backup og meta

အစာအိမ်အနာ နဲ့ပတ်သက်ပြီး သိထားသင့်သမျှ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 06/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အစာအိမ်အနာ နဲ့ပတ်သက်ပြီး သိထားသင့်သမျှ

    အစာအိမ်နဲ့ အူလမ်းကြောင်း တစ်လျှောက်မှာ အနာမျိုးစုံဖြစ်နိုင်ပါတယ်။ အထူးသဖြင့်တော့ အစာအိမ်နဲ့ အူသိမ်ဦးပိုင်းမှာ အနာအဖြစ်များပါတယ်။ သူတို့ နှစ်ခုကို ပေါင်းပြီး peptic ulcer လို့ ခေါ်ပါတယ်။ ခုပြောမှာကတော့ သူတို့ နှစ်ခုထဲက တစ်ခုဖြစ်တဲ့ အစာအိမ်အနာ အကြောင်းပဲ ဖြစ်ပါတယ်။

    အစာအိမ်အနာ ဆိုတာ

    အစာအိမ်မှာ အချွဲလွှာရယ်၊ ကြွက်သားလွှာရယ်၊ အပြင်ဘက်ဆုံးက အမြှေးပါးရယ်ဆိုပြီး ၃လွှာ ရှိပါတယ်။ အနာက အချွဲအမြှေးပါးကနေ စဖြစ်တာပါ။ ပုံမှန်ဆို အချွဲလွှာက အစာခြေအက်စစ်ဒဏ်ကို ကာကွယ်ပေးထားပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် အချွဲအမြှေးပါးလေး ပါးသွားတဲ့အခါ အနာစဖြစ်လာပါတယ်။  အချွဲတွေ နည်းသွားပြီး အနာဖြစ်လာတဲ့ အခါကျတော့ အစာအိမ်က အက်စစ်စားတဲ့ ဒဏ်ကို ခံရပါတော့တယ်။

    အစာအိမ်အနာ ဖြစ်စေတဲ့ အကြောင်းအရင်း

    အစာအိမ်အနာဖြစ်စေတဲ့ အကြောင်းရင်းတွေက အလွယ်ပြောရရင် အစာအိမ်အချွဲလွှာကို ပါးစေတဲ့ အကြောင်းရင်းတွေပါပဲ။

    ဒီဘက်တီးရီးယားက အကြမ်းခံတဲ့ ဘက်တီးရီးယားပါပဲ။ ပြင်းထန်လွန်းတဲ့ အစာအိမ်အက်စစ်မှာတောင် အသက်ရှင်နိုင်တဲ့ ဘက်တီးရီးယားပါ။ အစာအိမ်အနာဖြစ်စေတဲ့ အကြောင်းရင်းတွေထဲမှာ သူက နံပါတ်တစ်ပါပဲ။ စစချင်းတွေ့တုန်းကဆိုရင် သူ့ကြောင့် ဖြစ်တယ်လို့ ပြောတာကို မယုံကြတဲ့အတွက် တွေ့ခဲ့တဲ့ပညာရှင်က ဒီပိုးပါတာကို လက်တွေ့သောက်ပြ အစာအိမ်အနာအဖြစ်ခံပြီး သက်သေပြခဲ့ရတယ်လို့ဆိုပါတယ်။

    H.pylori ဘက်တီးရီးယားက အဖြစ်များတဲ့အပြင် ကူးလို့ ကူးမှန်းတောင် မသိရပါဘူး။ ဘာကြောင့်လည်းဆိုတော့ လက္ခဏာ မပြတဲ့ အတွက်ကြောင့်ပါပဲ။ အရွယ်မရွေးအကူးခံရနိုင်ပြီး အစာအိမ်အချွဲလွှာမှာ ခိုအောင်းနေတတ်ပါတယ်။ တချို့တွေမှာကျတော့ ခိုအောင်းရုံတင်မဟုတ်ဘဲ အချွဲလွှာကို ဖျက်ဆီးပစ်တဲ့အတွက် အက်စစ်စားတဲ့ဒဏ်ကို ခံရပြီး အနာဖြစ်လာပါတယ်။

    နာကျင်ကိုက်ခဲတာ၊ ရောင်ရမ်းတာမှာ သောက်တဲ့ ဆေးတွေပေါ့။ စတီးရွိုက်တွေလည်း ပါပါတယ်။ ဥပမာ ပြောရရင် အက်စပရင်၊ ဒိုင်ကလို၊ အိုင်ဗျူပရိုဖန် စတာတွေပဲ ဖြစ်ပါတယ်။ ပါရာစီတမောတော့ မပါဘူး။

    နောက်ပြီး ဒီဆေးတွေ သောက်တိုင်း အစာအိမ်အနာဖြစ်တာတော့ မဟုတ်ပါဘူး။ သောက်တဲ့ ပမာဏ၊ စွဲသောက်သလား စတာတွေပေါ်လည်း မူတည်ပါသေးတယ်။ ဒါကြောင့် ဒီဆေးတွေကို အစာစားပြီးမှ သောက်ပါလို့ မှာတာပဲ ဖြစ်ပါတယ်။

    အစာအိမ်အနာ ရှိသူတွေ အနေနဲ့ကတော့ အကိုက်အခဲပျောက်ဆေးတွေကို ကိုယ့်သဘောနဲ့ကိုယ် မသောက်သင့်ပါဘူး။ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှပဲ သောက်ဖို့ အကြံပြုလိုပါတယ်။

    • စားသောက်နေထိုင်မှု ပုံစံတွေ

    အစာအိမ်အနာရှိရင် အပူအစပ်ရှောင်၊ စိတ်ဖိစီးမခံနဲ့၊ အရက်မသောက်နဲ့လို့ ပြောတာ ကြားဖူးမှာပါ။ ဒါတွေက အစာအိမ်အနာကို တိုက်ရိုက်ဖြစ်စေတာ မဟုတ်ပေမယ့် ရှိပြီးသားအနာကို ပိုဆိုးစေလို့ ရောဂါအခံရှိရင် ရှောင်တာကောင်းပါတယ်။

    နောက်တစ်ခုကတော့ ဆေးလိပ်ပါ။ သူကတော့ ရှောင်ကို ရှောင်ရမှာပါ။ အစာအိမ်အနာကို ဖြစ်နိုင်ခြေကို များစေတဲ့အပြင် ဆေးကုသမှုကိုပါ အနှောင့်အယှက်ဖြစ်စေပါတယ်။

    အစာအိမ်အနာရှိရင် ဘာလက္ခဏာတွေ ခံစားရမှာလဲ။

    အစာအိမ်အနာရှိတိုင်း လက္ခဏာပြချင်မှ ပြတာပါ။ တချို့ဆို အနာကြောင့် နောက်ဆက်တွဲ ဝေဒနာခံစားရမှပဲ သိကြပါတယ်။ လက္ခဏာပြခဲ့မယ်ဆိုရင်တော့ ဗိုက်ထဲမှာ ပူပြီး အောင့်တာကို အဓိက ခံစားရမှာပါ။

    အစာအိမ်အနာကြောင့် ဗိုက်အောင့်တာက ဝမ်းဗိုက်အပြင် ရင်ခေါင်းထဲထိ တက်အောင့်တာ၊ နောက်ကျောအောင့်တာအထိ ဖြစ်နိုင်ပါတယ်။ မိနစ်ပိုင်းကနေ နာရီပိုင်းအထိ ကြာတတ်ပါတယ်။ အစာစားပြီး သိပ်မကြာခင် အက်စစ်ထွက်လာတာကြောင့် လူနာအများစုက စားပြီးရင် အောင့်တယ်လို့ ပြောတတ်ကြပါတယ်။ တစ်ခါတလေ ညဘက်တွေ ထထအောင့်လို့ အိပ်ရေးပျက်ရတာမျိုးလည်း ရှိတတ်ပါတယ်။

    အစာအိမ်ဆေးတွေ သောက်လိုက်ရင် အက်စစ်ဓာတ်တွေ ပြယ်သွားတာကြောင့် သက်သာသွားပါတယ်။ ဒါပေမယ့် ဒါက ခဏပဲဖြစ်ပြီး ဖြစ်ရတဲ့ အကြောင်းအရင်းကို ရှာပြီ’ မကုသရွေ့ ဒီလိုပဲ အောင့်လိုက် ပျောက်လိုက် ဖြစ်နေဦးမှာပါ။

    တခြားလက္ခဏာတွေကတော့

    • အစာမကြေတာ
    • ရင်ပူတာ
    • အစားအသောက်ပျက်တာ
    • နေလို့မကောင်းဘဲ တရှောင်ရှောင် ဖြစ်နေတာ
    •  ပိန်လာတာ (စားလိုက်တိုင်း နာနေတာ၊ အစားအသောက်ပျက်တာကြောင့် အစားသိပ်မဝင်ဘဲ ပိန်လာတာဖြစ်ပါတယ်။ )

    အစာအိမ်အနာကို မကုဘဲ ထားလို့ ရသလား။

    အစာအိမ်အနာကို ထိထိရောက်ရောက် မကုဘဲ အစာအိမ်ဆေးလေးတွေနဲ့ပဲ အနာသက်သာအောင် နေမယ်ဆိုရင် ကြာလာတဲ့အခါ နောက်ဆက်တွဲ ဝေဒနာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါတွေကတော့

    • သွေးယိုတာ

    အစာအိမ်အနာရဲ့ အဖြစ်အများဆုံး နောက်ဆက်တွဲ ဝေဒနာပါပဲ။ အထူးသဖြင့် အနာနဲ့ သွေးကြောနဲ့ တည့်နေတဲ့အခါမျိုးဆို ပိုဖြစ်တတ်ပါတယ်။

    -သွေးက နည်းနည်းစီ စိမ့်နေမယ်ဆိုရင် တဖြည်းဖြည်း သွေးအားနည်းလာပြီး နုံးတာ၊ မောတာ၊ ဖြူဖျော့လာတာ၊ ရင်တုန်တာ စတာတွေ ဖြစ်လာနိုင်ပါတယ်။

    -တစခါတည်းနဲ့ သွေးတွေအများကြိး ထွက်လာရင်တော့ အပေါ်ကနေ ကော်ဖီရောင်အန်တာ၊ အောက်က ဝမ်းမည်းသွားတာတွေ ဖြစ်တတ်ပါတယ်။ ဒါကတော့ အရေးပေါ်အခြေအနေပါ။ ဆေးရုံ အမြန်သွားပါ။

    • အနာပေါက်ထွက်တာ

    နည်းနည်းတော့ ရှားပေမယ့် ဖြစ်လာရင် အသက်အန္တရာယ် နီးတာကြောင့် သိထားသင့်ပါတယ်။ အနာက အစာအိမ်ရဲ့ အပြင်ဘက်ဆုံးအလွှာအထိ စားပြီး ပေါက်ထွက်သွားတာမျိုးပါ။ ဒါဆိုရင်တော့ အစာအိမ်ထဲမှာရှိတဲ့ တခြားပိုးတွေပါ ဝမ်းခေါင်းထဲကို ရောက်ပြီး ဝမ်းတွင်းအမြှေးပါး ရောင်ရမ်း (Peritonitis) လာမှာပါ။

    ဒီအခြေအနေထိဖြစ်လာပြီဆိုရင်နော့ မကြာခင်မှာ သွေးထဲအထိ ရောက်ပြီး သွေးဆိပ်သင့်နိုင်ပါတယ်။ မကုဘဲထားမယ်ဆိုရင် အသက်အန္တရာယ် ရှိပါတယ်။ အထူးသဖြင့် ရုတ်တရက် ဗိုက်အောင့်လာပြီး ပိုပိုဆိုးလာတယ်။ အရင်လို အစာအိမ်ဆေးတွေ သောက်တာတောင် မသက်သာဘူးဆိုရင် သတိထားသင့်ပါတယ်။

    • အစာအိမ်ထွက်ပေါက်ပိတ်တာ

    တချို့သူတွေမှာ အစာအိမ်အနာကနေ ရောင်ပြီး ဖောင်းလာတာကြောင့် အစာအိမ်ထွက်ပေါက်ကို ပိတ်မိသလို ဖြစ်သွားနိုင်ပါတယ်။ လက္ခဏာတွေကတော့

    -စားပြီး သိပ်မကြာဘူး ပြန်ပြန်အန်တာ၊ အစာတွေ မကြေဘဲ ပြန်ထွက်လာတာ

    -ဗိုက်ကြီးတင်း ရင်ပြည့်ပြီး လေခံနေတာကို ရက်အတန်ကြာ ခံစားနေရတာ

    -ဘာမှသိပ်မစားရသေးဘဲ ဗိုက်ပြည့်သွားတာ

    -အကြောင်းအရင်း မရှိဘဲ ပိန်ပိန်လာတာ စတာတွေပဲ ဖြစ်ပါတယ်။

    အစာအိမ်အနာကို သေချာမကုဘူးဆိုရင် သာမန်လူတွေထက် အစာအိမ်ကင်ဆာ ဖြစ်နိုင်ခြေ ပိုများလာမှာပါ။

    အစာအိမ်အနာ ကို ဘယ်လို စစ်ဆေးနိုင်သလဲ။

    မကြာခဏ ဗိုက်အောင့်တယ် ဒါမှမဟုတ် အပေါ်က ပြောခဲ့တဲ့ လက္ခဏာတွေ ခံစားနေရတယ်ဆိုရင် ဆရာဝန်နဲ့ ပြသဖို့ အကြံပြုလိုပါတယ်။ ဆရာဝန်က လိုအပ်တဲ့ ရောဂါရာဇဝင်မေးမြန်းတာတွေ၊ စမ်းသပ်တာတွေ လုပ်ပါလိမ့်မယ်။ အစာအိမ်အနာလို့ သံသယရှိတယ်ဆိုရင် လိုအပ်တဲ့ ဆေးစစ်ချက်တွေ ဆက်လုပ်ပါလိမ့်မယ်။ အသုံးအများဆုံး ဆေးစစ်ချက်တွေကတော့

    • H.pylori ပိုးကို ရှာဖွေတာ

    urea breath test အရည်တစ်မျိုးကို တိုက်ပြီး အသက်ကို ပြင်းပြင်း ရှူထုတ်ခိုင်းကာ စမ်းသပ်တာပဲ ဖြစ်ပါတယ်။

    stool antigen test ဝမ်းထဲမှာ ပိုးပါ မပါ စစ်ဆေးတာ

    သွေးစစ်ပြီး ပိုးရှိမရှိရှာဖွေတာ

    • အစာအိမ်မှန်ပြောင်းကြည့်တာ

    လူနာတိုင်းတော့ မဟုတ်ပေမယ့် တချို့လူနာတွေကို လိုအပ်ရင် အစာအိမ်မှန်ပြောင်းကြည့်ခိုင်းပါလိမ့်မယ်။ လိုအပ်ရင် အသားစယူပြီး ရိုးရိုးအနာလား၊ ကင်ဆာအနာလားဆိုတာပါ စစ်ဆေးပါလိမ့်မယ်။ ပြင်ပလူနာဌာနမှာ အချိန်ခဏပေးရုံနဲ့ အလွယ်တကူ ကြည့်လို့ရပါတယ်။

    အစာအိမ်အနာကို ဘယ်လို ကုသနိုင်သလဲ။

    အစာအိမ်အနာ ဘာကြောင့်ဖြစ်တာလည်းပေါ်မူတည်ပြီး ကုသနည်းတွေက ပြောင်းသွားနိုင်ပါတယ်။ အများစုကတော့ တစ်လ နှစ်လနေရင် ပျောက်သွားတတ်ပါတယ်။

    H.pylori ပိုးကြောင့်ဆိုရင် ပိုးသတ်ဆေးတွေ၊ အစာအိမ်ဆေးတွေကို ပေါင်းပြီး ရက်ရှည် ကုသရမှာပါ။ လက်ရှိမှာ ဆေးယဉ်ပါးတွေလည်း အဖြစ်များနေတဲ့အတွက် သေသေချာချာ ရက်ပြည့်အောင် သောက်ဖို့ လိုပါတယ်။

    -အကိုက်အခဲပျောက်ဆေးတွေကြောင့် ဆိုရင်တော့ အစာအိမ်အက်စစ်ပြယ်ဆေးတွေ ပေးပြီး ကုသလို့ ရပါတယ်။ လက်ရှိသုံးနေတဲ့ အကိုက်အခဲပျောက်ဆေးတွေကို ရပ်တာ ဒါမှမဟုတ် အစာအိမ်မထိတဲ့ အမျိုးအစားကို ပြောင်းပြီး ပေးမှာ ဖြစ်ပါတယ်။

    ဆေးတွေပေးပြီး ၄ပတ်က ၆ပတ်နေရင် အစာအိမ်အနာ ပျောက်သွားပြီလားဆိုတာကို အစာအိမ်မှန်ပြောင်း ကြည့်ရပါမယ်။ (လူနာတိုင်း မလိုပါ။)

    ဆေးကုသနေစဉ်အတွင်းမှာ အပူအစပ်တွေ၊ အရက်တွေ၊ ဆေးလိပ်တွေ၊ စိတ်ဖိစီးမှုတွေ ရှောင်ဖို့တော့ လိုပါတယ်။

    Takeaways

    အစာအိမ်အနာနဲ့ ပတ်သက်လာရင် အများစုက အစာအိမ်ဆေးလောက်ပဲ ဝယ်သောက်ကြတာများပါတယ်။ ဒါက လက္ခဏာကိုပဲ သက်သာစေပါတယ်။ ခဏခဏ ပြန်ဖြစ်နေတယ်ဆိုရင်တော့ အစာအိမ်ဆေးသောက်တာထက်စာရင် ဆရာဝန်နဲ့ ပြသပြီး  အကြောင်းအရင်းရှာ ကုသဖို့ အကြံပေးလိုပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 06/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement