backup og meta

အစာရေမျိုကင်ဆာ ဒီလိုကာကွယ်ပါ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Aye Thi Mon မှ ရေးသားသည်။ · 18/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အစာရေမျိုကင်ဆာ ဒီလိုကာကွယ်ပါ

    အခုနောက်ပိုင်း အနေအထိုင်စားသောက်မှုပုံစံတွေကြောင့် ကင်ဆာတွေ အဖြစ်များလာပါတယ်။ အဆုတ်၊ ရင်သား၊ အသည်း၊ အစာအိမ်၊ အူမကြီးကစလို့ ခန္ဓာကိုယ်နေရာ အတော်များများမှာ ကင်ဆာတွေ ဖြစ်လာပါတယ်။

    ဒီကင်ဆာတွေက ကာကွယ်လို့ရပါတယ်။ ဒီတစ်ခေါက်တော့ အဖြစ်နည်းပေမယ့်လည်း ကာကွယ်ထားရင် မမှားတဲ့ ကင်ဆာ အမျိုးအစားတစ်ခုဖြစ်တဲ့ အစာရေမျို ကင်ဆာလေးအကြောင်း ပြောပြပေးပါရစေ။

    အစာရေမျိုကင်ဆာ ဘာတွေကြောင့်ဖြစ်ရတာလဲ။

    အစာရေမျိုကင်ဆာ ဖြစ်စေရတဲ့ အကြောင်းအရင်းက တစ်ခုမကရှိနေပါတယ်။

    အသက်အရွယ်

    အစာရေမျိုကင်ဆာက အသက် ၅၀ နဲ့ အထက်လူတွေမှာ အဖြစ်များပါတယ်။

    ကျား/မ ကွာခြားချက်

    အစာရေမျိုကင်ဆာက အမျိုးသမီးတွေထက် အမျိုးသားတွေမှာ ပိုအဖြစ်များပါတယ်။

    ဆေးလိပ် နဲ့ အရက်

    ဆေးလိပ်နဲ့ အရက်ကို အချိန်ကြာမြင့်စွာ သုံစွဲလာတာ၊ အလွန်အကျွံ သုံးစွဲတာတွေကြောင့်လည်း အစာရေမျိုကင်ဆာ ဖြစ်စေနိုင်ပါတယ်။

    စားချဉ့်ရည် ပြန်ဆန်တက်တဲ့ ရောဂါရှိတာ

    စားချဉ့်ရည် ပြန်ဆန်တက်တဲ့ရောဂါ ခံစားရမယ်ဆိုရင် သေချာ ကုသဖို့ လိုပါမယ်။ မကုသဘဲ ထားမယ်ဆိုရင် ရေရှည်မှာ အစာရေမျိုကင်ဆာဖြစ်လာစေနိုင်ပါတယ်။

    အဝလွန်တာ

    ခန္ဓာကိုယ်အလေးချိန်က ရှိသင့်တာထက် များနေတာ၊ အဝလွန်တာတွေက အစာရေမျိုကင်ဆာဖြစ်စေဖို့ လှုံ့ဆော်နေပါတယ်။

    ဓာတုပစ္စည်းတွေ မျိုချမိတာ

    သန့်ရှင်းရေးတွေ လုပ်ရင်း မတော်တဆ ဓာတုပစ္စည်းတွေ ပါဝင်နေတဲ့ အရည်ကို မျိုချမိတာကလည်း အစာရေမျိုကို ထိခိုက်စေပြီး အစာရေမျိုကင်ဆာ ဖြစ်စေနိုင်ပါတယ်။

    ဗီတာမင် ချို့တဲ့တာ

    ဘီတာကယ်လ်ရိုတင်း၊ ဗီတာမင် E ၊ ဆီလီနီယမ်၊ သံဓာတ်တို့လိုမျိုး အာဟာရဓာတ်တွေ ချို့တဲ့တာကလည်း အစာရေမျိုကင်ဆာဖြစ်စေနိုင်ပါတယ်။

    အစာရေမျိုကင်ဆာ မဖြစ်အောင် ဒီလိုကာကွယ်ပါ။

    ရောဂါတိုင်းကို မဖြစ်ခင်က ကြိုတင် ကာကွယ်လို့ ရပါတယ်။ အစာရေမျိုကင်ဆာကိုရောပေါ့။ ဒီတော့ အစာရေမျိုကင်ဆာ မဖြစ်စေဖို့ဆိုရင်

    ဆေးလိပ်ဖြတ်ပါ

    ဆေးလိပ်သောက်တာက အစာရေမျိုကင်ဆာ အပါအဝင် အခြားသော ကင်ဆာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အစာရေမျိုကင်ဆာကို ကာကွယ်ဖို့ဆိုရင် အကောင်းဆုံးသောနည်းလမ်းက ဆေးလိပ်ဖြတ်ပါ။

    အရက်ဖြတ်ပါ

    အရက်က အသည်းကင်ဆာကို ဖြစ်စေနိုင်သလို အစာရေမျိုကင်ဆာလည်း ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အစာရေမျိုကင်ဆာကို ကာကွယ်ဖို့ဆိုရင် အကောင်းဆုံးက အရက်၊ ဘီယာ စတာတွေကို ဖြတ်တာပါ။

    မဖြတ်နိုင်ရင်လည်း လျှော့သောက်ဖို့ စလုပ်ကြည့်ပါ။

    စားချဉ့်ရည်ပြန်ဆန်တက်တာကို သေချာ ကုသပါ

    အမြဲလိုလို ရင်ပူနေမယ်ဆိုရင် စားချဉ့်ရည်ပြန်ဆန်တက်တဲ့ ရောဂါလားဆိုတာကို သိရှိနိုင်စေဖို့အတွက် သေချာကုသမှု ခံယူပါ။ ဒီရောဂါကို သေချာ ကုသမှု ခံယူတာက အစာရေမျိုကင်ဆာ မဖြစ်အောင် အကောင်းဆုံး ကာကွယ်ပေးနိုင်ပါတယ်။

    ကိုယ်အလေးချိန် ထိန်းညှိပါ

    လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ၊ သင့်တင့်တဲ့ ကိုယ်လက်လှုပ်ရှားမှုကို လုပ်ပေးတာက ကျန်းမာတဲ့ ကိုယ်အလေးချိန်ကိုတင် ရစေတာ မဟုတ်ဘဲ အစာရေမျိုကင်ဆာကိုပါ အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။

    ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသောက်နေထိုင်ပါ

    ကျန်းမာရေးနဲ့ ညီညွတ်မျှတအောင် စားသောက်တာက ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ထိန်းညှိနိုင်သလို ခန္ဓာကိုယ်ကို ရောဂါတွေ အန္တရာယ်ကနေ ကာကွယ်ရာလည်း ရောက်ပါတယ်။ ဒါကြောင့် နေ့စဉ် စားသုံးမှုမှာ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေ သင့်တင့်မျှတစွာ ပါဝင်အောင် စားသုံးပေးပါ။

    ပူပူလောလောတွေ စားတာကို လျှော့ပါ

    ခေါက်ဆွဲပြုတ်ဆို ပူပူလေးမှ ဟင်းရည်ဆို ပူပူလေးသောက်ချလိုက်ရမှ ရေနွေးဆို ဆူဆူလေးမှ ဆိုတာက အစာရေမျိုးကို ကိုယ်တိုင် ထိခိုက်မိနေစေတာပါ။ ဒါကြောင့် အစာရေမျိုကင်ဆာကို ကာကွယ်ချင်တယ်ဆိုရင် အရမ်းပူတာတွေ မစားပါနဲ့။

    ပုံမှန် စစ်ဆေးမှု ခံယူပါ

    တစ်နှစ်ကို တစ်ကြိမ်လောက် ပုံမှန် ကျန်းမာရေး ဆေးစစ်မှု ခံယူတာက အစာရေမျိုကင်ဆာကိုတင် မဟုတ်ဘဲ။ အခြားသော ရောဂါတွေကိုပါ ကာကွယ်နိုင်ပါတယ်။ ဒါကြောင့် တစ်နှစ်ကို တစ်ကြိမ် ပုံမှန် ကျန်းမာရေး စစ်ဆေးမှု ခံယူပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Aye Thi Mon မှ ရေးသားသည်။ · 18/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement