ရာသီဥတုအေးလာပြီဆို နှာလေးချေလိုက်ရမှ။ ရာသီဥတုအပြောင်းအလဲကို အရင်ဆုံးအချက်ပြလာတာက နှာရည်ကျလာတာပါပဲ။ တချို့ကျတော့ ဒီလောက်နဲ့မရပ်သွားဘဲ အအေးမိ၊တုပ်ကွေးတွေအထိဖြစ်လာတယ်။ ဟိုလူဖျား၊ ဒီလူဖျားနဲ့နေမကောင်းဖြစ်သူတွေ ပတ်လည်ဝိုင်းလာတဲ့အထိပြန့်ပွားလာတတ်ပါတယ်။
အေးတဲ့ရာသီမှာရောဂါပိုးပြန့်ပွားမှုနှုန်း ဘာလို့ပိုမြန်ရတာလဲ၊ ဘာလို့အဖြစ်များတာလဲ ဆိုတော့ ဗိုင်းရပ်စ်ကြောင့်ပါ။ အအေးမိနဲ့ တုပ်ကွေးြဖစ်စေတဲ့ဗိုင်းရပ်စ်တွေက အေးပြီးခြောက်သွေ့တဲ့ လေထုထဲမှာ ပိုပြီးကြာကြာအသက်ရှင်နိုင်တာကြောင့် ဒီရာသီနဲ့ကွက်တိပါပဲ။
အအေးမိနဲ့တုပ်ကွေးဗိုင်းရပ်စ်တွေက အသက်ရှူလမ်းကြောင်းကတဆင့် ခန္ဓါကိုယ်ထဲကို ဝင်ရောက်လေ့ရှိတယ်။ နှာခေါင်းလမ်းကြောင်းနံရံအမြှေးတွေကလည်း ရောဂါဖြစ်စေနိုင်တဲ့ပိုးမွှားတွေကိုကာကွယ်နိုင်တဲ့လုပ်ဆောင်ချက်တွေပိုင်ဆိုင်ထားပါတယ်။ ဒါပေမယ့် နှာခေါင်းက ရှူရှိုက်လိုက်တဲ့လေအေးတွေကြောင့် ချွဲသလိပ်ရှင်းလင်းနိုင်စွမ်းကိုနှေးကွေးစေပါတယ်။ အဲဒီမှာ ဗိုင်းရပ်စ်တွေက ပိုကြာကြာကပ်တွယ်ခွင့်ရသွားပြီး ခန္ဓါကိုယ်ထဲ ဝင်ရောက်ဖို့ကြိုးစားလာတာဖြစ်ပါတယ်။
နေမကောင်းဖြစ်တဲ့လူက နှာချေလိုက်တိုင်း၊ချောင်းဆိုးလိုက်တိုင်းလေထဲကို အမှုန်စက်လေးတွေပျံ့နှံ့သွားပြီး တွေ့ထိမိတဲ့ မျက်နှာပြင်တစ်နေရာရာမှာ ကပ်တွယ်သွားမယ်၊ ဒါမှမဟုတ် အနီးတဝိုက်လေကြောင်းသင့်တဲ့နေရာက လူတစ်ယောက်ရဲ့ အသက်ရှူလမ်းကြောင်းထဲ ပါသွားမယ်ဆိုရင်ရောဂါကူးပြီလေ။
တုပ်ကွေးဗိုင်းရပ်စ်က စိုထိုင်းဆလျော့နည်းပြီး အပူချိန်လျော့နေတဲ့အခြေအနေမှာပိုကပ်တွယ်နိုင်စွမ်းရှိပါတယ်။ ဒါ့ကြောင့်ပဲ ရာသီဥတုအေးနေချိန်အတွင်း အအေးမိတုပ်ကွေး ကူးစက်ပြန့်ပွားမှုပိုများတာဖြစ်ပါတယ်။တုပ်ကွေးေရာ၊ အအေးမိေရာ ကူးစက်လွယ်တဲ့ရောဂါတွေချည်းဆိုပေမယ့် အအေးမိက ပိုအဖြစ်များပြီး တုပ်ကွေးကတော့ လက္ခဏာပိုပြင်းထန်ပါတယ်။
အဓိကကွာခြားချက်က ရောဂါလက္ခဏာတွေပါ။ တုပ်ကွေးလက္ခဏာေတွက အအေးမိတာထက် ပိုပြင်းထန်ပြီး ခန္ဓါကိုယ်တစ်ခုလုံးကို ထိခိုက်ခံစားရစေတာဖြစ်ပါတယ်။ အအေးမိတာကတော့ အသက်ရှူလမ်းကြောင်းအထက်ပိုင်းမှာပဲ သက်ရောက်မှုဖြစ်တာပါ။ ဥပမာ အအေးမိလက္ခဏာတွေက နှာစေးနှာပိတ်၊ချောင်းဆိုး၊လည်ချောင်းနာတွေဖြစ်ပေမယ့် တုပ်ကွေးမှာတော့ ကြွက်သားနဲ့တစ်ကိုယ်လုံးနာကျင်ကိုက်ခဲတာတွေ၊ ချမ်းတုန်ဖျားတာတွေပါ ခံစားရပါတယ်။ အအေးမိခြင်းနဲ့မတူဘဲ တုပ်ကွေးဘဲ တုပ်ကွေးပိုးကရောဂါမပျောက်မချင်း ကူးစက်ပြန့်ပွားနိုင်သေးတာဖြစ်ပါတယ်။
တုပ်ကွေးလက္ခဏာများ
Influenza ဗိုင်းရပ်စ်ကြောင့်ဖြစ်ရတဲ့ တုပ်ကွေးလက္ခဏာတွေက ( ၂ )ရက်ကနေ (၁၀ ) ရက်အထိကြာတတ်ပါတယ်။
- အဖျားတက်ခြင်း
- ချမ်းတုန်ခြင်း
- နှာစေးခြင်း
- ချောင်းဆိုးခြင်း
- လည်ချောင်းနာခြင်း
- ကြွက်သားနာကျင်ကိုက်ခဲခြင်း
- ခေါင်းကိုက်ခြင်း၊
- မောပန်းအားကုန်ခြင်း တို့ပါဝင်ပါတယ်။
တုပ်ကွေးမပြန့်ပွားအောင် ဘယ်လိုကာကွယ်မလဲ
အအေးမိ၊တုပ်ကွေးလို ဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှုအန္တရာယ်ကိုလျော့နည်းစေဖို့ အရေးကြီးဆုံးအချက်က အဖြစ်များတတ်တဲ့ရာသီဥတုမှာ ကျန်းမာရေးဂရုစိုက်တဲ့အလေ့အကျင့်တွေ ဆင်ခြင်နေထိုင်ဖို့ဖြစ်ပါတယ်။
ရေလုံလောက်အောင်သောက်ဖို့၊ အာဟာရပြည့်ေအာင်စားဖို့၊ အိပ်ရေးဝအောင်အိပ်ဖို့ အမြဲအကြံပြုကြပါတယ်။ ကိုယ့်ကို ကူးစက်မခံရအောင် ကာကွယ်တာအပြင် ကိုယ့်မှာတုပ်ကွေးြဖစ်နေရင်လည်း သူများကို ထပ်ပြီးမကူးစက်စေဖို့ ဒီအချက်လေးတွေ သိထားသင့်ပါတယ်။
- နှာချေ၊ချောင်းဆိုးရင် နှာခေါင်းနဲ့ပါးစပ်ကို လက်ကိုင်ပဝါ သို့မဟုတ် တစ်ရှူးနဲ့ဖုံးအုပ်ပါ။ ဘတ်စ်ကားပေါ်ဖြစ်ဖြစ်၊ လက်မအားတာဖြစ်ဖြစ် ရုတ်တရက်နှာချေ၊ချောင်းဆိုးမိရင်တော့ လက်မောင်းသာမြှောက်ပြီး အင်္ကျီလက်နဲ့အုပ်လိုက်ပါ။ချောင်းဆိုး၊နှာချေရာကနေ စဉ်ထွက်လာတဲ့ တံတွေး သို့မဟုတ် အမှုန်တွေမှာ ဗိုင်းရပ်စ်တွေပါလာပြီး လေထုထဲမှာ ကူးစက်ပြန့်ပွားလွယ်ပါတယ်။
- သုံးလိုက်တဲ့ တစ်ရှူးတွေကို စနစ်တကျစွန့်ပစ်ပါ။ ဖြစ်နိုင်ရင် စုမထားပါနဲ့။ ချက်ချင်းစွန့်ပစ်တာအကောင်းဆုံးပါ။ ထိတွေ့မိတဲ့နေရာတိုင်းမှာရောဂါပိုးတွေကပ်တွယ်နေနိုင်လို့ ကူးစက်နိုင်ခြေများပါတယ်။
- လက်ကို မကြာခဏဆေးကြောပါ။ အအေးမိနဲ့တုပ်ကွေးဗိုင်းရပ်စ်ပြန့်ပွားမှုကို ကာကွယ်နိုင်တဲ့အလွယ်ဆုံးနည်းလမ်းပါ။ လက်ဆေးဖို့ မလွယ်ဘူး၊အဆင်မပြေဘူးဆိုရင်ရေမလို လက်သန့်ဆေးရည်လေးဆောင်ထားပါ။
- လက်မသန့်ဘဲ မျက်စိ၊ နှာခေါင်း၊ ပါးစပ်တို့ကို မကိုင်တွယ်ပါနဲ့။
- တုပ်ကွေးဖြစ်နေရင် အဖျားကျပြီး ၂၄ နာရီကြာတဲ့အချိန်အထိ အိမ်မှာပဲ နားနေသင့်ပါတယ်။ တခြားသူတွေကို ကူးစက်မှုအန္တရာယ် ကာကွယ်နိုင်ဖို့ လူများတဲ့နေရာတွေကိုရှောင်ပါ။
Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
[embed-health-tool-bmi]