အနာ၊ထိခိုက်ဒဏ်ရာ၊ ပွန်းပဲ့ဒဏ်ရာ၊ ကုတ်ခြစ်ဒဏ်ရာ၊ပြတ်ရှဒဏ်ရာ အချိန်မရွေးကြုံတွေ့ရနိုင်တဲ့ အသေးစားကျန်းမာရေးပြဿနာပါ။ သွားရင်းလာရင်းဖြစ်နိုင်သလို အိမ်မှာနေရင်း အိမ်မှုကိစ္စတွေလုပ်ရင်းနဲ့တောင်ဖြစ်နိုင်ပါတယ်။ ဒီရှောင်လွှဲဖို့ခက်တဲ့ အသေးစားကျန်းမာရေးပြဿနာလေးတွေက သတိလက်လွတ်ထားလိုက်မိတဲ့အခါမျိုးဆိုရင် အထိတ်တလန့်ဖြစ်စေမယ့်နောက်ဆက်တွဲပြဿနာတွေကို ယူဆောင်လာတတ်ပါတယ်။
ထိခိုက်ရှနာ
အနာဖြစ်တယ်၊ ထိခိုက်ရှနာဖြစ်တယ်ဆိုတာက ခန္ဓါကိုယ်ရဲ့ရှေ့တန်းခံစစ်ကျိုးပျက်သွားတာပါ။ အရေပြားပေါက်ပြဲသွားပြီဆိုမှတော့ ခန္ဓါကိုယ်ထဲကို ဘက်တီးရီးယားတွေက ဝင်ချင်သလိုဝင်ခွင့်ရသွားပြီပေါ့။ ဘက်တီးရီးယားတွေက ခန္ဓါကိုယ်ထဲကို ဝင်ပြီးသွားရင် ဒီအတိုင်းပြန်ထွက်မသွားပါဘူး။ ထင်တိုင်းကြဲပြီးမှ ထွက်သွားကြတာပါ။ ဒီအခါမှာ မလိုလားအပ်တဲ့နောက်ဆက်တွဲပြဿနာတွေဖြစ်လာပြီပေါ့။ ဒီတော့ အနာထဲကိုပြင်ပက ဘက်တီးရီးယားတွေဝင်မလာအောင်သေချာဂရုစိုက်ဖို့လိုပါမယ်။
အနာတရဖြစ်လာရင်
ထိခိုက်မိတာကြောင့် အပေါ်ယံအရေပြားပေါက်ပြဲသွားတဲ့ ထိခိုဒဏ်ရာတွေရလာပြီဆိုရင် ဒီနည်းလေးတွေအတိုင်း ဂရုစိုက်ပါနော်။
အနာကိုသေချာဆေးကြောပေးပါ – ထိခိုက်ဒဏ်ရာရပြီဆိုရင် အနာကိုရေသန့်သန့်နဲ့ သန့်စင်ဆေးကြောပေးပါ။
အနာကိုခြောက်အောင်သုတ်ပါ – အနာဆေးကြောပြီးရင် ဂွမ်းစသန့်သန့်လေးနဲ့ခြောက်အောင်သုတ်ပါ။
သွေးတိတ်အောင်လုပ်ပါ – အနာပေါ်ကို ပတ်တီးစသန့်သန့်လေး ဒါမှမဟုတ် အဝစသန့်သန့်လေးနဲ့ခပ်ဖွဖွလေးဖိပြီးသွေးတိတ်အောင်လုပ်ပါ။
အနာကို ပိုးသတ်ဆေးတစ်ခုခုလိမ်းပေးပါ – အနာကိုသန့်စင်ဆေးကြောပြီးရင် အနာပိုးမဝင်အောင်ကာကွယ်တဲ့အနေနဲ့ ပိုးသတ်ဆေးတစ်ခုခုလိမ်းပေးရပါမယ်။ Antiseptic Solution ကဆိုရင် အနာထဲကိုပိုးမဝင်အောင်ကာကွယ်ပေးပြီး အနာကျက်မြန်အောင်လည်း အထောက်အကူပြုပေးပါတယ်။ အနာရင်းတာမျိုးမဖြစ်အောင်လည်း ကာကွယ်ပေးနိုင်လို့ နောက်ဆက်တွဲဆိုးကျိုးတွေကို ကာကွယ်ပြီးသားဖြစ်စေပါတယ်။ တစ်နိုင်ငံလုံး အသုံးပြုနေတဲ့ စိတ်ချယုံကြည်ရတဲ့တံဆိပ်တစ်မျိုးလည်းဖြစ်ပါတယ်။
အနာကို ကာကွယ်ပေးပါ – အနာကိုဆေးကြောသန့်စင်၊သွေးတိတ်အောင်လုပ်ပြီးပြီ။ဆေးလည်းထည့်ပြီးပြီဆိုရင်တော့နောက်တစ်ဆင့်က အနာကို ပလာစတာကပ်တာ၊ ဒါမှမဟုတ် ပတ်တီးစည်းတာမျိုးလုပ်ပေးဖို့ပါ။ ဒါမှ အနာကိုအမာရွတ်ကင်းကင်းနဲ့အနာကျက်စေမှာပါ။
အနာကိုနေ့စဉ်စစ်ဆေးပေးပါ – အနာကိုတစ်နေ့နှစ်ကြိမ်ပုံမှန်စစ်ဆေးပေးပါ။ ပလာစတာတွေ၊ ပတ်တီးတွေရေစိုသွားခဲ့ရင်ဖြစ်ဖြစ် ညစ်ပေနေရင်ဖြစ်ဖြစ် ချက်ချင်းလဲပေးပါ။
အနာကိုသေချာဂရုမစိုက်ရင် ဘာတွေဖြစ်လာနိုင်လဲ
အနာဖြစ်ရင် ကြီးကြီးသေးသေးသေချာဂရုစိုက်ဖို့လိုပါမယ်။ အနာကိုသေချာဂရုမစိုက်မိတဲ့အခါ အမှိုက်ကစပြသာဒ်မီးလောင်ဆိုသလိုပြဿနာတွေဖြစ်လာနိုင်ပါတယ်။ ဘယ်လိုပြဿနာတွေလည်း သိပ်မကြီးလောက်တာကိုဖြဲခြောက်တယ်ထင်နေတာလား။
အနာကိုသေချာဂရုမစိုက်တဲ့အခါ အနာထဲကိုမေးခိုင်ပိုးဝင်တာ။ အနာရင်းပြီး အဖျားတက်တာ၊ အဆိုးဆုံးကတော့ အနာမကျက်ဘဲ ခြေလက်ဖြတ်ရတာမျိုးအထိပြင်းထန်နိုင်ပါတယ်နော်။ ထိခိုက်ဒဏ်ရာရလာပြီဆိုရင် အနာကိုဖြစ်သလို မထားဘဲသေချာလေးဂရုစိုက်ပေးပါနော်။ အနာသန့်ရှင်းမှုအားနည်းတဲ့အခါ အနာထဲကို ပိုးဝင်ကူးစက်နိုင်ခြေပိုများသလို အနာကြောင့်ဖြစ်တဲ့နောက်ဆက်တွဲပြဿနာတွေခံစားရနိုင်ခြေတော်တော်လေးများသွားနိုင်တာကြောင့်ပါ။ ဆီးချိုဝေဒနာရှိသူတွေမှာဆိုရင်ခြေထောက်တွေမှာ အနာဖြစ်ခဲ့ရင်ဖြတ်တောက်ရတာမျိုးမဖြစ်စေဖို့အတွက်သေချာလေးဂရုစိုက်ဖို့လိုအပ်မှာပါ။ အနာကြောင့်ဖြစ်တဲ့နောက်ဆက်တွဲပြဿနာတွေထဲက တစ်ခု ပိုးဝင်ကူးစက်တဲ့အနာတွေက အနာကျက်တဲ့အခါ အမာရွတ်ကျန်ခဲ့တာများပါတယ်။ ထိခိုက်ဒဏ်ရာရတဲ့အခါ ထိခိုက်မိတဲ့တဝိုက်က တစ်ရှုးတွေပျက်စီးသွားတာကြောင့် အနာတဝိုက်ကသွေးကြောလေးတွေထိခိုက်ပျက်စီးပြီး အနာဆီကို သွေးစီးဆင်းရောက်ရှိမှုနည်းသွားတာကြောင့်လည်း အနာကျက်နှေးတာမျိုးဖြစ်နိုင်ပါတယ်။
အနာပိုးဝင်ကူးစက်ရင် ဒီလိုလက္ခဏာတွေတွေ့ရတတ်ပါတယ်
အနာတော်တော်များများကဆေးရုံဆေးခန်းသွားစရာမလိုဘဲနေအိမ်မှာတင် ဂရုစိုက်ရုံနဲ့ပျောက်ကင်းနိုင်တယ်ဆိုပေမယ့် ဒီလိုလက္ခဏာတွေဖြစ်လာပြီဆိုရင်တော့နောက်ဆက်တွဲပြဿနာတွေကိုရှောင်ဖို့ဆေးခန်းသွားသင့်တယ်လို့ တိုက်တွန်းပါရစေနော်။
- အနာမှာပြည်တည်နေမယ်
- ရောင်နေမယ်
- အနာကနွေးနေမယ်
- အနာက အနံ့ဆိုးဖြစ်နေမယ်
- အနာက မကျက်ဘဲဖြစ်နေမယ်
- အဖျားက ၁၀၀.၄ ဒီဂရီဖာရင်ဟိုက်ထက်ပိုများနေမယ်ဆိုရင်တော့ အနာကပိုးဝင်ကူးစက်နေတာဖြစ်နိုင်ပါတယ်။
အခုပြောခဲ့တဲ့ပြဿနာတွေကနေ ခပ်ကင်းကင်းနေချင်တယ်ဆိုရင်တော့နေအိမ်မှာ Antisepticဆေးရည်၊ ဂွမ်း၊ ပလာစတာ၊ ပတ်တီးလေးတွေ အသင့်ဆောင်ထားပြီးသေချာလေးဂရုစိုက်ပေးလိုက်ပါ။ အနာကြောင့်ဖြစ်တဲ့ ကြောက်စရာနောက်ဆက်တွဲပြဿနာတွေကိုရှောင်ရှားနိုင်မှာပါ။
[embed-health-tool-bmi]