backup og meta

ဆီးချို ရှိမရှိ သွေးစစ်ကြည့်သင့်တဲ့သူ (၈) မျိုး

ဆီးချို ရှိမရှိ သွေးစစ်ကြည့်သင့်တဲ့သူ တွေက ဘယ်သူတွေလဲ။ ကိုယ်တိုင်ရော ပါနေလားဆိုတာကို သိနိုင်ဖို့ ဆောင်းပါးလေး ဖတ်ကြည့်လိုက်ပါ။

ဆီးချို ရှိမရှိ သွေးစစ်ကြည့်သင့်တဲ့သူ (၈) မျိုး

ဆီးချို သွေးချို ရောဂါဆိုတာ ခုချိန်မှာ နားထဲမစိမ်းတဲ့ အခေါ်အဝေါ်တစ်ခုဖြစ်နေကြပါပြီ။ ဟိုးတုန်းကပြောကြသလို သူဌေးရောဂါလည်းမဟုတ်တော့သလို အသက်ကြီးမှ ဖြစ်တဲ့ရောဂါလည်း မဟုတ်ပါဘူး။ လူကြီးလူငယ်၊ ဆင်းရဲချမ်းသာမရွေး မျက်နှာမလိုက်တဲ့ သမာသမတ်ရောဂါတစ်ခု ဖြစ်နေတာကို သတိထားသင့်ပါတယ်။ ဆီးချိုဖြစ်စေနိုင်တဲ့ အနေအထိုင်၊ အစားအသောက်တွေရှိရင် ဖြစ်လာမှာပဲလေ။

ဒါပေမယ့် ကိုယ့်မှာဖြစ်နိုင်ခြေရှိနေတာ မသိတာ၊ မဖြစ်ခင် ကြိုရှောင်လို့ရရဲ့သားနဲ့ ရောဂါအဆင့် ရောက်သွားတာ တွေကတော့ သိပ်နှမျောဖို့ကောင်းပါတယ်။ ဆရာဝန်စစ်ခိုင်းမှ စစ်ကြည့်ပြီး ဆီးချိုတအားအရှိန်မြင့်နေတာ သိရတာမျိုးက နောက်ဆက်တွဲပြဿနာတွေနဲ့ ဆီးချိုထိန်းချုပ်မှု (blood sugar control) မရတာတွေ ခံစားရတာပိုလာပါမယ်။

ဘယ်သူတွေ ဆီးချို ရှိမရှိ စစ်ကြည့်သင့်လဲ

လူတိုင်းတော့ မကြာခဏ လက်ထိပ်သွေးဖောက်စစ်နိုင်မှာ မဟုတ်သလို တစ်ခါစစ်လို့ မရှိရင် ငါ့မှာ ဆီးချိုမရှိဘူးလို့ သတ်မှတ်လိုက်လို့ မရပါဘူး။ ဒါ့ကြောင့် ဆီးချိုစစ်ကြည့်သင့်တဲ့ ဖြစ်နိုင်ခြေများသူတွေစာရင်းကို သတိပေးလိုက်ပါရစေ။

ဆီးချို ရှိမရှိ သွေးစစ်ကြည့်သင့်တဲ့သူ (၈) မျိုး

ဆီးချို ရှိမရှိ သွေးစစ်ကြည့်သင့်တဲ့သူ (၈) မျိုး ကတော့

(၁) မိသားစုထဲမှာ ဆီးချိုရှိတဲ့ မျိုးရိုးရှိတာ (မိဘ၊ မွေးချင်းမောင်နှမတွေမှာ ဆီးချိုရောဂါရှိတာ) ၊

(၂) ကိုယ်အလေးချိန်များနေတာ (ခန္ဓာကိုယ်ထုထည်ညွှန်းကိန်း BMI က ၂၅ သို့မဟုတ် ၂၅ ထက်များနေတာ)၊ အဝလွန်နေတာ၊

(၃) ကိုယ်လက်လှုပ်ရှားမှုနည်းတာ၊

(၄) အရင်က သွေးတွင်းသကြားပြဿနာ ရှိခဲ့ဖူးတာ၊

(၅) သွေးတိုးရှိတာ (သွေးပေါင်ချိန် 140/90 နဲ့အထက်ရှိတာ)၊

(၆) သွေးတွင်းအဆီများနေတာ (သွေးတွင်းကိုလက်စထရော HDL cholesterol – 35 mg/dL နဲ့အောက် ရှိပြီး triglyceride level 250 mg/dL ထက်များနေတာ) ၊

(၇) ကိုယ်ဝန်ဆောင်ဆီးချိုရှိခဲ့ဖူးတာ ဒါမှမဟုတ် ကိုယ်အလေးချိန် ကိုးပေါင်အထက်ရှိနေတဲ့ ကလေးမွေးဖွားခဲ့တာ၊

(၈) သားဥအိမ်အရည်အိတ်တည်တဲ့ရောဂါ လိုမျိုး အချက်တွေရှိနေတဲ့သူတွေမှာ သူများတွေထက် ဆီးချိုသွေးချိုဖြစ်လာနိုင်ခြေ ပိုများပါတယ်။

ဘယ်နည်းနဲ့ စစ်ကြမလဲ

အများအားဖြင့် အစာမရှိချိန် မနက်ပိုင်း လက်ထိပ်သွေးဖောက်စစ်တာ ဒါမှမဟုတ် HbA1c (Hemoglobin A1C) သွေးစစ်တာဆိုတဲ့ နည်းနှစ်နည်းရှိပါတယ်။

လက်ထိပ်ဖောက်တဲ့နည်းက အိမ်မှာ ကိုယ်တိုင်စစ်ကြည့်လို့ရပေမယ့် ပြီးခဲ့တဲ့သုံးလတာကာလအတွင်း သွေးတွင်းသကြားထိန်းချုပ်မှု အခြေအနေကို ပိုပြီးသေချာအောင် စစ်ဆေးပေးနိုင်တဲ့ HbA1c စစ်ဆေးမှုကိုတော့ ဆေးခန်းတွေမှာ စစ်နိုင်ပါတယ်။

သွေးစစ်ကြည့်လို့ ဆီးချိုမရှိရင်ရော…

ဆီးချိုဖြစ်နိုင်ခြေ များတဲ့ အချက်တွေ ကိုယ့်မှာ ရှိနေတာတောင် သွေးစစ်ကြည့်လို့ ဆီးချို မရှိဘူးဆိုရင်လည်း ပေါ့ပေါ့ဆဆ မနေလိုက်ပါနဲ့ဦး။ စစ်ကြည့်တဲ့အချိန်မှာမရှိပေမယ့် အနေအထိုင်၊ အစားအသောက် မဆင်ခြင်ရင် နောက်ပိုင်း ဆက်ဖြစ်လာနိုင်ပါတယ်။ ဆရာဝန် ညွှန်ကြားတဲ့အတိုင်း ဒါမှမဟုတ် နောက်ပိုင်း အချိန်ကာလ တစ်ခုခြားပြီး ပြန်လည် စစ်ဆေးကြည့်သင့်ပါတယ်။

ကျန်းမာရေး လိုက်စားပါလို့ တစ်ခွန်းတည်း ပြောရင်ရပေမယ့် အသေးစိတ် ထပ်ပြောရရင် ကိုယ်အလေးချိန်ကို ထိန်းပါ၊ သွေးပေါင်ချိန်ကိုထိန်းပါ၊ သွေးတွင်း အဆီလျှော့ပါ (အဆီလျှော့စားပါ၊ ဆီကြော်တွေ၊ အသင့်စားအစားအစာတွေရှောင်ပါ) ၊ ပုံမှန် ကိုယ်လက်လှုပ်ရှားပါ။

ဆီးချိုမဖြစ်လာခင် အစပျိုးအဆင့်ရဲ့ လက္ခဏာတွေကို သိရှိနိုင်မယ် ဆိုရင် အမျိုးအစား၂ ဆီးချိုရောဂါကို ကြိုတင် ကာကွယ်နိုင်မှာ ဖြစ်သလို နှလုံးရောဂါ လိုမျိုး နောက်ဆက်တွဲ ရောဂါတွေ ဖြစ်လာနိုင်ခြေ လျော့နည်းစေမှာ ဖြစ်ပါတယ်။ အစပျိုးအဆင့်မှာ သွေးတွင်းသကြားဓာတ်ထိန်းညှိနိုင်ဖို့ glycemic index (GI) နည်းတဲ့ အစာအာဟာရတွေက အသင့်တော်ဆုံး ဖြစ်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ref:

https://www.webmd.com/diabetes/type-2-diabetes-screening?ecd=wnl_wmh_020520&ctr=wnl-wmh-020520_nsl-Bodymodule_Position5&mb=XqDqxdS5atrOcb6CvGW2XhXFE73IOX1c1SGbzvGUxlE%3d#1

Accessed Feb-6, 2020.

https://www.everydayhealth.com/diabetes/diabetes-screening-guidelines.aspx

Accessed Feb-6, 2020.

https://www.diabetes.co.uk/Diabetes-screening-test.html

Accessed Feb-6, 2020.

 

ယခုပုံစံ

06/10/2023

Yun Sandi Nan Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကလေးတွေလည်း ဆီးချိုသွေးချိုအန္တရာယ် ရှိနေနိုင်တယ်နော်

ဆီးချို နဲ့ အစားအစာဆိုင်ရာ အယူအဆမှားများ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Yun Sandi Nan Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 06/10/2023 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ