ငယ်ငယ်က ဒူးနှံ့ ရင် အမေက ဖြန်းခနဲ လှမ်းရိုက်တာ ခံရဖူးမှာပါ။ အပျင်းကြီးတယ်။ မျက်စိနှောက်တယ်။ တချို့ကျတော့လည်း အိမ်လာဘ်တိတ်တယ် မလုပ်ရဘူး စသဖြင့်ပေါ့။ ဒီလိုဆိုပေမယ့် ဒူးနှံ့တာက လုံးဝမကောင်းတာတော့လည်း မဟုတ်ပါဘူး။ ဒူးနှံ့တာက ကျန်းမာရေး အကျိုးကျေးဇူးတွေလည်း ရှိပါတယ်။
ဘာကြောင့် ဒူးနှံ့ ကြတာလဲ။
ဒူးနှံ့ကြတာ ဘာရယ်လို့ မဟုတ်ပါဘူး။ အများစုကပျင်းလို့ နှံ့ကြတာများပါတယ်။ တချို့ကြတော့လည်း တစ်ခုခုကို စျာန်ဝင်နေလို့ (ဥပမာ ဂိမ်းဆော့နေလို့) မသိလိုက်ဘဲ နှံ့ကြတာလည်း ရှိပါတယ်။ ဘာပဲဖြစ်ဖြစ် ဒူးနှံ့တာက ကျန်းမာရေးပြဿနာဆိုတာထက် အပျင်းပြေ လုပ်ကြတာ များပါတယ်။
ဒူးနှံ့တာကို ယောက်ျားလေးတွေမှာ ပိုတွေ့ရပါတယ်။ မိန်းကလေးတွေက မနှံ့တာတော့ မဟုတ်ပေမယ့် ယဉ်ကျေးမှု အဆုံးအမတွေကြောင့် မနှံ့ဖြစ်တော့ပါဘူး။
ဒူးနှံ့ တာက ကျန်းမာရေးအတွက် တကယ်ကောင်းသလား။
ဒူးနှံ့တာက ကျန်းမာရေးကို အထောက်အကူပြုတယ်ဆိုတဲ့ အချက်၂ချက် တွေ့ထားပါတယ်။
- သွေးခဲတာကို ကာကွယ်ပေးပါတယ်။
အထိုင်များတဲ့ ရုံးသမားတွေ၊ မကြာခဏ နာရီနဲ့ ချီပြီး လေယာဥ်စီးရတဲ့ သူတွေက ခြေထောက်ကို ချထားရတာ၊ မလှုပ်မယှက်နေရတာ ဖြစ်တဲ့အတွက် ခြေထောက်သွေးခဲတတ်ပါတယ်။ ဒီသွေးခဲက ပြုတ်ထွက်သွားရင် အဆုတ်သွေးကြောမှာ သွေးခဲပိတ်တာမျိုး ဖြစ်တတ်ပါတယ်။
ဒါနဲ့ ပတ်သက်ပြီး လေ့လာချက်အသေးလေး တစ်ခုလုပ်ထားပါတယ်။ အမျိုးသားနဲ့ အမျိုးသမီး ၁၁ယောက်ကို ၃နာရီကြာထိုင်ခိုင်းပြီး စမ်းသပ်ထားတာပါ။ ၃နာရီအတွင်းမှာ ခြေထောက်တစ်ဖက်ကို တစ်မိနစ် ဒူးနှံ့၊ ၄မိနစ်နား လုပ်ခိုင်းပါတယ်။ နောက်တစ်ဖက်ကိုတော့ ဒီတိုင်းမလှုပ်ပဲ ထားထားပါတယ်။ ပါဝင်သူတွေက တစ်မိနစ်ကို အခါ၂၅၀လောက် လှုပ်နိုင်ကြပါတယ်။
၃နာရီပြည့်လို့ ခြေထောက် သွေးကြောက သွေးစီးနှုန်းကို တိုင်းကြည့်တဲ့အခါမှာ လုပ်တဲ့ဘက်က စီးဆင်းမှု ပိုကောင်းပြီး ငြိမ်နေတဲ့ဘက် သွေးအစီးနှေးတာကို တွေ့ရပါတယ်။
- ကယ်လိုရီလောင်ကျွမ်းစေပါတယ်။
Mayo Clinicက လုပ်ခဲ့တဲ့ လေ့လာချက်တစ်ခုမှာ ဒီတိုင်း ထိုင်နေတဲ့သူတွေထက် ဒူးနှံ့တဲ့သူ၊ အထိုင်အထ ဟိုနားဒီနားသွားတဲ့သူ၊ ကိုယ်နေဟန်ထား မကြာမကြာ ပြောင်းတဲ့သူတွေက တစ်နေ့ကို ကယ်လိုရီ ၃၅၀လောက် လောင်ကျွမ်းပါတယ်တဲ့။ ဒါက လေ့ကျင့်ခန်း မလုပ်ဘဲ ဒူးနှံ့ရုံနဲ့ လောင်ကျွမ်းတာပဲ ဖြစ်ပါတယ်။
များများလှုပ်တဲ့သူက များများလောင်ကျွမ်းပါတယ်။ ဒီလို လေ့ကျင့်ခန်း မပါဘဲ ကယ်လိုရီလောင်ကျွမ်းစေတဲ့ နည်းကို Non-Exercise Activity Thermogenesis (NEAT)လို့ ခေါ်ပါတယ်။ ဒီထဲမှာ ဒူးနှံ့တာလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။
ဒူးနှံ့ရုံနဲ့ လုံလောက်ပြီလား။
နေ့စဉ် ကယ်လိုရီ လောင်ကျွမ်းဖို့ဆိုရင် ဒူးနှံ့ရုံနဲ့တော့ ဘယ်လုံလောက်ပါ့မလဲ။ သင့်တော်တဲ့ လေ့ကျင့်ခန်း တစ်ခုခုကို ပုံမှန်လုပ်တာက ပိုသင့်တော်တာပေါ့။ ဒါပေမယ့် တစ်နေကုန် ဘာမှမလုပ်ဘဲ ဒီတိုင်း ထိုင်နေတဲ့သူတွေအတွက်တော့ ဒူးနှံ့တာက နည်းလမ်းတစ်မျိုးပါပဲ။
ဒီလိုပဲ ကားတွေ၊ လေယာဉ်တွေ အကြာကြီး စီးရတဲ့သူတွေအတွက်လည်း ထပြီး မကြာမကြာ လမ်းလျှောက်နိုင်ရင် ကောင်းပေမယ့် ဒီလိုအခြေအနေမပေးဘူးဆိုရင်တော့ ဒူးနှံ့နေတာကလည်းမဆိုးလှပါဘူး။
ဆိုလိုတာက ဒူးနှံ့တာထက် ပိုကောင်းတဲ့ လေ့ကျင့်ခန်းတွေ လုပ်နိုင်ရင်လုပ်၊ မလုပ်နိုင်လို့ ဒူးနှံ့တာလောက် လုပ်နိုင်ရင်တောင် မဆိုးဘူးလို့ ပြောချင်တာပါ။
ဒူးနှံ့တာကြောင့် သူများစိတ်အနှောင့်အယှက်ဖြစ်နိုင်တာကိုလည်း သတိထားပါ။
ဒူးနှံ့နေတာက ကိုယ့်အတွက် ကျန်းမာစေတယ်ဆိုပေမယ့် တချို့က ဒါကို sensitive ဖြစ်တဲ့သူတွေ ရှိပါတယ်။ တချို့ဆို ရိုင်းတယ်လို့တောင် ယူဆထားကြပါတယ်။ ဒါကြောင့် သူများလည်း အနှောင့်အယှက်မဖြစ်၊ ကိုယ်လည်း ကျန်းမာအောင် အခြေအနေလေးကြည့်ပြီး ဒူးနှံ့နိုင်ပါကြောင်း။
[embed-health-tool-bmi]