backup og meta

ခြေပွတ်တိုင်လည်ရင် ဘာလုပ်ရမလဲ

ခြေပွတ်တိုင်လည်ရင် ဘာလုပ်ရမလဲ

ရုပ်ရှင်ဇာတ်ဝင်ခန်းတွေထဲမှာ မင်းသမီးကခြေခေါက်လဲရင် မင်းသားက လှမ်းတွဲပေးလိုက်ပြီး သိပ်မကြာခင် ဇာတ်လမ်းဖြစ်သွားကြတယ်။ တကယ့်အပြင်မှာတော့ တွဲပေးမယ့်လူက အမြဲရှိမနေနိုင်ပါဘူး။ တစ်ယောက်တည်းလမ်းသွားရင်းခြေခေါက်လဲရင် လဲနိုင်တာပဲ။ ရုပ်ရှင်ထဲမှာလိုပြုံးပြနိုင်မှာတော့မဟုတ်ဘူးနော်။တော်တော်နာမှာ။

လှုပ်ရှားရင်း မြေပြင်မညီတဲ့နေရာ နင်းမိရင် ခန္ဓါကိုယ်ဟန်ချက်ပျက်တဲ့အခါမျိုးမှာ ခြေချင်းဝတ်မှာရှိတဲ့ တွယ်ဆက်အရွတ် ထိခိုက်မှုဖြစ်တာ၊ အရွတ်စုတ်သွားတာကြောင့် အခုလိုဖြစ်တတ်ပါတယ်။ ခြေပွတ်တိုင်လည်တယ်ဆိုတာ အဖြစ်များတဲ့ဝေဒနာတစ်ခုပါ။ ဒီလိုဖြစ်ရင် ခြေခေါက်လဲကျတတ်တယ်ပေါ့။ လက်ကောက်ဝတ်၊ ဒူးဆစ် စတဲ့အရိုးအဆစ်တွေမှာလည်း အဆစ်လွဲတာ၊ လိမ်ခေါက်သွားတာမျိုးဗြုတ်ခနဲဆို ရုတ်တရက်ဖြစ်သွားတတ်ပါတယ်။ ဒီလိုဖြစ်ပြီဆိုတာနဲ့ခြေချင်းဝတ်မှာရောင်လာပြီး မထောက်နိုင်တော့ပါဘူး။ သိပ်မပြင်းထန်ရင် ကိုယ့်ဘာသာဂရုစိုက်နေထိုင်လိုက်လို့ သက်သာသွားနိုင်ပေမယ့် သိပ်ရောင်ရမ်းနေတဲ့အထိပြင်းထန်ရင်တော့ ခွဲစိတ်ကုသရတဲ့အထိ လိုအပ်လာနိုင်ပါတယ်။

အဲဒီလိုခြေပွတ်တိုင်လည်တာဖြစ်လာရင် ကိုယ်တိုင် သို့မဟုတ် သူများကိုကူညီပေးနိုင်တဲ့ အရေးပေါ်ပြုစုနည်းလေးတွေရှိပါတယ်။

(၁)ခြေထောက်ကိုအနားပေးပါ

ခြေထောက်နာထားမှတော့ ထိခိုက်မှုကိုပိုမဆိုးစေဖို့ လှုပ်ရှားမှုကို ခဏနားထားသင့်ပါတယ်။ ထိုင်ချလိုက်ပြီးခြေထောက်ကို သက်တောင့်သက်သာထားပါ။ ခြေထောက်အောက်က တခုခုနဲ့ ခုပြီးမြှင့်ထားပေးပါ။ ထိခိုက်ထားတဲ့ခြေထောက်ကို ဝိတ်ထပ်မပိစေဖို့ သတိထားရမှာဖြစ်လို့ ချိုင်းထောက် သို့မဟုတ် ကျုံ့ဆန့်နိုင်တဲ့ပတ်တီး သုံးပြီး ထိန်းပေးရပါမယ်။

(၂)ရေခဲကပ်ပေးပါ

ခြေချင်းဝတ်နာကျင်မှုနဲ့ရောင်ရမ်းမှုသက်သာစေဖို့ရေခဲကပ်ပေးရပါမယ်။ တိုက်ရိုက်မဟုတ်ဘဲရေခဲအိတ်ကိုအဝတ်ပါးနဲ့ပတ်ပြီး ကပ်ပါ။ တစ်ကြိမ်ကို အများဆုံး ၁၅ မိနစ်လောက်အထိ တစ်နေ့ကိုလေးကြိမ်လောက် အရောင်ကျတဲ့အထိ ကပ်ပေးပါ။ အချိန်အကြာကြီးတော့ ကပ်မထားမိဖို့သတိထားပါ။ တစ်ရှူးတွေထိခိုက်ပျက်စီးနိုင်ပါတယ်။

(၃)ခြေချင်းဝတ်ကိုမြှင့်ထားပေးပါ

လှဲနေရင်းခြေထောက်ကို အဝတ် သို့မဟုတ်ခေါင်းအုံးခုထားပေးတာကရောင်ရမ်းမလာအောင် ကာကွယ်နိုင်ပါတယ်။

(၄)သွေးလည်ပတ်မှုကို ဂရုစိုက်ပါ

သားရေပတ်တီးစည်းတဲ့အခါ အရမ်းမကျပ်ဖို့ဂရုစိုက်ပါ။ခြေသည်းကိုအရောင်ဖြူသွားတဲ့အထိ ဖိကြည့်ပြီးပြန်လွှတ်လိုက်ပါ။ခြေသည်းအရောင်နဂိုအတိုင်းပြန်ဖြစ်တာမြန်နေသင့်ပါတယ်။ မဟုတ်ရင်တော့ ပတ်တီးကသိပ်ကျပ်နေပြီဖြစ်လို့ပြန်ပြင်စည်းသင့်ပါတယ်။

(၅) အကိုက်အခဲပျောက်ဆေးလည်းလိုလာနိုင်တယ်

ခြေပွတ်တိုင်လည်ခြင်းကပြန်သက်သာဖို့ ရက်ပိုင်းကနေ လပိုင်းအထိကြာနိုင်ပါတယ်။ နာတာမသက်သာ၊ အရောင်လည်းမကျဆိုရင် ibuprofen၊acetaminophen တို့လို အကိုက်အခဲပျောက်ဆေးတွေက အထောက်အကူဖြစ်နိုင်ပါတယ်။

(၆) ထပ်မဖြစ်ဖို့ သတိထားပါ

ထိုင်တာထတာ၊နေရာရွှေ့တာလောက်နဲ့လည်း နာနေတဲ့ခြေထောက်ကို မေ့ပြီးအားပြုထလိုက်တာ၊ခြေချော်သွားတာဖြစ်နိုင်ပါတယ်။ နဂိုကနာနေရတဲ့အထဲ မတော်တဆခြေခေါက်လဲတာ ထပ်ဖြစ်လာရင်ပျောက်ကင်းသက်သာဖို့ပိုကြာနိုင်တယ်။ ဒဏ်ဖြစ်နိုင်ပါတယ်။

တကယ်လို့

  • ကိုယ်အလေးချိန်ကို ထိခိုက်တဲ့ခြေထောက်ဘက်က မထိန်းနိုင်တော့ရင်၊ အဆစ်က မတည်ငြိမ်သလို၊ ထုံသလိုခံစားနေရရင်၊ အဆစ်ကိုအသုံးပြုပြီးထောက်လို့မရတော့ရင် (အရွတ်ကစုတ်သွားတာဖြစ်နိုင်ပါတယ်)
  • ထိခိုက်တဲ့နေရာတဝိုက် နီမြန်းလာပြီး တခြားနေရာတွေပါရောင်လာရင် (ရောဂါပိုးဝင်တြာဖစ်နိုင်ပါတယ်)
  • ထိခိုက်ထားတဲ့နေရာမှာ အရိုးထဲက နာကျင်ကိုက်ခဲလာရင်
  • ထိခိုက်ထားတဲ့နေရာမှာပဲ ဒီလိုထပ်ဖြစ်တဲ့အကြိမ်ရေများလာရင်
  • နာကျင်မှုအရမ်းဆိုးလာရင် (အချိန်မီကုသမှု သို့မဟုတ်သေချာကောင်းမွန်တဲ့ကုသမှုမခံယူရင်ရေရှည်မှာ အဆစ်ရဲ့လှုပ်ရှားနိုင်စွမ်း၊ အလေးချိန်ထိန်းနိုင်စွမ်းကိုထိခိုက်နိုင်သလို ဒဏ်ဖြစ်ပြီး နာတာရှည်ဝေဒနာဖြစ်လာနိုင်ပါတယ်) အမြန်ဆုံးဆေးကုသမှုခံယူပါ။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ref:

https://www.mayoclinic.org/first-aid/first-aid-sprain/basics/art-20056622

Accessed Aug 9, 2018.

https://www.webmd.com/a-to-z-guides/ankle-sprain-treatment

Accessed Aug 9, 2018.

ယခုပုံစံ

12/09/2022

Yun Sandi Nan Mon မှ ရေးသားသည်။

Yun Sandi Nan Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အနာကို ဘာကြောင့်သေချာကာကွယ်ဖို့လိုအပ်တာလဲ

စိုစွတ်နေတဲ့ မိုးရာသီမှာ အနာကိုဘယ်လိုဂရုစိုက်မလဲ



Yun Sandi Nan Mon မှ ရေးသားသည်။ · 12/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement