backup og meta

ပါဝါနဲ့ ဆလင်ဒါကို လျှော့နိုင်မယ့် မျက်စိကျန်းမာရေး အကြံပြုချက်(၆) ချက်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 19/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ပါဝါနဲ့ ဆလင်ဒါကို လျှော့နိုင်မယ့် မျက်စိကျန်းမာရေး အကြံပြုချက်(၆) ချက်

    မျက်စိ ပါဝါနဲ့ ဆလင်ဒါ ဆိုတာ မျက်စိစမ်းသပ်တဲ့အခါတိုင်း မျက်စိဆရာဝန်ဆီက ကြားရလေ့ရှိတဲ့ အသုံးအနှုန်းတွေပါ။ ပါဝါ ဘယ်လောက်ရှိတယ်၊ ဆလင်ဒါရှိတယ် ဆိုတာတွေကို မျက်မှန်လုပ်ဖို့အတွက်လောက်ပဲ သိထားကြပါတယ်။ တချို့ဆို စစ်ဆေးချက်ကိုတောင် မကြည့်ဘဲ မျက်မှန်ဆိုင်ကို စာရွက်ထိုးပြပြီး အပ်လိုက်တာပဲ။

    မျက်စိပါဝါဆိုတာ အနီးမှုန်နဲ့ အဝေးမှုန်ကို တိုင်းတာတဲ့ရလဒ်ဖြစ်ပြီး မျက်စိစမ်းသပ်တဲ့အခါ Sphereလို့ဖော်ပြပါတယ်။မျက်စိပါဝါကို diopters (D) unit နဲ့တိုင်းပါတယ်။ Sphere မှာ (+) လက္ခဏာ သို့မဟုတ် ဘာလက္ခဏာမှမပါဘဲ ဆိုရင် အနီးမှုန်(farsighted) ပါဝါကိုဖော်ပြပြီး (-) နဲ့ဆိုရင် အဝေးမှုန်(nearsighted) ပါဝါဖြစ်ပါတယ်။

    Hyperopia လို့ ခေါ်ကြတဲ့Farsighted (အနီးမှုန်ခြင်း) ဆိုတာ အဝေးက ပစ္စည်းတွေကို ကွဲပြားစွာ မြင်နိုင်ပေမယ့် အနီးကပစ္စည်းတွေ မမြင်နိုင်ခြင်းကို ဆိုလိုပါတယ်။ အနီးမှုန်ခြင်းက အာရုံစူးစိုက်မှုကို ထိခိုက်နိုင်ပါတယ်။

    Myopia လို့ခေါ်တဲ့ Nearsighted(အဝေးမှုန်ခြင်း) ဆိုတာ အနီးနားက ပစ္စည်းတွေကို ရှင်းရှင်းလင်းလင်း မြင်ရပေမယ့် အဝေးက အရာတွေကိုတော့ မမြင်နိုင်တဲ့ အခြေအနေမျိုး ဖြစ်ပါတယ်။

    Cylinder(CYL) ကတော့ မျက်စိဆလင်ဒါပါဝါဖြစ်ပါတယ်။Astigmatism (မျက်စိအရှေ့ပိုင်းအခုံးမညီညာမှုကြောင့်အမြင်အာရုံချို့ယွင်းခြင်း) လို့လည်းခေါ်ပါတယ်။ သူ့ကိုလည်းdiopters နဲ့ပဲတိုင်းတာတာဖြစ်ပြီး အနီးမှုန်၊အဝေးမှုန်တိုင်းတာခြင်းနဲ့အတူတူပဲဖြစ်ပါတယ်။

    မျက်မှန်ပါဝါလျော့ကျအောင် ဘယ်လိုလုပ်မလဲ

    (၁) မျက်လုံးအတွက် စားပါ

    အဆီအဆိမ့်တွေလျှော့ပြီး အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်များများစားတာက မျက်စိကျန်းမာရေးထိန်းသိမ်းကာကွယ်ဖို့အတွက် တကယ်ကို အကျိုးထူးပါတယ်။ ဒါ့ကြောင့် မျက်စိကျန်းမာရေးအတွက် မရှိမဖြစ် လိုအပ်တဲ့ ဗီတာမင်နဲ့သတ္တုဓာတ်တွေပြည့်ဝအောင် စားသုံးပေးဖို့အရေးကြီးပါတယ်။

    ဓာတ်တိုးဆန့်ကျင်ပစ္စည်း (ဥပမာ – မုန်လာဥနီမှာပါဝင်တာမျိုး)တွေက မျက်စိကျန်းမာရေးအတွက် အာဟာရဓာတ်တွေရရှိနိုင်တဲ့အရင်းအမြစ်တွေဖြစ်ပါတယ်။ မုန်လာဥနီပန်းဂေါ်ဖီစိမ်း၊ ကန်စွန်းဥ၊ဟင်းနုနွယ်၊ဘလူးဘယ်ရီ၊ပြောင်းဖူး၊ကိုက်လန်၊ အဆီများတဲ့ငါး၊ အစေ့အဆန်တွေနဲ့ ဥအမျိုးမျိုး ကို စားပေးသင့်ပါတယ်။

    (၂) မျက်လုံးကိုအနားပေးပါ

    မျက်စိကျန်းမာရေးအတွက်က အိပ်ရေးဝအောင်အိပ်ဖို့၊ မျက်စိအာရုံစိုက်တာများတဲ့အခါ ကြားမှာ ခဏနားပေးဖို့ လိုပါတယ်။ တစ်နေကုန် ကွန်ပျူတာနဲ့အလုပ်လုပ်နေရတဲ့အခါ မျက်စိညောင်းလာတတ်ပါတယ်။ နာရီဝက်တစ်ခါလောက် ၅ မိနစ်၊ ၁၀ မိနစ်ကြာ မျက်လုံးကို ဖုန်း/ကွန်ပျူတာ screen သို့မဟုတ် စာရွက်၊စာအုပ်တွေကနေခွာပြီး အဝေးကိုကြည့်တာ၊ မျက်စိခဏမှိတ်ထားတာ မျိုးလုပ်ပေးပါ။

    မျက်စိကျန်းမာရေးအတွက် ညဘက်ကို ၈ နာရီအိပ်ချိန်ရှိဖို့လိုပါတယ်။ မျက်လုံးတွေကောင်းကောင်းအနားယူထားမှနေ့ဘက်မှာ အမြင်အာရုံကောင်းနိုင်မှာပါ။

    (၃) Screen တွေကို ကြည့်တဲ့အချိန်လျှော့ပါ

    တီဗီ၊ ဖုန်းနဲ့ ကွန်ပျူတာမျက်နှာပြင် (screen)တွေကို အကြာကြီးကြည့်မနေပါနဲ့။ အလုပ်ကြောင့်၊ကျောင်းကြောင့် သည်းသည်းမည်းမည်း အာရုံစိုက်နေရတယ်ဆိုရင်တောင် ကြားမှာ မကြာခဏ မျက်စိကို အနားပေးဖို့ အရေးကြီးပါတယ်။ ၁၀ မိနစ်လောက်ဖြစ်ဖြစ် မျက်စိ မှိတ်ပြီး နားပေးပါ။ မျက်စိညောင်းတာသက်သာအောင် မျက်တောင်ခဏခဏခတ်ပေးပါ။

    (၄) အစားအစာ ဂရုစိုက်ရွေးပါ

    အသင့်စား အစားအစာတွေနဲ့ အချိုများလွန်းတဲ့သရေစာတွေက အမြင်အာရုံအတွက်အဆိုးဆုံးပါ။ မျက်စိမှန်ဘီလူးကို ပိုခုံးစေပြီး အဝေးမှုန်ခြင်းကိုပိုဆိုးစေနိုင်ပါတယ်။ အစာအာဟာရစားသောက်ပုံမမှန်ရင် အသက်အရွယ်ကြောင့်မျက်စိမှုန်ခြင်း၊ရေတိမ်နဲ့အတွင်းတိမ်ရောဂါတွေအထိဖြစ်လာစေနိုင်ပါတယ်။ အငန်ကို တတ်နိုင်သလောက်လျှော့စားပါ။ မျက်စိပါဝါများသူတွေ ကော်ဖီနဲ့ကဖင်းပါတဲ့သောက်စရာတွေကိုရှောင်ပါ။

    (၅) အလင်းရောင်မမှိန်ပါစေနဲ့

    ကွန်ပျူတာကြည့်တဲ့အခါမှာ မီးအလင်းရောင်အနည်းငယ်မှိန်ထားရတာကလွဲလို့ စာဖတ်ရင် မီးအလင်းရောင်မမှိန်ပါစေနဲ့။ ပါဝါလျော့စေတဲ့နည်းမဟုတ်ပေမယ့် ပါဝါထပ်မတိုးအောင်တော့ ကူညီပေးနိုင်ပါတယ်။ မီးရောင်မှိန်မှိန်အောက်မှာ မျက်စိကိုအရမ်းအားစိုက်ပြီးကြည့်ရတဲ့အလုပ်တွေမလုပ်ပါနဲ့။ ဥပမာ အပ်ချုပ်တာ၊ စာဖတ်တာ၊ လိုမျိုး အသေးစိတ်တဲ့လက်မှုအလုပ်တွေကို မီးအလင်းရောင်ကောင်းကောင်းနဲ့လုပ်သင့်ပါတယ်။

    (၆) မျက်စိလေ့ကျင့်ခန်းလုပ်ပါ

    လေ့ကျင့်ခန်း – ၁

    • ခဲတံ သို့မဟုတ်ဘောပင်တစ်ချောင်းကိုထောင်လျက်ကိုင်ပြီးသေချာစိုက်ကြည့်ပါ။
    • ခဲတံကိုဖြည်းဖြည်းချင်း မျက်နှာရှေ့နားအထိ ဆွဲယူပါ။
    • ပြီးမှ ခဲတံကို မျက်နှာနဲ့ဝေးဝေးပြန်ရွှေ့ပါ။တောက်လျှောက်အာရုံစိုက်ကြည့်နေရမှာဖြစ်ပါတယ်။

    လေ့ကျင့်ခန်း -၂

  • ဦးခေါင်းကို မလှုပ်ဘဲ မျက်လုံးကိုပဲ ဘယ်ကနေ ညာ ၃၆၀ ဒီဂရီ ကြည့်ပါ(၃ စက္ကန့်လောက်)။
  • ပြီးရင် ခုနအတိုင်း ညကနေ ဘယ်ဖြည်းဖြည်းချင်းပြန်ကြည့်ပါ။ မျက်လုံးကစားရတဲ့ ဒီလေ့ကျင့်ခန်းက အလွယ်ကူဆုံးနဲ့ အထိရောက်ဆုံးပါတဲ့။
  • ဒီလေ့ကျင့်ခန်းကို ငါးကြိမ်လုပ်ပေးနိုင်ပါတယ်။ တစ်ကြိမ်ပြီးတိုင်း မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်ပေးပါ။
  • မျက်စိအတွက် ဗီတာမင်

    နေ့တိုင်း မျက်စိလေ့ကျင့်ခန်းလေးလုပ်ပေးပြီး လိုအပ်တဲ့ဗီတာမင်အားဆေးတွေသောက်မယ်၊ အစားအသောက်ရွေးချယ်မယ်ဆိုရင် မျက်စိပါဝါလျော့မယ်၊ အနီးမှုန်အဝေးမှုန်တွေ၊ ဆလင်ဒါတွေ သက်သာလျော့ပါးသွားမယ့်အကောင်းဆုံးကာကွယ်နည်းပါပဲ။ ဗီတာမင် A ၊ ဗီတာမင် B အုပ်စု၊ lutein၊နဲ့ zeaxanthin တို့ပါဝင်တဲ့ မျက်စိအားဆေးတွေကို ဆရာဝန်အကြံပြုချက်အတိုင်း သောက်သုံးပေးသင့်ပါတယ်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 19/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement