backup og meta

သွေးနီဥအရွယ်အစား သေးငယ်ပြီး သွေးအားနည်းခြင်း (Microcytic Anaemia)

ကိုယ်ခန္ဓာထဲမှာရှိတဲ့ သွေးနီဥဆဲလ်တွေ ပုံမှန်အလုပ်မလုပ်နိုင်တဲ့အခါ သွေးအားနည်းခြင်း ဖြစ်တတ်ပါတယ်။ သွေးနီဥများရဲ့ အရွယ်အစားဟာ ပုံမှန်ရှိသင့်တဲ့ အရွယ်ပမာဏထက် သေးငယ်နေတဲ့အတွက် သူတို့လုပ်ကိုင်ရမယ့် တာဝန်များကို မဆောင်ရွက်နိုင်ရင်လည်း သွေးအားနည်းတတ်ပါတယ်။ ဥပမာ သွေးနီဥဆဲလ်ဟာ သေးငယ်တဲ့အတွက် အောက်ဆီဂျင်ကို လုံလောက်စွာ မသယ်ဆောင်နိုင်တော့ပါဘူး။ သွေးနီဥဆဲလ် သေးငယ်ခြင်းကြောင့် သွေးအားနည်းခြင်းလို့ ခေါ်ဝေါ်ပါတယ်။

ကိုယ်ခန္ဓာကနေ ဟေမိုဂလိုဘင်ကို လုံလောက်စွာ မထုတ်လုပ်နိုင်တဲ့ အခြေအနေတွေမှာ သွေးနီဥဆဲလ်သေးငယ်ပြီး သွေးအားနည်းခြင်း ဖြစ်တတ်ပါတယ်။ ဟေမိုဂလိုဘင်ဟာ သွေးနီဥဆဲလ်ကို အနီရောင်ရှိစေပြီး ကိုယ်ခန္ဓာအနှံ့ကို ပို့ဆောင်မယ့် အောက်ဆီဂျင်ကို သယ်ယူပေးပါတယ်။ သွေးနီဥဆဲလ် အရွယ်အစားကို သေးငယ်စေပြီး သွေးအားနည်းခြင်းကို ဦးတည်စေတဲ့ တခြားအကြောင်းအရာတွေ ရှိပါသေးတယ်။ ဒီပြဿနာကို ကုသဖို့အတွက် အကြောင်းအရင်းခံကို နားလည်သိရှိဖို့တော့ လိုအပ်ပါတယ်။

လက္ခဏာများ

သွေးနီဥဆဲလ်သေးငယ်ပြီး သွေးအားနည်းခြင်းဖြစ်ခဲ့ရင် စစချင်းမှာတော့ ဘာလက္ခဏာမှ မပြပါဘူး။ နောက်တဖြည်းဖြည်းနဲ့ ကြာလာတဲ့အခါ ပုံမှန်သွေးနီဥဆဲလ်တွေ နည်းပါးသွားခြင်းကြောင့် ကိုယ်ခန္ဓာအပေါ် သက်ရောက်မှုတွေရှိလာပြီး ရောဂါလက္ခဏာတွေ ပြလာပါတယ်။ တွေ့ရများတဲ့ လက္ခဏာတွေကတော့ –

– မောပန်းနွမ်းနယ်ခြင်း၊ ပင်ပန်းခြင်း

– သက်လုံမကောင်းခြင်း

– အသက်ရှူမဝခြင်း

– မူးဝေခြင်း

– အသားအရေဖျော့တော့ခြင်း စတာတွေပဲ ဖြစ်ပါတယ်။

အထက်ပါလက္ခဏာတွေကို ခံစားနေရတာ နှစ်ပတ်ကျော်လောက်ကြာလာပြီး မသက်သာရင် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။ မူးဝေခြင်း၊ အသက်ရှူမဝခြင်းကို ဆိုးဆိုးရွားရွားခံစားရရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံး ပြသင့်ပါတယ်။

အမျိုးအစားများနှင့် အကြောင်းအရင်းများ

၁။ အရောင်ဖျော့ပြီး အရွယ်အစားသေးငယ်သော သွေးနီဥဆဲလ်များကြောင့် သွေးအားနည်းခြင်း (Hypochromic microcytic anemia)

သွေးနီဥတွေဟာ အရွယ်အစားသေးငယ်ပြီး ဟေမိုဂလိုဘင်လည်း နည်းပါးပါတယ်။ ဟေမိုဂလိုဘင်နည်းပါးတဲ့အတွက် အရောင်ဖျော့နေခြင်း ဖြစ်ပါတယ်။ သံဓာတ်ချိုတဲ့ပြီးဖြစ်တတ်တဲ့ သွေးအားနည်းခြင်းဟာလည်း ဒီအမျိုးအစားမှာ အကျုံးဝင်ပါတယ်။

သံဓာတ်ကို စားသုံးမှုနည်းပါးခြင်း၊ ကိုယ်ခန္ဓာမှ သံဓာတ်ကို လုံလောက်စွာ မစုပ်ယူနိုင်ခြင်း၊ သွေးဆုံးရှုံးမှုရှိခြင်း စတာတွေကြောင့် ဖြစ်တတ်ပါတယ်။ မျိုးရိုးဗီဇချို့ယွင်းခြင်းကြောင့် ဖြစ်တတ်တဲ့ သလာဆီးမီးယားသွေးအားနည်းခြင်းဟာလည်း ဒီအမျိုးအစားမှာ ပါဝင်ပါတယ်။

၂။ ဟေမိုဂလိုဘင်ပုံမှန်ရှိပြီး သွေးနီဥဆဲလ်သေးငယ်သော သွေးအားနည်းခြင်းများ (Normochromic microcytic anemia)

ဒီအမျိုးအစားမှာတော့ ဟေမိုဂလိုဘင်ပုံမှန်ရှိတဲ့အတွက် သွေးအရောင်ဟာ လွန်ကဲစွာ ဖျော့တော့သွားခြင်း၊ အနီရင့်သွားခြင်း မရှိပါဘူး။ များသောအားဖြင့် နာတာရှည်ရောဂါတွေ၊ ရောင်ရမ်းခြင်းတွေကြောင့် ဖြစ်တတ်ပါတယ်။

အဆုတ်တီဘီ၊ အေအိုင်ဒီအက်စ် စတဲ့ ကူးစက်ရောဂါများ၊ လေးဘက်နာအဆစ်ရောင်ခြင်း၊ ခရွန်းရောဂါ၊ ဆီးချိုစတဲ့ နာတာရှည်ရောင်ရမ်းမှုကို ဖြစ်စေတဲ့ ရောဂါများ၊ ကျောက်ကပ်ရောဂါ၊ ကင်ဆာရောဂါ စတာတွေကြောင့် ဖြစ်တတ်ပါတယ်။

အဆိုပါ အခြေအနေတွေဟာ သွေးနီဥဆဲလ်ကို ပုံမှန်လုပ်ငန်းတွေ လုပ်ဆောင်နိုင်ခြင်း မရှိအောင် တားဆီးထားပါတယ်။

၃။ အခြား အခြေအနေများ

အခြားအကြောင်းအရင်းတွေကတော့ ခဲဆိပ်သင့်ခြင်း၊ ကြေးနီဓာတ်နည်းခြင်း၊ ဇင့်ဓာတ်များခြင်း၊ အရက် အလွန်အကျွံသောက်ခြင်း၊ မူးယစ်ဆေး သုံးစွဲခြင်း စတာတွေ ဖြစ်ပါတယ်။

ဘယ်လိုကာကွယ်ကုသမလဲ

အကြောင်းအရင်းပေါင်းစုံရှိတဲ့အတွက် ကုသမှုလည်း အမျိုးမျိုးရှိပါတယ်။ အဓိကအားဖြင့် သံဓာတ်နဲ့ ဗီတာမင် C ကို အားဆေးတွေအနေနဲ့ သောက်သုံးဖို့ လိုပါတယ်။ သံဓာတ်ဟာ သွေးအားနည်းခြင်းကို သက်သာစေပြီး ဗီတာမင် C ကတော့ ကိုယ်ခန္ဓာကနေ သံဓာတ်ကို ပိုမိုစုပ်ယူနိုင်ဖို့ ကူညီပေးပါတယ်။ အမျိုးသမီးများမှာဆိုရင် ဟော်မုန်းဆေးများပါ သုံးစွဲရတတ်ပါတယ်။ ဆရာဝန်ညွှန်ကြားတဲ့အတိုင်း လိုက်နာရပါမယ်။ အရမ်းဆိုးရွားတဲ့ အခြေအနေမှာဆိုရင် သွေးသွင်းကုသမှု ခံယူရတတ်ပါတယ်။

ကာကွယ်ဖို့အတွက်ဆိုရင် သံဓာတ်ကြွယ်ဝတဲ့ အစားအသောက်တွေ စားသုံးရပါမယ်။ အမဲသား၊ ကြက်ဘဲ၊ ပဲအမျိုးမျိုး၊ အစိမ်းရင့်ရောင်ရှိတဲ့ အသီးအရွက်များ စတာတွေကို စားသုံးရပါမယ်။ သံဓာတ်စုပ်ယူမှုကို ပိုမိုတိုးတက်အောင် ဗီတာမင် C ကြွယ်ဝတဲ့ လိမ္မော်သီး၊ စတော်ဘယ်ရီ၊ သံပုရာ၊ ကိုက်လန်၊ ပန်းပွင့်စိမ်း စတာတွေကို စားသုံးသင့်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.healthline.com/health/microcytic-anemia Accessed Date 12 October 2020

ယခုပုံစံ

21/06/2022

Written by Dr. Thant Zin

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

သင်က သွေးအားနည်း တတ်သူလား

သွေးအားနည်းခြင်းအတွက် သင့်တော်သော အစားအစာများ


Dr. Thant Zin · အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy · မှ ရေးသားထားပါသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 21/06/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement