backup og meta

ချောင်းခြောက်ဝေဒနာ ကင်းဝေးစေဖို့ အိမ်တွင်းကုထုံး

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 31/01/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ချောင်းခြောက်ဝေဒနာ ကင်းဝေးစေဖို့ အိမ်တွင်းကုထုံး

    ချောင်းဆိုးပြီဆိုမှတော့ ချောင်းအစိုပဲ ဆိုးဆိုး၊ ချောင်းခြောက်ပဲ ဆိုးဆိုး တော်တော်လေးကို နေရထိုင်ရ ခက်စေမှာပါ။ ချောင်းအစို ကျတော့လည်း နှာရည်က တတောက်တောက်ကျ၊ ချောင်းဆိုးရင်လည်း ချွဲသလိပ်တွေ ကပ်ပါ၊ စကားပြောတော့လည်း ချွဲသံနဲ့ စိတ်ညစ်စရာကြီးနော်။ ချောင်းခြောက်ကျတော့လည်း လည်ချောင်းက တစ်ခုခု ကပ်ပြီး ယားနေသလို၊ အရေပြားမဟုတ်တော့ ကုတ်လို့လည်း မရ၊ ဆိုးဖန်များလာတော့ လည်ချောင်းကနာ၊ ဘေးလူတွေကိုလည်း အားနာရသေးတယ်မလား။ ဒီတစ်ခေါက်တော့ ချောင်းခြောက်ဝေဒနာ ကင်းဝေးစေဖို့ အိမ်တွင်းကုထုံး အကြောင်း ပြောပြပေးချင်ပါတယ်။

    ခုဆောင်းပါးမှာတော့ ရာသီ အကူးအပြောင်းကာလကြောင့် ဆိုးနေတဲ့ ချောင်းခြောက်တွေကို အိမ်မှာပဲ အလွယ်တကူ သက်သာစေအောင် လုပ်လို့ရမယ့် ကုထုံးတွေနဲ့ ပတ်သက်ပြီး ပြောပြပေးချင်ပါတယ်။ အရမ်းလည်း အလုပ်မရှုပ်စေတာကြောင့် ကိုယ်တိုင် လုပ်လို့ ရပါတယ်။

    ချောင်းခြောက်ဝေဒနာ ကင်းဝေးစေဖို့ အိမ်တွင်းကုထုံး

    ချောင်းခြောက်ဝေဒနာ ကင်းဝေးစေဖို့ အိမ်တွင်းကုထုံး တွေကတော့

    ၁။ ငုံဆေး သကြားလုံး ငုံပါ။

    ပူရှိန်း၊ သံပရာ၊ ပျားရည်၊ လိမ္မော် အစရှိသဖြင့် အရသာ အမျိုးမျိုးနဲ့ ထုတ်လုပ်ထားတဲ့ ငုံဆေးလေးတွေ ရှိပါတယ်။ သကြားမပါဝင်ဘဲ ချောင်းဆိုးတာ၊ နှာစေးတာ၊ လည်ချောင်းနာတာအတွက် သီးသန့် ထုတ်လုပ်ထားတဲ့ ငုံဆေးကို ငုံပေးပါ။ လည်ချောင်းယားတာကို သက်သာစေပြီး မကြာခဏချောင်းဆိုးတာလည်း ဖြစ်မှာမဟုတ်တော့ပါဘူး။

    ၂။ ပျားရည်ကို သတိရပါ။

    ပျားရည်မှာ သဘာဝအတိုင်း ရောဂါပိုးမွှားတွေကို သန့်စင်ပေးပြီး အေးမြစေတဲ့ အစွမ်းသတ္တိတွေ ပါဝင်ပါတယ်။ ချောင်းခြောက် ဆိုးတဲ့ အကြိမ်ရေ များလာတာနဲ့အမျှ လည်ချောင်းက နီရဲရောင်ရမ်းနေမှာပါ။ ဒီအတွက် ပျားရည်ကို ရေနွေး၊ သံပရာရည်နဲ့ ရောစပ်သောက်ပေးခြင်းဖြင့် အရောင်ကျစေတဲ့အပြင် ခံတွင်းရှင်းစေလို့ ချောင်းခြောက် ဝေဒနာ အမြန်ဆုံး သက်သာအောင် ကူညီပေးနိုင်မှာပါ။ အိမ်တိုင်းမှာ ရှိတဲ့ မီးဖိုချောင်သုံးပစ္စည်းလေးမို့ လွယ်ကူသက်သာမယ်လို့ ထင်ပါတယ်။

    ၃။ အရည်ပူပူလေး သောက်ပေးပါ။

    ရေနွေးကြမ်း၊ စွပ်ပြုတ်၊ ချင်းပြုတ်ရည်၊ ကြက်ပြုတ်ရည်၊ အရိုးစွပ်ပြုတ် ပူပူနွေးနွေးလေး သောက်ပေးခြင်းဖြင့် လည်ချောင်းထဲမှာ ရှိနေတဲ့ ရောဂါပိုးမွှားတွေကို ဖယ်ရှားပေးသလို လည်ချောင်းနာတဲ့ ဝေဒနာကိုလည်း သက်သာစေနိုင်ပါတယ်။ ခန္ဓာကိုယ်အတွက် ရေဓာတ်ကိုလည်း ပြန်ဖြည့်ပေးသလို လည်ချောင်းစိုစွတ်စေတဲ့အတွက် ပိုးမွှားတွေ အလွယ်တကူ ကပ်ငြိမနေနိုင်အောင်လို့ ကာကွယ်ပြီးသားလည်း ဖြစ်မှာပါ။ သောက်တဲ့အခါ ပူပူလေး သောက်ပေးဖို့နဲ့ လျှာအပူမလောင်အောင်လို့ နည်းနည်း မှုတ်သောက်ဖို့တော့ မမေ့နဲ့နော်။

    ၄။ လေထုအစိုထိန်းစက်

    Humidifier လို့ ခေါ်တဲ့ စက်က ခြောက်သွေ့နေတဲ့ လေထုကို အစိုဓာတ်နဲ့ ရေဓာတ် ဖြည့်ပေးပါတယ်။ ခြောက်သွေ့နေတဲ့ လေထုမှာ ရောဂါပိုးမွှားတွေအပြင် ဓာတ်မတည့်ခြင်းကို ဖြစ်စေတဲ့ အမှုန်အမှားတွေ ပါလာတတ်တာကြောင့် ဒီစက်ကို အိမ်မှာ ဆောင်ထားခြင်းဖြင့် ချောင်းခြောက်ဝေဒနာကို အမြန်သက်သာလာအောင် ကူညီပေးနိုင်ပါတယ်။ လေထု အစိုဓာတ်ထိန်းစက်ကို ဆေးဆိုင်တွေနဲ့ စတိုးဆိုင်တွေမှာ မေးမြန်းဝယ်ယူနိုင်ပါတယ်။

    တခြား ဂရုစိုက်ပေးဖို့ ဘာလိုမလဲဆိုရင်

    • နှာခေါင်းကို ယားယံစေနိုင်တဲ့ အိမ်သန့်ရှင်းရေး ပစ္စည်းတွေ၊ အိမ်မွေးတိရစ္ဆာန်တွေ၊ ရေမွှေး၊ ဆေးလိပ်ငွေ့၊ ပန်းပွင့်စိုက်ထားတဲ့ ပန်းအိုး စတာတွေကို အိပ်ခန်းထဲမှာ မထားပါနဲ့။
    • ချောင်းခြောက်ဆိုးနေရင် ရေကို များများသောက်ပေးပါ။ အနည်းဆုံး တစ်နေ့ကို ၃လီတာလောက်တော့ သောက်ပေးနိုင်ရင် အကောင်းဆုံးပါပဲ။
    • သာမန် ချောင်းခြောက်ဆိုးတာအတွက် အိမ်တွင်းကုထုံးနဲ့ ကုသလို့ ရသလို ဆေးဆိုင်ကနေလည်း ချောင်းဆိုးပျောက်ဆေး ဝယ်သောက်လို့လည်း ရပါတယ်။
    • အချဉ်ဓာတ်များတဲ့ အသီးအနှံတွေ များများစားပေးပါ။ အအေးမိတုပ်ကွေးကြောင့်  ချောင်းခြောက်ဆိုးတာ အဖြစ်များတာကြောင့် မြန်မြန်သက်သောအောင် ဗီတာမင် စီ ကြွယ်ဝတဲ့ အသီးအနှံတွေကို စားပေးသင့်ပါတယ်။
    • သွားတိုက်ပြီးတဲ့အခါတိုင်း ဆားငန်ရည်နဲ့ ပလုတ်ကျင်းပေးနိုင်ရင်လည်း ကောင်းပါတယ်။ ပလုတ်ကျင်းတဲ့ နေရာမှာ ပါးစပ် ပတ်ပတ်လည်နဲ့ အာခေါင်ထိပါ ပလုတ်ကျင်းပေးဖို့ အရေးကြီးပါတယ်။ ပြီးရင် မမျိုချဘဲ ပြန်ထွေးထုတ်ပြီး ရေနဲ့ ပလုတ်ပြန်ကျင်းပေးပါ။

    လုံးဝ မသက်သာဘူးဆိုရင်တော့ အထွေထွေရောဂါကု ဆရာဝန်နဲ့ သွားရောက်စစ်ဆေးပြီး လိုအပ်တဲ့ ကုသမှုတွေ ခံယူပေးဖို့ မမေ့ပါနဲ့နော်။ ချောင်းခြောက်ဆိုးတာ ရက်ကြာလာပြီး အဖျားတက်တာ၊ အသက်ရှူရခက်တဲ့ လက္ခဏာတွေပါ ပြလာရင် ဆေးရုံတွေမှာ သွားရောက်စစ်ဆေးကြည့်ဖို့ အကြံပေးလိုက်ပါတယ်။

    Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 31/01/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement