backup og meta

ချောင်းခြောက် ဆိုးခြင်းနဲ့ ပတ်သက်ပြီး ဘာတွေ သိထားဖို့ လိုမလဲ........

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Aye Thi Mon မှ ရေးသားသည်။ · 26/11/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ချောင်းခြောက် ဆိုးခြင်းနဲ့ ပတ်သက်ပြီး ဘာတွေ သိထားဖို့ လိုမလဲ........

    ချောင်းဆိုးတာက လည်ချောင်း နဲ့ အဆုတ်ထဲကို ရောက်ရှိလာတဲ့ ပြင်ပက ပစ္စည်းတွေကို ခန္ဓာကိုယ်က ပြင်ပကို ပြန်လည် ထုတ်လွှတ်တဲ့ ဇီဝဖြစ်စဉ် တစ်ရပ်ပါ။ ဖုန်မှုန့်တွေ ရှူရှိုက်မိတဲ့အခါ ချောင်းဆိုးတာက အဆုတ်ထဲကို ရောက်လာတဲ့ ဖုန်မှုန့်တွေကို ခန္ဓာကိုယ် ပြင်ပကို ပြန်လည် စွန့်ထုတ်တာပါ။ ချောင်းဆိုးတာက နေ့စဉ် ဘဝမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးပြဿနာ တစ်ခုပေါ့။ ချောင်းဆိုးတဲ့ ဆိုတဲ့ နေရာမှာ ချွဲ၊ သလိပ်ပါတဲ့ ချောင်း အစို ဆိုးတာနဲ့ ချွဲ၊ သလိပ်တွေ လုံးဝ မပါတဲ့ ချောင်းခြောက် ဆိုးတာ ဆိုပြီးပါ။

    ချောင်း အစိုဆိုးတာက သိပ်မစိုးရိမ် ရပေမယ့် ကိုဗစ် ဖြစ်ပြီးတဲ့နောက်မှာတော့ ချောင်းခြောက်ဆိုးတာက စိုးရိမ်စရာ ကျန်းမာရေး အခြေအနေ တစ်ရပ်ဖြစ်လာခဲ့ပါတယ်။ ချောင်းခြောက် ဆိုးတာက ကိုဗစ် လက္ခဏာ တစ်ရပ်လို့ ဆိုတာကိုး။

    ချောင်းဆိုးတယ်ဆိုတဲ့ နေရာမှာ ရက်အနည်းငယ်လောက်ပဲ ဆိုးတာကို ပုံမှန် ချောင်းဆိုးတာလို့ သတ်မှတ်ပြီး ရက်သတ္တပတ် ၈ ပတ်အထိ ကြာမယ်ဆိုရင်တော့ နာတာရှည် ချောင်းဆိုးတယ်လို့ သတ်မှတ်ပါတယ်။

    ဒီတစ်ခေါက်တော့ ချောင်းခြောက်ဆိုးတယ်ဆိုတာ ဘာလဲ၊ ချောင်းခြောက်ဆိုးရတဲ့ အကြောင်းတရားတွေက ဘာတွေလဲဆိုတာကို ပြောပြပေးသွားပါမယ်။

    ချောင်းခြောက်ဆိုးတယ် ဆိုတာ

    တဟွတ်ဟွတ် အသံကြားရင်တော့ ချောင်းဆိုးတာလို့ သတ်မှတ်လိုက်ကြပေမယ့် ချောင်းဆိုးတဲ့အခါ ချွဲသလိပ်တွေ ထွက်လား မထွက်ဘူးလားဆိုတဲ့အပေါ် မူတည်ပြီး ချောင်းခြောက် ချောင်းစို ခွဲကြတာပါ။

    ချောင်းခြောက် ဆိုးတယ်ဆိုတာက ချောင်းဆိုးနေပေမယ့် လည်ချောင်းကို သလိပ်ခပ်တဲ့အခါ ချွဲသလိပ်တွေ ထွက်မလာတာပါ။ လည်ချောင်းတွေနာပြီး ဗိုက်ကြွက်သားတွေနဲ့ ရင်ဘတ်တွေ နာပေမယ့်လည်း ချွဲ လုံးဝ မထွက်တဲ့ အခြေအနေကို ချောင်းခြောက်ဆိုးတယ်လို့ ခေါ်ပါတယ်။

    ဘာတွေကများ ချောင်းခြောက် ဆိုးစေတာလဲ……………

    ချောင်းခြောက် ဆိုးရတဲ့ အကြောင်းအရင်းခံက တစ်ခုမက ရှိပါတယ်။

    • Covid – 19
    • ပန်းနာရင်ကျပ်
    • စားချဉ့်ရည် ပြန်ဆန် တက်တာ
    • အသက်ရှူ လမ်းကြောင်း အထက်ပိုင်း ပိုးဝင် ကူးစက်တာ
    • အဆုတ် ကင်ဆာ
    • စီးကရက် သောက်တာ
    • ညစ်ညမ်းတဲ့အရာတွေကို ရှူရှိုက်မိတာ
    • ဓာတ်မတည့်တာ
    • ကြက်ညှာချောင်းဆိုး
    • Postnasal drip
    • ဆေးဝါးစတာတွေကြောင့် ချောင်းခြောက်ဆိုးနိုင်ပါတယ်။

    ချောင်းခြောက်ဆိုးတဲ့အခါ သက်သာစေဖို့

    ချောင်းခြောက်ဆိုးတာက ပြင်းထန်တဲ့ ကျန်းမာရေး အကြောင်းအရင်းတွေကြောင့် ဖြစ်နိုင်သလို အသေးစား ကျန်းမာရေးပြဿနာလေးတွေရဲ့ နောက်ဆက်တွဲ ကျန်းမာရေး အခြေအနေလည်း ဖြစ်နိုင်ပါတယ်။ ပုံမှန်အတိုင်း ချောင်းခြောက်ဆိုးတာကို သက်သာစေဖို့ဆိုရင်တော့ ဒီနည်းလမ်းလေးတွေကို အသုံးပြုပေးလို့ ရပါတယ်။

    ပျားသံပုရာရည်

    ရေနွေးနွေးလေးထဲကို ပျားရည်၊ သံပုရာရည်တို့ ထည့်ပြီး ဖျော်သောက်ပေးတာကလည်း ချောင်းခြောက် ဆိုးတာကို သက်သာစေနိုင်ပါတယ်။ ပျားရည်က ဘက်တီးရီးယားတွေကို ဖယ်ရှားပေးနိုင်လို့ပါ။

    ချင်း (ဂျင်း) ရေနွေးကြမ်း

    ချင်းကို ပါးပါးလေး လှီးပြီး ရေနွေးဆူဆူထဲမှာ ၁၅ မိနစ်လောက် စိမ်ထားပြီး တစ်နေ့ကို (၃) ကြိမ်လောက် သောက်ပေးတာကလည်း ချောင်းခြောက်ဆိုးတာကို သက်သာစေနိုင်ပါတယ်။ အကြောင်းကတော့ ချင်း (ဂျင်း) က ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာ ပါဝင်နေလို့ပါ။

    ရေနွေးငွေ့ခံပါ

    ရေနွေးငွေ့ ရှူပေးတာက အစိုဓာတ်ကို ရရှိစေတာကြောင့် လည်ချောင်း အတွင်းသား တစ်ရှူးတွေကို အစိုဓာတ် ထိန်းပေးပြီး ချောင်းဆိုးတာကို သက်သာစေနိုင်ပါတယ်။

    ခေါင်းအုံးမြင့်မြင့် အုံးပါ

    ချောင်းခြောက်က ညအချိန်မှာ ပိုဆိုးသလို အိပ်ဖို့ ခန္ဓာကိုယ်ကို လှဲလိုက်တဲ့အခါ ပိုဆိုးပါတယ်။ ဒါကြောင့် ချောင်းခြောက်ဆိုးတာကို သက်သာစေဖို့ဆိုရင် အိပ်တဲ့အခါ ခန္ဓာကိုယ် အထက်ပိုင်းကို ၆ လက်မ ကနေ ၈ လက်မလောက်အထိ မြှင့်ထားပါ။

    ရေနွေးနဲ့ ရေချိုးပါ

    ရေနွေးနဲ့ ရေချိုးပေးတာက ချောင်းဆိုးတာကို သက်သာစေမယ့် အိမ်တွင်းကုထုံးတွေထဲက တစ်ခုပါ။ ရေနွေးငွေ့က အစိုဓာတ် ထိန်းပေးတာကြောင့် ချောင်းခြောက်ဆိုးတာကို သက်သာစေမှာပါ။

    ချောင်းဆိုးပျောက်ဆေး သောက်ပါ

    ချောင်းဆိုးပျောက်ဆေး သောက်တာက ချောင်းဆိုးတာကို သက်သာစေနိုင်မယ့် အထိရောက်ဆုံး နည်းလမ်းတစ်ခုပါ။ dextromethorphan ပါတဲ့ ချောင်းဆိုး ပျောက်ဆေးက ချောင်းခြောက်ဆိုးတာကို သိသိသာသာ သက်သာစေနိုင်ပါတယ်။

    ငုံဆေး ငုံပါ

    ချောင်းဆိုးပျောက်ဆေး သောက်ဖို့ မလွယ်တဲ့ အခြေအနေမှာဆိုရင် ငုံဆေးကလည်း အတော်လေး အဆင်ပြေစေမယ့် ချောင်းဆိုး သက်သာစေမယ့် နည်းလမ်းတစ်ခုပါ။ ဒါကြောင့် ချောင်းဆိုးတဲ့အခါ ချောင်းဆိုးတာကို သက်သာစေဖို့ ထုတ်ထားတဲ့ ငုံဆေးကို ငုံပေးလို့ ရပါတယ်။

    ချောင်းခြောက်ဆိုးတာကို ကာကွယ်လို့ ရလား……

    ချောင်းခြောက်ဆိုးတာကို အမြဲတမ်း ကာကွယ်လို့ မရဘူးဆိုပေမယ့် ဒီနည်းလမ်းလေးတွေကတော့ ချောင်းခြောက်ဆိုးတာကို အတိုင်းအတာ တစ်ခုအထိ ကာကွယ်ပေးနိုင်မှာပါ။

    • ဆေးလိပ် မသောက်ပါနဲ့။
    • ရေများများ သောက်ပါ
    • အစိုဓာတ် ထိန်းစက် ဖွင့်ပါ။
    • ဓာတ်မတည့်တဲ့ အရာတွေကို မထိတွေ့မိအောင် ဂရုပြုပါ။

    ချောင်းခြောက်ဆိုးတာက ရက်သတ္တပတ် တော်တော်လေး ကြာတဲ့အထိ မသက်သာဘဲ ဖြစ်နေမယ်။ အပေါ်က နည်းလမ်းတွေအတိုင်း လိုက်နာ လုပ်ဆောင်ပေမယ့်လည်း မသက်သာဘူးဆိုရင်တော့ ချောင်းခြောက်ဆိုးတဲ့ အကြောင်းအရင်းကို သေချာသိရှိအောင် လုပ်ဆောင်ဖို့ လိုပါမယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Aye Thi Mon မှ ရေးသားသည်။ · 26/11/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement