ဆောင်းတွင်းမှာ နှာခေါင်းသွေးထွက် တဲ့ ပြဿနာက အဖြစ်များပါတယ်။ နှာခေါင်းက သိသိသာသာ သွေးမထွက်သည့်တိုင် နှာခေါင်းကလော်လိုက်ရင် အရင်ကနဲ့ မတူဘဲ သွေးစလေးတွေ ပါလာတာကို သတိထားမိမှာပါ။ ဆောင်းတွင်းမှာ ဘာလို့ နှာခေါင်းသွေးထွက်ဖို့ လွယ်တာလဲ။ မဖြစ်အောင် ဘယ်လိုကာကွယ်ကြမလဲဆိုတာကို ပြောပြပေးပါ့မယ်။
ဆောင်းတွင်းမှာ ဘာကြောင့် နှာခေါင်းသွေးထွက် လွယ်ရတာလဲ။
နှာခေါင်းထဲက သွေးကြောလေးတွေက သာမန်အချိန်မှာလည်း သိပ်ပြီး ထိခိုက်ခံတဲ့အမျိုးအစား မဟုတ်ပါဘူး။ ဒါ့ပြင် ပြင်ပမျက်နှာပြင်နဲ့လည်း နီးနေတဲ့အခါကျတော့ ထိမိခိုက်မိဖို့ ပိုလွယ်ကူပါတယ်။ ဒါကြောင့် နှာခေါင်းသွေးထွက်ဖို့ဆိုတာ အင်မတန်မှ လွယ်ပါတယ်။
ဆောင်းတွင်းမှာ သွေးပိုထွက်ရတဲ့ အကြောင်းရင်းကတော့
အေးပြီး ခြောက်သွေ့တဲ့ လေကို ရှူရတဲ့ အခါကျတော့ နှာခေါင်းအတွင်းသားတွေပါ ခြောက်သွေ့လာပါတယ်။ ဒါကြောင့် နှာခေါင်းယားပြီး အတွင်းထဲကို ကုတ်မိ၊ နှိုက်မိရင် သွေးကြောလေးတွေ ထိလို့ သွေးထွက်နိုင်ပါတယ်။
- အေးတာနဲ့ ဓာတ်မတည့်လို့
တချို့က အေးတဲ့ ရာသီဥတုနဲ့ ဓာတ်မတည့်ပါဘူး။ အအေးမိ၊ တုပ်ကွေး ဖြစ်တာမဟုတ်ဘဲ ဒီတိုင်းနေရင်းနဲ့ကို အေးလာပြီဆိုတာနဲ့ နှာချေ၊ နှာရည်ယိုတဲ့ သူတွေ ရှိပါတယ်။ ဒီလို အားပြင်းပြင်းနဲ့ မကြာခဏ နှာချေရတဲ့ အခါကျတော့ သွေးကြောလေးတွေ မခံနိုင်တော့ဘဲ ပေါက်ထွက်လာပါတယ်။
- နှာခေါင်းကလော်လို့
နှာခေါင်းအတွင်းသားက ခြောက်နေတဲ့အတွက်၊ ယားတာ၊ နှာချေးကပ်တာတွေ ဖြစ်လွယ်ပါတယ်။ ဒါကြောင့် မကြာခဏဆိုသလို နှာခေါင်းအတွင်းထဲကို ကုတ်တာ၊ နှာခေါင်းနှိုက်တာတွေ လုပ်မိတတ်ပါတယ်။ သွေးကြောလေးတွေကို လက်နဲ့ သွားသွားထိမိမယ်။ မတော်တဆ လက်သည်းနဲ့ ခြစ်မိမယ်ဆိုရင်လည်း သွေးထွက်နိုင်ပါတယ်။
- နှာခေါင်းထဲမှာ တစ်ခုခုကပ်နေလို့
နှာခေါင်းခြောက်နေလို့ နှာချေးဖတ်တွေ ခွာတာ ဖြစ်ချင်ဖြစ်မယ်၊ နှာတွေစေးပြီး နှာရည်ယိုတဲ့အခါကျတော့ ခဏခဏ နှပ်ညှစ်ရတာ၊ နှာခေါင်းထဲမှာ တစ်ရှူးတွေ စို့ထားရတာတွေ ရှိမယ်။ တစ်ခုခုကပ်နေတယ်ဆိုပြီး နှာခေါင်းထဲ တစ်ခုခုနဲ့ ထိုးခွာတာတွေ ရှိမယ်။ ဒါတွေကလည်း နှာခေါင်းသွေးထွက်စေနိုင်တဲ့ အချက်တွေပါပဲ။
နှာခေါင်းသွေးထွက် တဲ့အခါ ဘာလုပ်ကြမလဲ။
သိသိသာသာ သွေးလျှံတာရှိမယ်။ သာမန်ပဲ နှပ်ညှစ်ရင်း သွေးထွက်တာ၊ နှာခေါင်းနှိုက်ရင်း လက်မှာ သွေးပေးလာတာမျိုး ရှိမယ်။
သိသိသာသာ နှာခေါင်း သွေးလျှံတာ ဆိုရင်တော့
- မတ်မတ်ထိုင်ပါ။
- တစ်ရှူး ဒါမှမဟုတ် အဝတ်စိုလေးနဲ့ ထွက်လာတဲ့ သွေးတွေကို သုတ်ပါ။
- ခေါင်းကို ရှေ့ငုံ့ထားပါ။ နောက်လှန်ထားရင် သွေးတွေ ပါးစပ်ထဲ ဝင်သွားပါလိမ့်မယ်။
- နှာနုနဲ့ နှာခေါင်းရိုး ဆက်ထားတဲ့ နေရာနားကို လက်ညိုးနဲ့ လက်မသုံးပြီး ညှစ်ထားပါ။
- နှာခေါင်းညှစ်ထားလို့ အသက်ရှူဖို့ ခက်နေရင် ပါးစပ်ဟပြီး ရှူပါ။
- ၁၀မိနစ်လောက် ဆက်တိုက် ညှစ်ထားပါ။
- ပြီးမှ ဖြည်းဖြည်းချင်း လွှတ်ကြည့်ပါ။ သွေးထပ်ထွက်ရင် နောက်ထပ် ၁၀မိနစ် ထပ်ဖိထားပါ။
- နှာခေါင်းသွေးလျှံတဲ့အခါ မလန့်ပါနဲ့။ သွေးတွေကို နှပ်ညှစ်ပြီး မထုတ်ပစ်ပါနဲ့။ အတင်းပွတ်တာ၊ သုတ်တာ မလုပ်ပါနဲ့။
နှပ်ညှစ်ရင်း သွေးထွက်တာဆိုရင်တော့ ဆက်ပြီး မညှစ်ပါနဲ့။ တစ်ရှူးနဲ့ အသာအယာ သုတ်ပါ။ ဆက်ညှစ်ရင် ဖိအားများပြီး သွေးကြောတွေ ထပ်ပေါက်ပါလိမ့်မယ်။
နှာခေါင်းကလော်ရင်း သွေးထွက်လာတယ်ဆိုရင် ဆက်မကလော်ပါနဲ့။ နှာခေါင်းထဲကို ဘာမှမထည့်ပါနဲ့။ ထပ်ထည့်ရင် သွေးတိတ်ပြီးသား သွေးကြောဆိုရင်တောင် သွေးပြန်ထွက်လာပါလိမ့်မယ်။
ဆောင်းတွင်းမှာ နှာခေါင်းသွေးထွက် တာ မဖြစ်အောင် ဘယ်လိုကာကွယ်လို့ရလဲ။
- ရှူရတဲ့ လေမခြောက်အောင် အနီးအနားမှာ ရေငွေ့လွှတ်စက် ဖွင့်ထားပါ။
- နှာခေါင်း နှိုက်တာ၊ လက်နဲ့ ခွာတာတွေ ရှောင်ပါ။ နှပ်ကို အားနဲ့ မညှစ်ပါနဲ့။ တစ်ရှူးတွေလုံးပြီး နှာခေါင်းထဲကို မထည့်ပါနဲ့။
- နှာခဏခဏ ချေလာပြီဆိုရင် ပါးစပ်လေး ဖွင့်ပြီး ချေပါ။ ဒါမှ နှာခေါင်းထဲမှာ ဖိအား နည်းသွားမှာပါ။
- အလေးအပင်တွေ မတဲ့အခါ သတိထားပါ။ လေးလွန်းတဲ့အရာတွေကို မတဲ့အခါ ခေါင်းထဲမှာ ဖိအား များလာတာကြောင့် နှာခေါင်းသွေးယိုတတ်ပါတယ်။
- နှာခေါင်းခြောက်တဲ့အခါ နှာခေါင်းထဲကို ဆေးဆားရည် (ဆလိုင်းရည်)လေး ထည့်ပါ။
- ရေဓာတ်ခမ်းခြောက်တဲ့အခါ နှာခေါင်းအတွင်းသားတွေ ခြောက်တတ်ပါတယ်။ တစ်နေ့ကို ရေ ၆-၈ ဖန်ခွက်လောက်သောက်ပါ။
- အိမ်သာတက်တဲ့အခါ ဝမ်းကို အားနဲ့ မညှစ်ပါနဲ့။ ပစ္စည်းမတာလိုပဲ ခေါင်းထဲမှာ ဖိအားများပြီး နှာခေါင်းသွေးယိုတတ်ပါတယ်။
- အေးတာနဲ့ ဓာတ်မတည့်တတ်တဲ့သူဆိုရင် အအေးမခံဘဲ နွေးနွေးထွေးထွေး နေပါ။
တခြားအချိန်တွေ ဘာမှမဖြစ်တတ်ဘူးဆိုရင်တောင် ဆောင်းတွင်းရောက်ရင်တော့ နှာခေါင်းက သွေးထွက်တာ၊ နှာခေါင်းကလော်လိုက်တာနဲ့ သွေးတွေပါလာတာဖြစ်တတ်ပါတယ်။ ဆောင်ရန် ရှောင်ရန်လေးတွေ သိထားရင် အနည်းနဲ့ အများတော့ ကာကွယ်နိုင်မှာပါ။
[embed-health-tool-bmi]