အားကစားတစ်ရပ်ရပ်ကို လုပ်ဆောင်တဲ့အခါ အားကစားလုပ်တာကြောင့် ထိခိုက်မှုတွေကို ခံစားရနိုင်ပါတယ်။ အားကစားလုပ်နေသူတွေအနေနဲ့ လေ့ကျင့်ခန်းတွေ ပြင်းပြင်းထန်ထန် လုပ်ရင်းဖြစ်ဖြစ်၊ မတော်တဆပဲဖြစ်ဖြစ် ထိခိုက်မှုတွေကို ခံစားရနိုင်ပါတယ်။
အားကစားလုပ်ရင်း ထိခိုက်မှုတွေ ဘာကြောင့်ဖြစ်
အားကစားလုပ်ရင်း ထိခိုက်မှုတွေ ဖြစ်ရတာက
- ပုံမှန် လှုပ်လှုပ်ရှားရှားမရှိလို့ (လှုပ်ရှားမှုနည်းလို့)
- အားကစား မလုပ်ခင် သွေးပူလေ့ကျင့်ခန်း မလုပ်လို့
- ကိုယ်နေဟန်ထား မမှန်လို့
- မတော်တဆ ထိခိုက်မှုတွေရှိလို့
- လိုအပ်တဲ့ကိရိယာတွေ ပြည့်စုံစွာ မရှိလို့
- နည်းစနစ်မမှန်လို့
- ပြင်းပြင်းထန်ထန် လုပ်လို့ စတဲ့အချက်တွေကြောင့် အားကစားလုပ်ရင်း ထိခိုက်မှုတွေကို ခံစားရနိုင်ပါတယ်။
အားကစားလုပ်ရင်းဖြစ်နိုင်တဲ့ ထိခိုက်မှုတွေက ဘာတွေလဲ။
အားကစားလုပ်ရင်း ထိခိုက်နိုင်တဲ့ ထိခိုက်မှုတွေကတော့ အများကြီးပါ။ ထိခိုက်ဒဏ်ရာအလိုက် လက္ခဏာတွေကလည်း ကွာခြားနိုင်ပါတယ်။ အဖြစ်အများဆုံး အားကစားလုပ်ရင်း ထိခိုက်မိနိုင်တဲ့ ထိခိုက်မှုတွေကတော့
အရွတ်စုတ်ခြင်း – လေ့ကျင့်ခန်းတွေ အပြင်းအထန်လုပ်တာ၊ နာကျင်နေတာကို မနားဘဲ လေ့ကျင့်ခန်းတွေ ဆက်လက်လုပ်ဆောင်တာကြောင့် အရိုးနှစ်ခုကို တွယ်ဆက်ပေးထားတဲ့ အရွတ်တွေ စုတ်ပြဲတာ၊ ထိခိုက် သွားတာမျိုးပါ။
ကြွက်သားနာကျင်ခြင်း – ရေလုံလောက်အောင် မသောက်တာ၊ လေ့ကျင့်ခန်းတွေကို ပြင်းပြင်းထန်ထန်လုပ်ဆောင်မှုတွေကြောင့် ကြွက်သားတွေ နာကျင်တာပါ။ ကြွက်သားမှာ ဒဏ်ဖြစ်တာ၊ စုတ်ပြဲတာမျိုးတွေပါ ခံစားရနိုင်ပါတယ်။
ဒူးနာခြင်း – အားကစားလုပ်တာကြောင့် အများဆုံးထိခိုက်နိုင်တဲ့ အစိတ်အပိုင်းတစ်ခုက ဒူးပါ။ ဒူးနာတာက ဒူးဆစ် ထိခိုက်မိတာကနေစလို့ တစ်ရှူးတွေ၊ အရွတ်နဲ့။ ကြွက်သားတွေ ထိခိုက်မှုအထိ အမျိုးမျိုး ဖြစ်နိုင်ပါတယ်။
ကြွက်သားရောင်ခြင်း – ကြွက်သားရောင်တာက ထိခိုက်မှုတွေကြောင့် ဖြစ်နိုင်သလို ကြွက်သားကို လုံလောက်တဲ့ နားနေမှု မပေးတာ၊ အာဟာရနဲ့ ရေမပြည့်ဝတာတွေကြောင့်ဖြစ်နိုင်ပါတယ်။
ခြေချင်းဝတ်အရွတ်စုတ်ခြင်း – ခြေချင်းဝတ်က အရွတ်က ပါးလွှာပေမယ့် ခိုင်ခန့်ပါတယ်။ လေ့ကျင့်ခန်းတွေ ပြင်းပြင်းထန်ထန် လုပ်တဲ့အခါ အရွတ်စုတ်ပြဲနိုင်သလို ရုတ်တရက် ခြေခေါက်လဲတာကြောင့်လည်း အရွတ်စုတ်ပြဲ နိုင်ပါတယ်။ ဒီအရွတ်စုတ်ပြဲတဲ့အခါ လမ်းလျှောက်ဖို့ ခက်တာ၊ အထိမခံနိုင်အောင် နာကျင်တာမျိုး ခံစားရနိုင်ပါတယ်။
အရိုးကျိုးခြင်း – အရိုးကျိုးတာကတော့ ထိခိုက်မှုတွေကြောင့် ဖြစ်တာများပါတယ်။
အဆစ်လွဲခြင်း – အရိုးတွေ ပုံစံတကျ မရှိတဲ့ အနေအထားမျိုးပါ။ အရေိုးကို အားနဲ့ ထိခိုက်မိတဲ့အခါ အဆစ်လွဲတာမျိုး ဖြစ်နိုင်ပါတယ်။ အဆစ်လွဲတဲ့အခါ အဆစ်လွဲတဲ့နေရာက ရောင်ရမ်းတာ၊ အားပြုဖို့ခက်တာမျိုး ခံစားရနိုင်ပါတယ်။
ဘယ်လို သက်သာအောင်လုပ်ရမလဲ။
အားကစားလုပ်ရင်းဖြစ်တဲ့ ထိခိုက်မှုတွေက ပုံမှန်အားဖြင့် မပြင်းထန်ဘူးဆိုရင် အိမ်တွင်းကုထုံးလေးတွေလုပ်ရင်း သက်သာသွားတာ များပါတယ်။
ထိခိုက်မိပြီး ၄၈ နာရီကနေ ၇၂ နာရီအတွင်းမှာ ထိခိုက်မိတဲ့နေရာကို အနားပေးပါ။
- အရောင်ကျစေဖို့အတွက် ရေခဲကပ်ပါ။
- ရေနွေးဝတ်ကပ်ပါ။
- အကိုက်အခဲပျောက်ဆေး သောက်ပါ။
- ဆေးလိမ်းပါ။
- အာဟာရပြည့်ဝအောင် စားပါ။
- ရေများများသောက်ပါ။
ဒီလိုတွေ လုပ်ပေမယ့် သက်သာလာမရှိဘူး၊ ထိခိုက်တဲ့နေရာက ပိုနာလာမယ်ဆိုရင်တော့ ဆေးခန်းကို အမြန်ဆုံးသွားရောက်ဖို့ ပြောပါရစေ။
ဘယ်လိုကာကွယ်မလဲ။
အားကစားလုပ်ရင်း ထိခိုက်ဒဏ်ရာရတာ ကင်းစေဖို့အတွက်
- လေ့ကျင့်ခန်း မလုပ်ခင်သွေးပူလေ့ကျင့်ခန်း လုပ်ပါ
- လေ့ကျင့်ခန်းကို ဖြည်းဖြည်းမှန်မှန်ပဲ လုပ်ပါ
- အပြင်းအထန် လုပ်တာမျိုးကို ရှောင်ပါ
- အနေအထား မှန်မှန် လုပ်ပါ
- ထိုက်သင့်တဲ့ ကာကွယ်မှုတွေ လုပ်ပါ (ဒူးကာ ဝတ်တာမျိုး၊ အားကစားဖိနပ်စီးတာမျိုးပါ)
- နည်းစနစ် မှန်မှန် လုပ်ပါ။
Takeaways
အားကစားလုပ်တာက ကျန်းမာရေးအတွက် ကောင်းတယ်ဆိုပေမယ့် အားကစားလုပ်ရင်း မတော်တဆ ထိခိုက်တာတွေ မဖြစ်စေဖို့ သေချာလေး ဂရုစိုက်မှုတွေလုပ်သင့်သလို ဖြစ်လာခဲ့ရင်လည်း သေချာလေး သက်သာအောင် လုပ်ဆောင်ပေးပါ။
[embed-health-tool-bmr]