backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း

1

ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

ပန်းနာရင်ကျပ်ရောဂါ အကြောင်း သိကောင်းစရာ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 10/03/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ပန်းနာရင်ကျပ်ရောဂါ အကြောင်း သိကောင်းစရာ

ပန်းနာရင်ကျပ်ရောဂါ က မြန်မာနိုင်ငံရဲ့ အဖြစ်အများဆုံး အသက်ရှူလမ်းကြောင်းရောဂါတွေထဲမှာ နံပါတ် ၆ချိတ်ပါတယ်။ မျိုးရိုးလည်း လိုက်တတ်တာကြောင့် အဖြစ်များတဲ့ရောဂါ တစ်မျိုး ဖြစ်ပါတယ်။ ပန်းနာရင်ကျပ်နဲ့ ပတ်သက်ပြီး ဘယ်လိုအချက်အလက်တွေက သိထားသင့်သလဲဆိုတာ မျှဝေပေးလိုပါတယ်။

ပန်းနာရင်ကျပ်ရောဂါ ဆိုတာ

ပန်းနာရင်ကျပ်ဆိုတာ လေပြွန်တွေ ရောင်ရမ်းတဲ့ရောဂါပါ။ လေပြွန်တွေ ရောင်ရမ်းတဲ့အတွက်ကြောင့် ကျဉ်းမြောင်းလာပြီး ချွဲတွေနဲ့ ပြည့်လာတာကြောင့် အသက်ရှူရကျပ်လာပြီး တရွှီရွှီနဲ့ မောလာပါတယ်။ နာတာရှည်ရောဂါဖြစ်ပြီး အမြစ်ပြတ်ကုသဖို့ မလွယ်ပါဘူး။ ဒါပေမယ့် ဆောင်ရန် ရှောင်ရန်တွေကို လိုက်နာရင်တော့ လူကောင်းအတိုင်း နေသွားနိုင်ပါတယ်။

ပန်းနာရင်ကျပ်ရောဂါ ဘာကြောင့်ဖြစ်တာလဲ။

ပန်းနာရင်ကြပ် ဘာကြောင့် ဖြစ်တာလဲဆိုတာ အတိအကျ မပြောနိုင်သေးပါဘူး။ မျိုးဗီဇနဲ့ ပတ်ဝန်းကျင်က အချက်အလက်တွေကြောင့်လို့ပဲ ယူဆထားကြပါတယ်။ ဒါပေမယ့် ပန်းနာရင်ကျပ်သမားတွေမှာ ရင်ကျပ်ထစေတဲ့ ပစ္စည်းလေးတွေ ရှိပါတယ်။ ဒါကို triggersလို့ ခေါ်ပါတယ်။ ဥပမာ ပြောရရင်

  • အမှုန်အမွှားတွေ၊ ဖုန်တွေ၊ ဝတ်မှုန်တွေ ရှူပြီး ကျပ်တာ
  • အအေးမိပြီး ကျပ်တာ
  • လေ့ကျင့်ခန်း လုပ်ရင် ကျပ်တာ
  • ရာသီဥတုအေးရင် ကျပ်တာ
  • မီးခိုးငွေ့တွေ၊ ဆေးလိပ်ငွေ့တွေ ရှူမိရင် ကျပ်တာ
  • စိတ်ဖိစီးမှုများရင် ကျပ်တာ
  • ဆေးတွေသောက်မိရင် ကျပ်တာ
  • စားချဉ့်ရည်ပြန်ပြီး ကျပ်တာ အမျိုးမျိုး ရှိပါတယ်။

ပန်းနာရင်ကျပ် အမျိုးအစားများ

ဒါကြောင့်ပဲ ပန်းနာရင်ကြပ်ရောဂါက အောက်ကလိုမျိုး အမျိုးအစားတွေ ကွဲသွားပါတော့တယ်။

ပန်းနာရင်ကျပ်ရောဂါရဲ့ လက္ခဏာများ

ပန်းနာရင်ကျပ်က ဘာကြောင့်ပဲ ကျပ်ကျပ်၊ ဘယ်အမျိုးအစားပဲ ဖြစ်ဖြစ် ရောဂါအရ လေပြွန်ရောင်ရမ်းပြီး ကျဉ်းမြောင်းတာဖြစ်တဲ့အတွက် လက္ခဏာတွေက အတူတူပါပဲ။

  • မောမယ်
  • ရင်ဘတ်ထဲမှာ တင်းကျပ်ကျပ် ခံစားရမယ်
  • အသက်ရှူရင် တရွှီရွှီမြည်မယ်
  • ချောင်းဆိုးမယ်၊ ချွဲကျပ်မယ်
  • ညဘက်တွေ အိပ်မရဖြစ်မယ် စတဲ့ လက္ခဏာတွေပဲ ဖြစ်ပါတယ်။

လက္ခဏာတွေက တစ်ယောက်နဲ့ တစ်ယောက် ပြင်းထန်ပုံပေါ်မူတည်ပြီး ကွဲပြားနိုင်ပါတယ်။ တချို့က ချောင်းပဲဆိုးပေမယ့် တချို့က ဆေးရှူရလောက်တဲ့အထိ ပြင်းထန်တတ်ပါတယ်။ တစ်ယောက်တည်းမှာတောင်မှ တစ်ခေါက်နဲ့ တစ်ခေါက် မတူနိုင်ပါဘူး။ ဒီတစ်ခါ ချောင်းပဲဆိုးပေမယ့် နောက်တစ်ခါ ဆေးရုံတက်ရတာမျိုးလည်း ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် လက္ခဏာတွေက ပုံသေမရှိဘူးဆိုတာ သိထားရပါမယ်။

ဘယ်သူတွေ ပန်းနာရင်ကျပ်ရောဂါ ပိုဖြစ်နိုင်လဲ။

  • မိဘ ဒါမှမဟုတ် မောင်နှမတွေမှာ ပန်းနာရင်ကျပ် မျိုးရိုးရှိသူတွေ
  • ဓာတ်မတည့် ရောဂါအခံရှိသူတွေ ဥပမာ နှင်းခူ
  • အဝလွန်တဲ့သူတွေ
  • ဆေးလိပ်သောက်တဲ့သူတွေ
  • ကိုယ်တိုင်မသောက်တောင် ဆေးလိပ်ငွေ့နဲ့ ထိတွေ့မှု များတဲ့သူတွေ
  • လေထုညစ်ညမ်းတဲ့ နေရာမှာ နေတဲ့သူတွေ
  • လုပ်ငန်းခွင်မှာ အမှုန်အမွှားတွေ၊ ဖုန်တွေ၊ အငွေ့တွေ ရှူရှိုက်ရတဲ့သူတွေမှာ အဖြစ်များပါတယ်။

ပန်းနာရင်ကျပ်ရောဂါရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေက ဘာတွေလဲ။

  • ပန်းနာရင်ကျပ် ခဏခဏ ထတဲ့အခါ ညဘက်တွေ အိပ်ရေးပျက်တာမျိုး၊ အလုပ်ပျက်၊ ကျောင်းပျက်တာမျိုး ဖြစ်တတ်ပါတယ်။
  • ပန်းနာရင်ကျပ်ကြောင့် အမောဖောက်ပြီး နေ့စဉ်လုပ်ငန်းဆောင်တာတွေကို ထိခိုက်နိုင်ပါတယ်။
  • ခဏခဏ ကျပ်တဲ့အခါ လေပြွန်တွေ ပျက်စီးလာပြီး အသက်ရှူရတာ အခက်အခဲ ရှိလာနိုင်ပါတယ်။
  • မကြာခဏ ဆေးရုံတက်ရရင် ငွေကုန်ကြေးကျများနိုင်ပါတယ်။
  • ပန်းနာရင်ကျပ် ကောင်းကောင်း မထိန်းနိုင်လို့ ဆေးတွေ စွဲသောက်ရရင် ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေ ခံရတတ်ပါတယ်။ ဥပမာ စတီးရွိုက် ရှူဆေးတွေကြောင့် မှက္ခရုပေါက်တာမျိုး

ဒါကြောင့် ပန်းနာရင်ကျပ်နဲ့ ပတ်သက်လာရင် စနစ်တကျ ကုသမှု ခံယူပြီး ဆောင်ရန် ရှောင်ရန်တွေကို သေချာလိုက်နာတာက ရေရှည်မှာ လူနာအတွက် ထိခိုက်မှု နည်းပြီး အများကြီး အကျိုးရှိပါတယ်။

ပန်းနာရင်ကျပ်ရောဂါ ရှိမရှိ ဘယ်လို စစ်ဆေးနိုင်မလဲ။

ပန်းနာရင်ကျပ်ရောဂါ ရှိမရှိကို အဆင့် ၃ဆင့်နဲ့ စစ်ဆေးပါတယ်။

  • ရောဂါရာဇဝင်မေးမြန်းခြင်း
  • လူနာကို စမ်းသပ်ခြင်း
  • လိုအပ်တဲ့ ဆေးစစ်မှုများ ပြုလုပ်ခြင်း

-ဆေးစစ်မှုတွေမှာ Spirometryလို့ ခေါ်တဲ့ အဆုတ်ကောင်းကောင်း အလုပ်လုပ်မလုပ်ကို စမ်းသပ်တာ

-ရင်ဘတ်ဓာတ်မှန်

-ကွန်ပြူတာ ဓာတ်မှန်

-သွေးစစ်ချက်

-သလိပ်ပိုးမွေးတာ

-စားချဉ့်ပြန်ဆန်တက်တဲ့ ရောဂါရှိမရှိ စစ်ဆေးတာ (တချို့ပန်းနာရင်ကြပ်သမားတွေက ဒီရောဂါကြောင့် ကြပ်လေ့ရှိပါတယ်။)

-ဓာတ်မတည့် ရောဂါရှိမရှိ စစ်ဆေးတာ စတာတွေ လုပ်ရနိုင်ပါတယ်။

ရောဂါရာဇဝင် မေးမြန်းတာနဲ့ လူနာကို စမ်းသပ်တာကတော့ လူနာတိုင်း ခံယူရပါမယ်။ ဆေးစစ်ချက်တွေကတော့ လူနာပေါ် မူတည်ပြီး စစ်ရတဲ့နည်းတွေ ကွဲသွားနိုင်ပါတယ်။ အကုန်စစ်ချင်မှ စစ်ရမှာပါ။ ရောဂါကို မှန်မှန်ကန်ကန် ရှာတွေ့မှသာ ကုသရတာ လမ်းမလွဲမှာပါ။

ပန်းနာရင်ကျပ်ရောဂါကို ဘယ်လိုကုသလို့ ရသလဲ။

ပန်းနာရင်ကြပ်ရောဂါကို Stepwise managementလို့ ခေါ်တဲ့ ပြင်းထန်မှု အဆင့်အလိုက် ဆေးတွေ အတိုးအလျှော့လုပ်ပြီး ကုသပေးပါတယ်။ ရံဖန်ရံခါ ကြပ်တာလား၊ မကြာခဏ ကြပ်တာလား။ မကြာခဏ ကြပ်တာကိုမှ သာမန်ပဲလား၊ နည်းနည်းပြင်းထန်သလား၊ ပြင်းထန်အဆင့်လား စသဖြင့် အဆင့်ခွဲပြီး ကုသပေးပါတယ်။

သုံးတဲ့ ဆေးတွေကတော့

  • ရေရှည်မှာ ထိန်းချုပ်နိုင်ဖို့ ပုံမှန်သုံးရတဲ့ ဆေးတွေကတော့

-စတီးရွိုက်ရှူဆေးတွေ

-စတီးရွိုက်နဲ့ လေပြွန်ကျယ်ဆေးတွေကို ပေါင်းစပ်ထားတဲ့ ရှူဆေးတွေ

-Leukotriene modifiersလို့ ခေါ်တဲ့ ဆေးတွေ

-Theophyllineဆိုတဲ့ ဆေးတွေပဲ ဖြစ်ပါတယ်။

  • ကြပ်လာရင် အမြန်သက်သာဖို့ ဆောင်ထားခိုင်းတဲ့ ဆေးတွေကတော့

-လေပြွန်ကျယ်ဆေးတွေ

-စတီးရွိုက်တွေပဲ ဖြစ်ပါတယ်။

ပန်းနာရင်ကျပ်ရောဂါအတွက် ဆောင်ရန် ရှောင်ရန်တွေက

  • ဆေးကုသမှုကို စနစ်တကျ ခံယူပါ။
  • တုပ်ကွေး ကာကွယ်ဆေးတွေ ထိုးထားပါ။
  • ကိုယ့်ကို ပန်းနာရင်ကျပ် ထစေတဲ့ ပစ္စည်းတွေနဲ့ ဝေးဝေးရှောင်ပါ။
  • အသက်ရှူလေ့ကျင့်ခန်းလုပ်ပါ။
  • ကျပ်မယ့် အရိပ်အယောင်ပြတာနဲ့ ဆေးရှူပါ။ ဒါမှ ပြင်းထန်တဲ့ အဆင့်ထိ ရောက်မသွားမှာ ဖြစ်ပါတယ်။
  • ဆေးကို ကိုယ်နဲ့ မကွာဆောင်ထားပါ။
  • ကျပ်တဲ့အချိန်တွေကို အသေးစိတ်ချရေးထားပါ။ ဆရာဝန်နဲ့ ရက်ချိန်းပြတဲ့အခါ အများကြီး အထောက်အကူဖြစ်ပါတယ်။
  • ဆေးတွေကို ညွှန်ကြားထားတဲ့အတိုင်းပဲ သုံးပါ။
  • ဆေးရှူနည်း မှန်ကန်ပါစေ။
  • ကိုယ့်ပတ်ဝန်းကျင်ကို သန့်ရှင်းအောင် ထားပါ။
  • ပန်းပွင့်တဲ့ ရာသီဆို အခန်းပြတင်းပေါက်တွေ ပိတ်ထားပါ။ အထူးသဖြင့် ဝတ်မှုန်နဲ့ မတည့်တဲ့သူဆို ပိုပြီး သတိထားသင့်ပါတယ်။
  • အခန်းတွင်း စိုထိုင်းဆ မများပါစေနဲ့။ မှိုစွဲပြီး ရင်ကျပ်တတ်ပါတယ်။
  • တိရစ္ဆာန်အမွေးနဲ့ မတည့်တဲ့သူဆို အိမ်မှာ မမွေးပါနဲ့။

Takeaway

ပန်းနာရင်ကြပ်က နာတာရှည်ရောဂါဆိုပေမယ့် ဆောင်ရန် ရှောင်ရန်တွေ သေချာလိုက်နာမယ်၊ ဆေးကုသမှု သေချာခံယူမယ်ဆိုရင် ရောဂါကို ကောင်းကောင်းထိန်းချုပ်နိုင်တဲ့အတွက် သာမန်လူလိုပဲ နေသွားနိုင်မှာ ဖြစ်ပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Phyo Wai Lynn


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 10/03/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement