brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

အားတဲ့အချိန် ရုံးမှာ table tennis ကစားသင့်တဲ့အကြောင်းရင်း

အားတဲ့အချိန် ရုံးမှာ table tennis ကစားသင့်တဲ့အကြောင်းရင်း က ဘာများလဲ! ခုနောက်ပိုင်း အလုပ်ခွင်တွေဟာ တင်းကျပ်၊ တွန်းအားပေးတတ်တဲ့ အလေ့အထမရှိတဲ့ flexible workplace တွေဖြစ်လာကြတယ်နော်။ စည်းလွတ်ဝါးလွတ်ထားတားတာမဟုတ်ဘဲ စည်းကမ်းတကျလေး အလုပ်ခွင်ကိုကြပ်မတ်ထားပေမယ့် လှုပ်ရှားလုပ်ဆောင်မှုတွေကို လွတ်လပ်ခွင့်ပေးထားတာမျိုးပါ။

အားတဲ့အချိန် ရုံးမှာ table tennis ကစားသင့်တဲ့အကြောင်းရင်း

ဒီလိုအလုပ်ခွင်မျိုးမှာ ဝန်ထမ်းတွေက ပိုပြီး တက်ကြွတယ်၊ ဆန်းသစ်တဲ့ဖန်တီးနိုင်စွမ်းတွေရှိလာတယ်၊ အလုပ်အတွက်ရော၊ ကိုယ့်အတွက်မှာပါ တိုးတက်မှုရှိလာအောင် ကြိုးစားနိုင်လာတယ်၊ ကြောက်ရွံ့နေစရာမလိုတဲ့အတွက် ကိုယ်ပိုင်ဆုံးဖြတ်နိုင်စွမ်းရှိလာတယ်၊ စသည်ဖြင့် ကောင်းကျိုးတွေရှိတာပေါ့။ အဲဒီထဲကမှ တချို့ရုံးတွေမှာ ဝန်ထမ်းတွေရဲ့ခဏအနားယူချိန်(coffee break) မှာ table tennis ကစားဖို့ စီစဉ်ထားပေးတာတွေရှိပါတယ်။ Table tennis ကစားရင်းနဲ့ ဘယ်လိုအကျိုးကျေးဇူးတွေပါ ရနိုင်လဲဆိုတာလေး စိတ်ဝင်စားဖို့ကောင်းပါတယ်။ ဆက်ကြည့်ရအောင် …

အားတဲ့အချိန် ရုံးမှာ table tennis ကစားသင့်တဲ့အကြောင်းရင်း

အားတဲ့အချိန် ရုံးမှာ table tennis ကစားသင့်တဲ့အကြောင်းရင်းကတော့

  • မျက်စိနဲ့ လက် ချိတ်ဆက်လှုပ်ရှားနိုင်စွမ်း ပိုကောင်းစေတယ်

စိတ်အာရုံ နိုးကြားမှု၊ အာရုံစူးစိုက်နိုင်စွမ်း ပိုကောင်းစေတာ နဲ့ မျက်စိ လျင်၊ လက်မြန်စေတဲ့ အလေ့အကျင့်ပေါ့။ လူငယ်တွေ အတွက်တော့ အလိုအလျောက် တုံ့ပြန်နိုင်စွမ်းကို ပိုသွက်စေတဲ့ကစားနည်းဖြစ်ပါတယ်။

  • ဖြတ်ထိုးဉာဏ် ပိုကောင်းစေတယ်

တင်းနစ်ဘောလုံးကို နေရာအချ၊ အဝှေ့အလှည့်နဲ့ ရိုက်တဲ့ အရှိန်တို့က table tennis ကစားနည်းရဲ့ အသက်ပါ။ ဒါတွေကြားမှာ ဉာဏ်သုံးပြီး လျင်မြန်မှုနဲ့ ထိန်းရင်း အနိုင် ကစားရတာလည်း ပညာ ပါတာပဲနော်။ table tennis ကျွမ်းကျင်လာသူတွေဟာ ပဟေဠိတွေ ဖန်တီးနိုင်စွမ်း၊ ဖြေရှင်းနိုင်စွမ်းမှာ ပိုထူးချွန်လာကြမှာပါ။

ဒူး၊ ခါး၊ ခြေကျင်းဝတ်တို့ကို ဝန်သိပ်မပိစေဘဲ ကစားလို့ ရတဲ့ နည်းဖြစ်သလို တစ်ကိုယ်လုံးရဲ့ လှုပ်ရှားမှု ပါတာမို့ ကိုယ်လက်လှုပ်ရှားမှု ကောင်းကောင်း ဖြစ်စေပါတယ်။

ပေါင် ၁၅၀ လောက်ရှိတဲ့ သူတစ်ယောက်ဟာ table tennis တစ်နာရီလောက် ကစားရင် ၂၇၂ ကယ်လိုရီ လောင်ကျွမ်းစေနိုင်ပါတယ်။ စိတ်လည်း လန်းဆန်း၊ လူလည်း တက်ကြွလှုပ်ရှား၊ ပျော်စရာလည်း ကောင်း၊ အဆီလည်း ကျစေမယ့် ကစားနည်းပါ။

  • ခင်မင်မှုတွေ တိုးစေတယ်

လုပ်ဖော်ကိုင်ဖက် အချင်းချင်း အလုပ်တွေကြောင့် တစ်နေ့လုံး နေလို့ တစ်ခါမှ စကားမပြော ဖြစ်ရင်တောင်မှ table tennis ကစားရင်း ရယ်မောမိ၊ ပြုံးရယ်မိကြမှာ သေချာတာပဲကို။ ကစားရင်းနဲ့ အချင်းချင်း ခင်မင်ရင်းနှီးမှုတွေ ပိုတိုးလာနိုင်ပါတယ်။

  • ဟန်ချက်ထိန်းနိုင်စွမ်း ပိုကောင်းစေတယ်

ခန္ဓာကိုယ်ကို ဟန်ချက်ထိန်းပြီး လိုသလိုယိမ်းရ၊ ကစားရတာကလည်း table tennis မှာအရေးပါတာကြောင့် ဟန်ချက်ထိန်းနိုင်စွမ်းအတွက် ကွက်တိပါပဲ။

  • ဗျူဟာပိုကြွယ်စေတယ်

တစ်ဖက်လူရဲ့လှုပ်ရှားမှုကို မျက်ခြေမပြတ် သတိထားပြီး စက္ကန့်ပိုင်းအတွင်း ဗျူဟာ ကျကျ ကစားလိုက်နိုင်ဖို့ ကလည်း လိုသေးတာကိုး။ ကိုယ့်ဦးနှောက်နဲ့ အာရုံ နိုးကြားမှုကို လှုပ်ရှားတုံ့ပြန်မှုနဲ့ ချိတ်ဆက်တဲ့နေရာမှာ ဗျူဟာ ကျကျ အသုံးချနိုင် လာပါလိမ့်မယ်။

ကဲ… ကိုယ့်ရုံးမှာ table tennis မရှိသေးရင် ဒီဆောင်းပါးပြပြီး အခုပဲ တောင်းဆိုလိုက်ပါတော့လို့ မြှောက်ပေး(အဲလေ) အကြံပေးလိုက် ရပါတယ်။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Yun Sandi Nan Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 06/12/2023 ဖြစ်ပါသည်။