချပေးပါတယ်။

    Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Myo Myat မှ ရေးသားသည်။ · 31/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement