backup og meta

ကလေးမှာ ထိခိုက်ရှနာဒဏ်ရာတွေဖြစ်ခဲ့ရင် ဘယ်လိုစောင့်ရှောက်ပေးမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးမှာ ထိခိုက်ရှနာဒဏ်ရာတွေဖြစ်ခဲ့ရင် ဘယ်လိုစောင့်ရှောက်ပေးမလဲ

    အသေးစားပြတ်ရှဒဏ်ရာ၊ ထိခိုက်ဒဏ်ရာတွေနဲ့ ကုတ်ခြစ်မိတဲ့အနာတရဖြစ်မှုတွေကနေ့စဉ်ဘဝတွေရဲ့ တစ်စိတ်တစ်ပိုင်းပါပဲ။ လူတိုင်းဟာ သွားလာလှုပ်ရှားနေချိန်မှာ အသေးစား ထိခိုက်ဒဏ်ရာတွေကနေစလို့ အကြီးစားထိခိုက်ဒဏ်ရာတွေတောင်ရရှိနိုင်ပါတယ်။ ဒီလိုထိခိုက်ဒဏ်ရာဖြစ်မှုတွေက ကိုယ့်ကိုကိုယ် ကောင်းကောင်းမွန်မွန်ထိန်းသိမ်းနိုင်စွမ်းမရှိသေးတဲ့ ကလေးတွေမှာဆို ပိုပြီး မကြာဏဖြစ်တတ်ပါတယ်။ မီးမီးလေးတွေဆို အိုးပုတ်တွေနဲ့ဟင်းချက်တမ်း ကစားတဲ့အခါမေမေတွေ မမတွေလုပ်သလိုမျိုး ဓါးနဲ့ဟင်းရွက်တွေကို လှီးကြည့်ရင်းက မတော်တဆဓါးရှတာမျိုးတောင်ဖြစ်နိုင်ပြီး သားသားတွေကတော့ ပြေးရင်းလွှားရင်း ဒူးပြဲ တာလိုမျိုး မတော်တဆထိခိုက်မိတာမျိုးလေးတွေရှိတတ်ပါတယ်။ ကလေးနဲ့မတော်တဆထိခိုက်မှုတွေက သူငယ်ချင်းလိုပါပဲ။ အဆော့သန်တဲ့ကလေးတွေဆိုရင် ဒဏ်ရာဒဏ်ချက်နဲ့ကင်းနေတယ်လို့ကိုမရှိတာပါ။

    ကလေးတွေမှာဖြစ်တတ်တဲ့ ထိခိုက်ဒဏ်ရာတွေ

    • ထိခိုက်ရှနာ – ဓါးလိုမျိုးချွန်ထက်တဲ့ အရာတစ်ခုခုနဲ့ထိခိုက်မိတာကနေဖြစ်တဲ့ ဒဏ်ရာပါ။
    • ကုတ်ခြစ်ဒဏ်ရာ – လက်သည်းနဲ့ အဆူးလိုမျိုး ချွန်ထက်တဲ့ အရာတစ်ခုခုနဲ့ ထိခိုက်မိတာကြောင့်ဖြစ်တဲ့ဒဏ်ရာမျိုးပါ။
    • ပွန်းပဲ့ဒဏ်ရာ – အပေါ်ယံအရေပြားလွှာပွန်းပဲ့သွားတာမျိုးပါ။ ဥပမာပြောပြရရင် စက်ဘီးစီးရင်း ရုတ်တရက် သံမန်တလင်းပေါ်ပြုတ်ကျပြီး အပေါ်ယံအရေပြားပွန်းသွားတာမျိုးပေါ့။

    ကလေးတွေမှာထိခိုက်ရှနာဖြစ်တဲ့အခါ ဘယ်လိုစောင့်ရှောက်မှုပေးမလဲ

    အသေးစားထိခိုက်မိတာလောက်ကိုတော့နေအိမ်မှာပဲပြုစုစောင့်ရှောက်ပေးလို့ရပါတယ်။ ထိခိုက်ဒဏ်ရာတော်တော်များများက နေအိမ်မှာသေချာစောင့်ရှောက်ရုံနဲ့တင်ပျောက်ကင်းနိုင်ပါတယ်။သေသေချာချာစောင့်ရှောက်ပေးဖို့တော့လိုတာပေါ့။ ကလေးလေးတွေက ထိခိုက်ဒဏ်ရာရလွယ်တာကြောင့် မိဘတွေအနေနဲ့ သားသားမီးမီးလေးတွေထိခိုက်ဒဏ်ရာရတဲ့အခါ ဘယ်လိုစောင့်ရှောက်ပေးမလဲဆိုတာကို သိထားမှ အဆင်ပြေလောက်မှာပါ။ ဒါကြောင့် ကလေးငယ်လေးတွေမှာ အနာတရဖြစ်တဲ့အခါ ဘယ်လိုစောင့်ရှောက်ပေးရမလဲဆိုတဲ့အကြောင်းလေးပြောပြပေးချင်ပါတယ်။

    ထိခိုက်ရှနာဖြစ်ရင်ဘယ်လိုမျိုးစောင့်ရှောက်ပေးမလဲ

    သွေးတိတ်အောင်လုပ်ရပါမယ် –အနာပေါ်ကိုခပ်ဖွဖွလေးဖိပြီးသွေးတိတ်အောင်လုပ်ပေးပါ။

    အနာကိုသန့်စင်ရပါမယ် –အနာထဲကိုပိုးကူးစက်နိုင်ခြေနည်းစေဖို့နဲ့ အမာရွတ်ထင်ကျန်ခဲ့တာမျိုးမဖြစ်စေဖို့အတွက် အနာထဲကညစ်ပေနေတဲ့အရာတွေကို ဖယ်ရှားသန့်စင်ရပါမယ်။ အနာကိုရေသန့်သန့်လေးနဲ့ဆေးကြောပေးရပါမယ်။ အနာထဲမှာ အမှိုက်စတွေကပ်ကျန်နေမယ်ဆိုရင်တော့ ဇာဂနာကို အရက်ပြန်သုတ်ပြီးဖယ်ထုတ်ရပါမယ်။

    ဆေးထည့်ရပါမယ် – အနာကိုပိုးမဝင်စေဖို့ဆေးတစ်ခုခုလူးပေးရပါမယ်။ အနာကို ထည့်တဲ့အခါဆေးအညွှန်းကိုသေသေချာချာဖတ်ကြည့်ဖို့တော့လိုပါလိမ့်မယ်။

    ပလာစတာကပ်ရပါမယ် – အနာထဲကိုပြင်ကရောဂါဖြစ်စေနိုင်တဲ့အရာတွေဝင်ရောက်တာနဲ့ မလိုလားအပ်တဲ့နောက်ဆက်တွြဲပဿနာတွေမဖြစ်စေဖို့အတွက် အနာကို ပလာစတာကပ်ထားပေးပါ။

    လိုအပ်ရင်မေးခိုင်ကာကွယ်ဆေးထိုးရပါမယ် –ဒဏ်ရာကအရမ်းနက်တာမျိုး၊ သံချေးတက်နေတဲ့အရာတစ်ခုခုနဲ့ထိမိတာကြောင့်ဖြစ်မယ်ဆိုရင်တော့မေးခိုင်ကာကွယ်ဆေးထိုးရပါမယ်။

    အနာကို အယ်လ်ကိုဟော၊ hydrogen peroxide၊ အိုင်အိုဒင်းတို့နဲ့ဆေးကြောတာမျိုးမလုပ်ပါနဲ့။ တစ်ရှုးတွေကိုထိခိုက်စေနိုင်ပြီး အနာကျက်နှေးစေနိုင်တာကြောင့်ပါ။

    ကုတ်ခြစ်ဒဏ်ရာရခဲ့ရင် ဘယ်လိုစောင့်ရှောက်ပေးမလဲ

    သွေးတိတ်အောင်လုပ်ရပါမယ် –အနာပေါ်ကိုခပ်ဖွဖွလေးဖိပြီးသွေးတိတ်အောင်လုပ်ပေးပါ။

    အနာကိုသန့်စင်ရပါမယ် –အနာထဲကိုပိုးကူးစက်နိုင်ခြေနည်းစေဖို့နဲ့ အမာရွတ်ထင်ကျန်ခဲ့တာမျိုးမဖြစ်စေဖို့အတွက် အနာထဲကညစ်ပေနေတဲ့အရာတွေကို ဖယ်ရှားသန့်စင်ရပါမယ်။ ဆူးတွေ၊ ဖန်ကွဲစသေးသေးလေးလိုမျိုးအရာလေးတွေကိုလည်းဖယ်ပစ်ရပါမယ်။ အနာကိုရေသန့်သန့်လေးနဲ့ဆေးကြောပေးရပါမယ်။ အနာထဲမှာ အမှိုက်စတွေကပ်ကျန်နေမယ်ဆိုရင်တော့ ဇာဂနာကို အရက်ပြန်သုတ်ပြီးဖယ်ထုတ်ရပါမယ်။

    အနာကို ဂွမ်းစ ဒါမှမဟုတ် အဝတ်စသန့်သန့်လေးကိုရေစွတ်ပြီး ပွတ်တိုက်သန့်စင်ပေးရပါမယ်။ အနာကို ဒီလိုပွတ်တိုက်တာက နာတယ်ဆိုပေမယ့်လည်း အနာမှာကပ်ညှိနေနိုင်တဲ့ဖုန်မှုန့်တွေနဲ့ အညစ်အကြေးတွေသန့်စင်သွားအောင်တော့ သုတ်ပေးရပါမယ်။

    ဆေးထည့်ရပါမယ် – အနာကိုပိုးမဝင်စေဖို့ဆေးတစ်ခုခုလူးပေးရပါမယ်။ အနာကို ဆေးထည့်တဲ့အခါဆေးအညွှန်းကိုသေသေချာချာဖတ်ကြည့်ဖို့တော့လိုပါလိမ့်မယ်။

    ပလပ်စတာကပ်ရပါမယ် – အနာထဲကိုပြင်ပကရောဂါဖြစ်စေနိုင်တဲ့အရာတွေဝင်ရောက်တာနဲ့ မလိုလားအပ်တဲ့နောက်ဆက်တွြဲပဿနာတွေမဖြစ်စေဖို့အတွက် အနာကို ပလာစတာကပ်ထားပေးပါ။

    အနာကို အယ်လ်ကိုဟော၊ hydrogen peroxide၊ အိုင်အိုဒင်းတို့နဲ့ဆေးကြောတာမျိုးမလုပ်ပါနဲ့။ တစ်ရှုးတွေကိုထိခိုက်စေနိုင်ပြီး အနာကျက်နှေးစေနိုင်တာကြောင့်ပါ။

    ပွန်းပဲ့ဒဏ်ရာကို ဘယ်လိုစောင့်ရှောက်ပေးမလဲ

    ပွန်းပဲ့ဒဏ်ရာတွေကိုလည်း အပေါ်ကထိခိုက်ဒဏ်ရာတွေလိုမျိုးနေအိမ်မှာပဲ အလွယ်တကူ ကုသစောင့်ရှောက်ပေးလို့ရပါတယ်။ ကလေးကစားရင်းက ပွန်းပဲ့ဒဏ်ရာရလာတဲ့အခါမျိုးမှာ သူ့အနေနနဲ့ အရေပြားကကျိန်းစပ်နာကျင်နေပြီး စိတ်ထဲမှာလည်း အရမ်းလန့်နေတာမျိုးကြောက်သွားတာမျိုးဖြစ်နိုင်ပါတယ်။ ကလေးကိုအရင်ဆုံးရေတိုက်ပေးပါ။ အလန့်ပြေသွားစေဖို့ပါ။ပြီးရင်တော့ ကလေးကို သက်တောင့်သက်သာဖြစ်အောင်နေစေပြီး အနာကို ကိုင်မယ့်လက်ကို အရင်ဆေးလိုက်ပါ။ပြီးရင် အနာကိုရေအေးအေးလေး ဒါမှမဟုတ်ရေနွေးကြက်သီးနွေးလေးနဲ့ဆေးပေးပါ။ အနာကို ဖိပွတ်တာမျိုးမလုပ်ပါနဲ့။ ဂွမ်းစ ဒါမှမဟုတ် အဝတ်စ သန့်သန့်လေးကိုရေစွတ်ပြီး အမှုန်တွေ၊အမှိုက်စလေးတွေကို ဖြည်းဖြည်းညင်ညင်သာသာလေးဖယ်ရှားပေးရပါမယ်။

    အနာကို အယ်လ်ကိုဟော၊ hydrogen peroxide၊ အိုင်အိုဒင်းတို့နဲ့ဆေးကြောတာမျိုးမလုပ်ပါနဲ့။ တစ်ရှုးတွေကိုထိခိုက်စေနိုင်ပြီး အနာကျက်နှေးစေနိုင်တာကြောင့်ပါ။

    ပွန်းပဲ့ဒဏ်ရာဟာလည်း အခြားထိခိုက်မိတဲ့ဒဏ်ရာတွေလိုမျိုးပဲသွေးထွက်တတ်တာပါပဲ။ ပုံမှန်ကတော့ အနာဖြစ်စမှာသွေးထွက်ပြီးပြီးရင်တော့တိတ်သွားတတ်ပါတယ်။ အနာကတော်ရုံနဲ့သွေးမတိတ်ဘူးဆိုရင်တော့ အနာပေါ်မှာ အဝတ်စသန့်သန့် ဒါမဟုတ် ပတ်တီးစသန့်သန့်လေးနဲ့ အုပ်ပြီး အသာအယာဖိထားပေးရပါမယ်။ အနာက ၁၀ မိနစ်၊ မိနစ် ၂၀ ကြာတဲ့အထိမှသွေးမတိတ်ရင်တော့ နီးစပ်ရာဆေးခန်းကိုသွားရောက်ပြသပေးဖို့လိုပါမယ်။

    အနာကို ပိုးမဝင်စေဖို့အတွက်တော့ အနာပေါ်မှာ ပိုးသတ်ဆေးတစ်မျိုးမျိုးလူးပေးရပါမယ်။ အဆီပုံစံဆို ပိုကောင်းပါမယ်။ဆေးကအနာကျက်အောင်တော့မလုပ်ပေးနိုင်ပါဘူး။ အနာကို ပိုးမဝင်အောင်ကာကွယ်ပေးပြီး အစိုဓါတ်ထိန်းတာလောက်ပဲလုပ်ပေးနိုင်တာပါ။ ခန္ဓါကိုယ်ရဲ့ အနာကျက်မှုဖြစ်စဉ်ကိုတော့ အထောက်အပံ့ပေးပါတယ်။ အနာကိုဆေးလူးတဲ့အခါ အရေပြားမှာ အနီအပိမ်ေ့တွထွက်လာတာ၊ အရေပြားကျိန်းစပ်စပ်ဖြစ်လာတာမျိုးတွေဖြစ်ရင်တော့ ဆက်မလူးပါနဲ့။

    ပြီးရင်တော့ အနာထဲကို ဖုန်မှုန့်တွေနဲ့ဘက်တီးရီးယားတွေမဝင်ရောက်အောင် ပလာစတာကပ်ပေးရပါမယ်။ ပလာစတာကပ်ထားတာကြောင့် မလိုလားအပ်တဲ့နောက်ဆက်တွဲဝေဒနာတွေကိုလည်း ကာကွယ်ပြီးသားဖြစ်သွားမှာပါ။ ပလာစတာကိုတစ်နေ့တစ်ကြိမ်လဲပေးရပါမယ်။ ဒါ့အပြင် ပလာစတာက ညစ်ပေနေရင်ဖြစ်ဖြစ်ရေစိုသွားရင်ဖြစ်ဖြစ် ချက်ချင်းအသစ်လဲပေးဖို့လိုပါတယ်။ အနာကိုနေ့စဉ်စစ်ဆေးဖို့လည်းလိုပါမယ်။ အနာက အကျက်နှေးနေမယ်ဆိုရင် ဆရာဝန်နဲ့ပြသကြည့်ရပါမယ်။

    ဒီလိုအခြေအနေတွေဖြစ်ရင် ဆရာဝန်နဲ့ပြသဖို့လိုပါမယ်

    • အနာပိုးဝင်တဲ့ လက္ခဏာတွေဖြစ်နေရင်
    • အနာကျက်နှေးနေရင်
    • အနာရှိတဲ့နေရာမှာသွေးစီးဆင်းမှုနည်းနေရင်
    • အနာ နာကျင်တာကပုံမှန်ထက် ပိုဆိုးလာခဲ့ရင် ဆရာဝန်နဲ့ပြသကြည့်ဖို့လိုပါမယ်။

    ခုဖော်ပြပေးလိုက်တဲ့နည်းလမ်းလေးတွေက ရင်သွေးလေးတွေရဲ့ဖေဖေမေမေတွေအတွက် အသုံးတည့်မယ်လို့မျှော်လင့်ပါတယ်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement