backup og meta

ညပိုင်း နှာခေါင်းသွေးလျှံတာ ဘာကြောင့် ဖြစ်တာလဲ ။ ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 08/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ညပိုင်း နှာခေါင်းသွေးလျှံတာ ဘာကြောင့် ဖြစ်တာလဲ ။ ။

    ညဘက်အိပ်ပြီး မနက်ပိုင်း ပြန်ထတဲ့ နှာခေါင်းသွေးလျှံပြီး အိပ်ရာမှာသွေးတွေ ပေနေတဲ့အခါ လူတိုင်း ထိတ်ခနဲ ဖြစ်သွားကြမှာပါ။ လူအများစုက နေ့ခင်းပိုင်းပူတဲ့အချိန်မှာပဲ နှာခေါင်းသွေးလျှံကြတတ်ကြတယ်လေ။ နေ့ခင်းဆို ရာသီဥတုက ပူတာကိုး။ ဒါပေမယ့် ညဘက်နှာခေါင်းသွေးလျှံတဲ့ အခါမျိုးဆိုရင် စိုးရိမ်လာကြပါပြီ။ ဘာ့ကြောင့် ညပိုင်းမှ နှာခေါင်းသွေးလျှံရတာလဲ။ သွေးကင်ဆာများရှိနေပြီလားပေါ့။

    ညပိုင်း နှာခေါင်းသွေးလျှံခြင်းကို ဖြစ်စေတဲ့ အကြောင်းအရင်းများ ။ ။

    ( ၁ ) ခြောက်သွေ့သောလေ ။ ။

    အသားခြောက်တဲ့အခါ အသားတွေကွဲပြီး သွေးထွက်သလိုမျိုး ခြောက်သွေ့တဲ့လေတွေ အကြာကြီးရှူရှိုက်ရတဲ့ နှာခေါင်းအတွင်းသားနံရံလေးတွေကလည်း ခြောက်သွေ့ပြီး သွေးထွက်တတ်ပါတယ်။

    ဒါကိုဘယ်လိုကာကွယ်ကြမလဲ ။ ။

    • အိပ်ခန်းထဲ ရေငွေ့ထိန်းစက်တပ်ထားပါ။ အထူးသဖြင့် ဆောင်းတွင်းပိုင်းတွေမှာပေါ့။
    • Saline နှာခေါင်းအစက်ချဆေး လေးကို နှာခေါင်းထဲထည့်ပြီး အတွင်းသားနံရံတွေရဲ့ အစိုဓာတ်ကို ထိန်းပေးပါ။
    • ဒါမှမဟုတ် နှာခေါင်းအတွင်းလိမ်းလို့ရတဲ့အစိုဓာတ်ထိန်းဆေး တစ်မျိုးမျိုး လိမ်းပြီးမှ အိပ်ပါ။

    ( ၂ ) – နှာချေးကလော်ခြင်း ။ ။

    နှာချေးကလော်တာကလည်း နှာခေါင်းသွေးထွက်ခြင်းကို ဖြစ်စေတဲ့ အဖြစ်အများဆုံး အကြောင်းအရာတစ်ခုပါ။ နှာခေါင်းကလော်တာ အကျင့်တစ်ခုလိုဖြစ်နေတဲ့အခါ ညဘက်အိပ်ပျော်နေတဲ့အချိန်မှာလည်း သွားသွားပြီး ကလော်တတ်ကြပါတယ်။ ဒီလိုနဲ့ နှာခေါင်းအတွင်းက သွေးကြောလေးတွေထိမိပြီး နှာခေါင်းသွေးလျှံလာရတာ ဖြစ်ပါတယ်။

    ဒါကိုဘယ်လိုကာကွယ်ကြမလဲ ။ ။

    • ညဘက်အိပ်တဲ့အခါ လက်အိတ်ဝတ်ပြီးအိပ်ပါ။ ဒါမှ နှာခေါင်းထဲ လက်ထည့်မရလို့ ကုတ်မိမှာ မဟုတ်တော့ပါဘူး။
    • လက်သည်းသေချာညပ်ပါ။ လက်သည်းအရှည်တွေက နှာခေါင်းအတွင်းသားတွေကို ပိုထိခိုက်စေတတ်ပါတယ်။

    ( ၃ ) ရာသီဥတု ။ ။

    ဆောင်းတွင်းလို အေးပြီးခြောက်သွေ့တဲ့ရာသီဥတုမှာ နှာခေါင်းသွေးထွက်လေ့ရှိပါတယ်။ ခြောက်သွေ့ပြီး စိုထိုင်းဆနည်းတဲ့ ဆောင်းလေကြောင့်ရော၊ အိမ်မှာ တပ်ထားတဲ့ အပူပေးစက်တွေကြောင့်ရော ပတ်ဝန်းကျင်က လေတွေ အကုန် စိုထိုင်းဆနည်းပြီး ခြောက်သွေ့ကုန်ပါတယ်။ ဒီခြောက်သွေ့နေတဲ့လေတွေကို ရှူရှိုက်တာများတဲ့အခါ နှာခေါင်းအတွင်းသားတွေ ကွဲအက်တတ်ပြီး သွေးထွက်တတ်ပါတယ်။

    ဒါကိုဘယ်လိုကာကွယ်ကြမလဲ ။ ။

    • အိပ်ခန်းထဲ ရေငွေ့ထိန်းစက်တပ်ထားပါ။ အထူးသဖြင့် ဆောင်းတွင်းပိုင်းတွေမှာပေါ့။
    • Saline နှာခေါင်းအစက်ချဆေး လေးကို နှာခေါင်းထဲထည့်ပြီး အတွင်းသားနံရံတွေရဲ့ အစိုဓာတ်ကို ထိန်းပေးပါ။
    • ဒါမှမဟုတ် နှာခေါင်းအတွင်းလိမ်းလို့ရတဲ့ အစိုဓာတ်ထိန်းဆေး တစ်မျိုးမျိုး လိမ်းပြီးမှ အိပ်ပါ။

    ( ၄ ) – ဓာတ်မတည့်ခြင်း ။ ။

    ဓာတ်မတည့်မှုပြင်းထန်တဲ့ လူတစ်ယောက်ဟာ နှာခေါင်းတွေယားပြီး နှာစေး၊ နှာချေတာတွေခဏခဏဖြစ်တတ်တယ်ဆိုတာ အားလုံးသိကြမှာပါ။ ဒီလို ခဏခဏ နှာချေတာဟာ နှာခေါင်းသွေးလျှံခြင်းကို ဖြစ်စေတဲ့အကြောင်းအရာတစ်ခုပါ။

    • နှာခေါင်းယားတဲ့အခါ နှာခေါင်းကိုကုတ်မိမယ်၊ အဲ့အါ သွေးကြောလေးတွေကိုထိမိသွားပြီး သွေးထွက်လာမယ်
    • နှပ်ခဏခဏ ညှစ်တဲ့အခါ အားသုံးရတာကြောင့် အတွင်းက သွေးကြောလေးတွေ ကွဲသွားမယ်
    • စတီးရွိုက်ပါတဲ့ ပန်းနာရင်ကြပ်ရှူဆေးတွေကြောင့်လည်း နှာခေါင်းအတွင်းသားခြောက်ပြီး ကွဲအက်တတ်ပါတယ်။

    ဒါကိုဘယ်လိုကာကွယ်ကြမလဲ ။ ။

    • ဓာတ်မတည့်ခြင်းက အရင်းခံဖြစ်တာကြောင့် ဓာတ်မတည့်တာကို သက်သာစေတဲ့ဆေးတွေသောက်ပါ။
    • ကိုယ်နဲ့ ဓာတ်မတည့်တဲ့ အရာကို မှတ်ထားပြီး အဲဒါနဲ့ ဝေးဝေးရှောင်ပါ။
    • နှပ်ညှစ်တဲ့အခါ အားကုန်သုံးပြီး ညှစ်မချလိုက်ပါနဲ့။
    • ရှူဆေးသုံးတဲ့အခါမှာလည်း Saline နဲ့လုပ်ထားတဲ့ နှာခေါင်းဖြန်းဆေးတွေ သုံးပေးတာက ပိုကောင်းပါတယ်။.

    ( ၅ ) – ရောဂါပိုးဝင်ခြင်း ။

    တုပ်ကွေးမိချိန်၊ ထိပ်ကပ်နာရောဂါ ခံစားနေရချိန်မှာ အတွင်းနှာခေါင်းနံရံလေးတွေက အရမ်းကို နုပြီး အထိမခံဖြစ်နေတတ်ပါတယ်။ ဒီလိုအချိန်မှာ နှာကလည်းစေးတော့ နှပ်ညှစ်လိုက်တာနဲ့တင် သွေးကြောပေါက်ပြီး သွေးတွေထွက်လာတတ်ပါတယ်။

    ဒါကိုဘယ်လိုကာကွယ်ကြမလဲ ။ ။

    • နှာပိတ်တာကို သက်သာစေဖို့ နှာခေါင်းထဲ အစက်ချဆေးရည်ထည့်တာမျိုး၊ ရေငွေ့ပါတဲ့ နှာဖြန်းဆေးရှူတာမျိုး၊ ရေနွေးငွေ့ရှူတာမျိုးလုပ်ပေးပါ။
    • နှာရည်ခဲနဲ့ ချွဲတွေပျော်စေဖို့ ရေများများသောက်ပါ။
    • ခုခံအားကောင်းပြီး အားပြန်ပြည့်အောင် အနားများများယူပါ။
    • ဆရာဝန်နဲ့သေချာတိုင်ပင်ပြီး ပိုးသတ်ဆေးတွေ သောက်သင့်ရင်လည်းသောက်ပါ ။ ။

    ဒါတွေကတော့ ညဘက် နှာခေါင်းသွေး လျှံတတ်တဲ့အကြောင်းအရင်းတွေနဲ့ သူတို့ကို ဘယ်လိုသက်သာအောင်လုပ်ရမလဲဆိုတဲ့ အကြောင်းအရာတွေပဲဖြစ်ပါတယ်။ နှာခေါင်းသွေးလျှံတာ အများအားဖြင့် မစိုးရိမ်ရပေမယ့် ရောဂါအခံတစ်ခုခုရှိတာကြောင့်လည်းဖြစ်နိုင်တာကြောင့်

    • နှာခေါင်းသွေးတစ်ခါလျှံရင် မိနစ် ၂၀ ထက်ကြာနေမယ်
    • တစ်ခါတစ်လေ မဟုတ်ဘဲခဏခဏ လျှံနေမယ်
    • ထိခိုက်ဒဏ်ရာလည်း ရဖူးထားတယ်ဆိုရင်တော့ မပေါ့ဆဘဲ ဆေးခန်းသွားပြတာ အကောင်းဆုံးပါ ။ ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 08/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement