အမျိုးအစားများနှင့် အကြောင်းအရင်းများ
၁။ အရောင်ဖျော့ပြီး အရွယ်အစားသေးငယ်သော သွေးနီဥဆဲလ်များကြောင့် သွေးအားနည်းခြင်း (Hypochromic microcytic anemia)
သွေးနီဥတွေဟာ အရွယ်အစားသေးငယ်ပြီး ဟေမိုဂလိုဘင်လည်း နည်းပါးပါတယ်။ ဟေမိုဂလိုဘင်နည်းပါးတဲ့အတွက် အရောင်ဖျော့နေခြင်း ဖြစ်ပါတယ်။ သံဓာတ်ချိုတဲ့ပြီးဖြစ်တတ်တဲ့ သွေးအားနည်းခြင်းဟာလည်း ဒီအမျိုးအစားမှာ အကျုံးဝင်ပါတယ်။
သံဓာတ်ကို စားသုံးမှုနည်းပါးခြင်း၊ ကိုယ်ခန္ဓာမှ သံဓာတ်ကို လုံလောက်စွာ မစုပ်ယူနိုင်ခြင်း၊ သွေးဆုံးရှုံးမှုရှိခြင်း စတာတွေကြောင့် ဖြစ်တတ်ပါတယ်။ မျိုးရိုးဗီဇချို့ယွင်းခြင်းကြောင့် ဖြစ်တတ်တဲ့ သလာဆီးမီးယားသွေးအားနည်းခြင်းဟာလည်း ဒီအမျိုးအစားမှာ ပါဝင်ပါတယ်။
၂။ ဟေမိုဂလိုဘင်ပုံမှန်ရှိပြီး သွေးနီဥဆဲလ်သေးငယ်သော သွေးအားနည်းခြင်းများ (Normochromic microcytic anemia)
ဒီအမျိုးအစားမှာတော့ ဟေမိုဂလိုဘင်ပုံမှန်ရှိတဲ့အတွက် သွေးအရောင်ဟာ လွန်ကဲစွာ ဖျော့တော့သွားခြင်း၊ အနီရင့်သွားခြင်း မရှိပါဘူး။ များသောအားဖြင့် နာတာရှည်ရောဂါတွေ၊ ရောင်ရမ်းခြင်းတွေကြောင့် ဖြစ်တတ်ပါတယ်။
အဆုတ်တီဘီ၊ အေအိုင်ဒီအက်စ် စတဲ့ ကူးစက်ရောဂါများ၊ လေးဘက်နာအဆစ်ရောင်ခြင်း၊ ခရွန်းရောဂါ၊ ဆီးချိုစတဲ့ နာတာရှည်ရောင်ရမ်းမှုကို ဖြစ်စေတဲ့ ရောဂါများ၊ ကျောက်ကပ်ရောဂါ၊ ကင်ဆာရောဂါ စတာတွေကြောင့် ဖြစ်တတ်ပါတယ်။
အဆိုပါ အခြေအနေတွေဟာ သွေးနီဥဆဲလ်ကို ပုံမှန်လုပ်ငန်းတွေ လုပ်ဆောင်နိုင်ခြင်း မရှိအောင် တားဆီးထားပါတယ်။
၃။ အခြား အခြေအနေများ
အခြားအကြောင်းအရင်းတွေကတော့ ခဲဆိပ်သင့်ခြင်း၊ ကြေးနီဓာတ်နည်းခြင်း၊ ဇင့်ဓာတ်များခြင်း၊ အရက် အလွန်အကျွံသောက်ခြင်း၊ မူးယစ်ဆေး သုံးစွဲခြင်း စတာတွေ ဖြစ်ပါတယ်။
ဘယ်လိုကာကွယ်ကုသမလဲ
အကြောင်းအရင်းပေါင်းစုံရှိတဲ့အတွက် ကုသမှုလည်း အမျိုးမျိုးရှိပါတယ်။ အဓိကအားဖြင့် သံဓာတ်နဲ့ ဗီတာမင် C ကို အားဆေးတွေအနေနဲ့ သောက်သုံးဖို့ လိုပါတယ်။ သံဓာတ်ဟာ သွေးအားနည်းခြင်းကို သက်သာစေပြီး ဗီတာမင် C ကတော့ ကိုယ်ခန္ဓာကနေ သံဓာတ်ကို ပိုမိုစုပ်ယူနိုင်ဖို့ ကူညီပေးပါတယ်။ အမျိုးသမီးများမှာဆိုရင် ဟော်မုန်းဆေးများပါ သုံးစွဲရတတ်ပါတယ်။ ဆရာဝန်ညွှန်ကြားတဲ့အတိုင်း လိုက်နာရပါမယ်။ အရမ်းဆိုးရွားတဲ့ အခြေအနေမှာဆိုရင် သွေးသွင်းကုသမှု ခံယူရတတ်ပါတယ်။
ကာကွယ်ဖို့အတွက်ဆိုရင် သံဓာတ်ကြွယ်ဝတဲ့ အစားအသောက်တွေ စားသုံးရပါမယ်။ အမဲသား၊ ကြက်ဘဲ၊ ပဲအမျိုးမျိုး၊ အစိမ်းရင့်ရောင်ရှိတဲ့ အသီးအရွက်များ စတာတွေကို စားသုံးရပါမယ်။ သံဓာတ်စုပ်ယူမှုကို ပိုမိုတိုးတက်အောင် ဗီတာမင် C ကြွယ်ဝတဲ့ လိမ္မော်သီး၊ စတော်ဘယ်ရီ၊ သံပုရာ၊ ကိုက်လန်၊ ပန်းပွင့်စိမ်း စတာတွေကို စားသုံးသင့်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။