backup og meta

အိုမင်းရင့်ရော်ခြင်းကို မြန်စေတဲ့ အစားအစာ (၇)မျိုး


Ye Myo Myat မှ ရေးသားသည်။ · 17/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အိုမင်းရင့်ရော်ခြင်းကို မြန်စေတဲ့ အစားအစာ (၇)မျိုး

    ဇရာဆိုတာ လူသားတိုင်း တစ်နေ့မဟုတ် တစ်နေ့ ကြုံတွေ့ရမယ့် လောကဓမ္မတာ ဖြစ်စဉ်ပါပဲ။ အသက်ကြီးလာလို့ အိုမင်းရင့်ရော်တဲ့ လက္ခဏာတွေ ပြလာတာ ကိစ္စမရှိပေမဲ့ ငယ်ငယ်လေးနဲ့ လူက ကြည့်လိုက်တာ အိုနေသလိုဖြစ်နေရင်တော့ တော်တော်လေးကို ကြည့်ရဆိုးစေနိုင်တာပေါ့။ ကိုယ့်ရဲ့ နေထိုင်မှုပုံစံ၊ စားသောက်တဲ့ အစာအာဟာရတွေကြောင့်လည်း အိုမင်းရင့်ရော်မှုကို နှေးကွေးစေနိုင်သလို မြန်စေနိုင်တာမျိုးတွေလည်း ရှိပါတယ်။ ဒါဆို ဘယ်လိုအစားအစာတွေကို သင့်ကို အချိန်တိုအတွင်း အိုမင်းစေနိုင်သလဲဆိုတာ ပြောပြပေးမယ်နော်။

    ၁။ အာလူးကြော်

    ကလေး၊ လူငယ်၊ လူကြီးမရွေး ကြိုက်ကြတဲ့ အစားအစာပါ။ ဆီများများနဲ့ ဟင်းခတ်မှုန့်၊ ဆားတွေနယ်ပြီး ကြော်လှော်ထားတာဆိုတော့ အရသာကလည်း ရှယ်ပဲပေါ့။ ကိုယ်ကတော့ အာလူးကြော်ကို ကြိုက်ပေမဲ့ ကိုယ့်ခန္ဓါကိုယ်ကတော့ မကြိုက်ပါဘူးနော်။ အထူးသဖြင့် အာလူးကြော်တွေက အချိန်အကြာကြီး မီးပြင်းပြင်း၊ ဆီများများနဲ့ ကြော်ထားတဲ့အတွက် အရေပြားဆဲလ်တွေကို ပျက်စီးစေပြီး အရေးအကြောင်းတွေကို ထင်စေတယ်။ အသားအရေကို ရေဓါတ်ခမ်းခြောက်စေလို့ အာလူးကြော်ကို အမြဲစားနေမယ်ဆိုရင်တော့ အသားအရေက မွဲခြောက်ခြောက်ကြီး ဖြစ်လာမယ်၊ အရွယ်မတိုင်ခင် ပါးရေ၊ နဖူးရေတွ တွန့်ပြီး ကြည့်ရဆိုးနိုင်တယ်နော်။

    ၂။ ပေါင်မုန့်ဖြူ

    ကစီဓါတ်နဲ့ ပရိုတင်းအပြင် အမျှင်ဓါတ် ပါဝင်လို့ ကျန်းမာရေးအတွက် ကောင်းတဲ့ အစားအအစာလို့ ထင်ရပေမဲ့ တကယ်တော့ မဟုတ်ပါဘူး။ ရေရှည်စားသုံးမယ်ဆိုရင် အိုမင်းရင့်ရော်တဲ့ ဖြစ်စဉ်ကို မြန်စေတဲ့အပြင် ကိုယ်ခန္ဓါတွင်းမှာ တခြားရောဂါတွေ ဖြစ်လာနိုင်ခြေကိုလည်း မြင့်တက်စေပါတယ်။ ဒါကြောင့် ပေါင်မုန့်အဖြူအစား ဂျုံကြမ်းပေါင်မုန့်၊ ပေါင်မုန့်ညိုတွေကို စားပေးတာ ပိုကောင်းပါတယ်။

    ၃။ သကြားဖြူ

    အချိုဓါတ်က ကျန်းမာရေးအတွက်သာမက အရေပြားအလှအပအတွက်ပါ ကောင်းကျိုးမဖြစ်စေပါဘူးနော်။ သွေးတွင်း သကြားဓါတ်တွေ များလာတာနဲ့အမျှ အဝလွန်လာမယ်၊ အသားအရေကို ဖြူစင်ဝင်းပစေတဲ့ ကော်လဂျင်ေဟာ်မုန်းတွေ နည်းလာမယ်၊ အရေးအကြောင်းတွေကိုလည်း ဖြစ်စေပြီး လူကို အိုမင်းရင့်ရော်စေပါတယ်။

    ၄။ ထောပတ်

    အချိုအဆိမ့်လွန်ကဲတဲ့ ဈေးကွက်ထဲက အသင့်စား ထောပတ်တွေဟာ အရေပြားကို ထိခိုက်ပျက်စီးစေပြီး မသန့်ရှင်းတဲ့ ဆီတွေနဲ့ ပြုလုပ်ထားတာဖြစ်တဲ့အတွက် ကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ဒါ့အပြင် ထောပတ်ကို အမြဲစားသူတွေမှာ နေရောင်မှာ ပါဝင်တဲ့ ခရမ်းလွန်ရောင်ခြည်ဒဏ်ကို ပိုမိုခံစားဖို့ လွယ်ကူစေနိုင်ပါတယ်။

    ၅။ တာရှည်ခံအစားအစာ

    လူငယ်တွေ သိပ်ကြိုက်တဲ့ အစားအစာတွေထဲမှာ တာရှည်ခံအောင် ပြုပြင်စီမံထားတဲ့ ကြက်အူချောင်း၊ ခေါက်ဆွဲခြောက်၊ အသားပြား အစရှိတာတွေ ပါဝင်နေပါတယ်။ ဒီလိုအစားအစာတွေက အသားအရေကို ရေဓါတ်ခမ်းခြောက်စေတယ်။ ကော်လဂျင်ဟော်မုန်း ထုတ်လုပ်နိုင်စွမ်း နည်းစေပြီး အသားအရေကို နီမြန်းရောင်ရမ်းစေတယ်။ ကိုယ်ခန္ဓါအတွက် လိုအပ်တဲ့ အစာအာဟာရတွေ စားနေရမယ့် အချိန်မှာ ဒီလို တာရှည်ခံ အကျိုးမဖြစ်တဲ့ အစားအစာတွေ ပိုစားမိရင် ကိုယ်ခန္ဓါ ကြီးထွားဖွံ့ဖြိုးမှုကိုလည်း ထိခိုက်စေနိုင်ပါတယ်။

    ၆။ ကော်ဖီ၊ ဆိုဒါအအေး

    ကဖင်းဓါတ်၊ အချိုဓါတ် ပါဝင်မှုများတဲ့ ဖျော်ရည်တွေက ဦးနှောက်ကို နိုးကြားတက်ကြွစေပြီး ညဘက်ကောင်းစွာ အိပ်စက်နိုင်မှုကို အနှောင့်အယှက်ဖြစ်စေပါတယ်။ အိပ်မပျော်တဲ့ညတွေ များလာတာနဲ့ အရေပြားက သိသိသာသာ အိုမင်းရင့်ရော်လာတာကို တွေ့ရမှာပါ။ ဒါ့အပြင် ပန်ဒါမျက်လုံးလေးလို့ ချစ်စနိုးခေါ်ကြတဲ့ မျက်လုံးအောက်မှာ မျက်ကွင်းညိုပြီး အရေးအကြောင်းတွေ ထင်လာနိုင်တယ်နော်။

    ၇။ အရက်

    အရက်က ကိုယ်ခန္ဓါနဲ့ ကျန်းမာရေးအတွက် အန္တရာယ်ဖြစ်စေတဲ့ အရာတွေထဲက တစ်ခုပါ။ အရေပြားအလှအပအတွက် ကြည့်မယ်ဆိုရင်လည်း အရက်ကို နေ့စဉ်သောက်နေတဲ့သူတွေဟာ မျက်နှာဖောင်းကြွကြွ ဖြစ်နေတာ၊ အသားအရောင်မှိန်လာတာ၊ အရေးအကြောင်းတွေ ထလာတာ၊ ရေဓါတ်ခမ်းခြောက်မှုကြောင့် အသားခြောက်ကပ်ကပ် ဖြစ်ပြီး ညဘက်မှာ ကောင်းစွာ အိပ်စက်နိုင်မှုကိုလည်း အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။

    Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Myo Myat မှ ရေးသားသည်။ · 17/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement