backup og meta

နားကြပ်လည်း သုံးမယ်၊ အကြားအာရုံလည်း မထိခိုက်ချင်ဘူးဆိုရင်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Zon Aung မှ ရေးသားသည်။ · 21/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နားကြပ်လည်း သုံးမယ်၊ အကြားအာရုံလည်း မထိခိုက်ချင်ဘူးဆိုရင်

    ဒီကနေ့ခေတ်မှာ နားကြပ်တွေ၊ Headphones တွေနဲ့ Earbuds တွေကို လူတိုင်းနီးပါး ပိုင်ဆိုင်ထားကြပါတယ်။ သီချင်းနားထောင်တာ၊ ရုပ်ရှင်ကြည့်တာ၊ ဖုန်းပြောတာနဲ့ ဂိမ်းဆော့တဲ့အချိန်တွေမှာ အဆိုပါ ပစ္စည်းတွေကို အချိန်အတော်ကြာအောင် အသုံးပြုကြလေ့လည်းရှိပါတယ်။

    တကယ်တော့ နားကြပ်တွေ၊ Headphones တွေနဲ့ Earbuds တွေဟာ သင့်ရဲ့ အကြားအာရုံကို ဆိုးဆိုးရွားရွား ချို့ယွင်းသွားလောက်တဲ့အထိ အန္တရာယ် ပေးနိုင်ပါတယ်။ တကယ်ကို ဂရုတစိုက် အသုံးပြုသင့်တဲ့ ပစ္စည်းတွေဖြစ်ပါတယ်။

    နားရဲ့အတွင်းပိုင်းမှာရှိတဲ့ ဆဲလ်လေးတွေဟာ အရမ်းကို နူးညံ့ပြီး ထိခိုက်လွယ်ကြပါတယ်။ လေ့လာချက်တွေအရ အဆိုပါ ဆဲလ်လေးတွေဟာ ထိခိုက်ပျက်ဆီးသွားပြီဆိုရင် ပြန်လည်ကောင်းမွန်လာခြင်းမရှိတော့ပဲ လုံးဝပျက်စီးသွားတတ်တယ်လို့ ဆိုပါတယ်။

    ဒီကနေ့ကမ္ဘာပေါ်မှာ အကြားအာရုံချို့ယွင်းတဲ့ လူငယ်အရေအတွက် တိုးပွားလာနေပြီး ပြီးခဲ့တဲ့ ၁၉၈၈ ခုနှစ်ဝန်းကျင်ကနဲ့ နှိုင်းစာရင် ၃ ပုံ တစ်ပုံလောက် တိုးပွားလာတာဖြစ်တယ်လို့ Journal of American Medicine က ဖော်ပြဖူးပါတယ်။

    Stony Brook University School of Medicine ရဲ့ သုတေသနတစ်ရပ်အရဆိုရင် လူတစ်ယောက်ဟာ တစ်နေ့ကို ၁ နာရီ နားကြပ်အသုံးပြုရုံနဲ့တင် အဆင့် ၄ အကြားအာရုံချို့ယွင်းမှုမျိုးဖြစ်ပေါ်လာနိုင်ခြေ အရမ်းမြင့်တက်သွားလေ့ရှိတယ်လို့ ဆိုပါတယ်။

    နားကြပ်က သင့်နားကို ဘယ်လို အန္တရာယ်ပေးသလဲ

    နားကြပ်တွေ ထွက်ရှိတဲ့ အသံလှိုင်းထုထည်ဟာ နားကို အန္တရာယ်အပေးနိုင်ဆုံး အရာဖြစ်ပါတယ်။ ကျယ်လောင်တဲ့ အသံတွေဟာ နားစည်ကို အနီးကပ်ဆုံးအနေအထားနဲ့ တိုက်ရိုက်သွားရောက် ထိတွေ့တာကြောင့်ဖြစ်ပါတယ်။ ကျယ်လောင်တဲ့အသံတွေကို ပုံမှန်နားထောင်မိနေမယ်ဆိုရင် အကြားအာရုံထိခိုက်မှုတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။

    အသံလှိုင်းတွေ နားထဲကို ဝင်ရောက်သွားတဲ့အခါ နားစည်ကို ထိခတ်မိပါတယ်။ အဲ့ဒီအခါမျိုးမှာ နားစည်ဟာ တုန်ခါလာပြီး သေးငယ်လှတဲ့ အရိုးငယ်လေးတွေကနေတစ်ဆင့် Cochlea တစ်ရှူးစတွေဆီကို ပို့ဆောင်ပေးမှာဖြစ်ပါတယ်။ Cochlea ဟာ အရည်တွေပြည့်နှက်နေတဲ့ ဦးခေါင်းအတွင်းက အခန်းငယ်တစ်ခုဖြစ်ပြီးတော့ ထောင်ပေါင်းများစွာသော အာရုံခံအမွှေးအမှင်တွေလည်း ပါဝင်နေပါတယ်။ အသံလှိုင်းတွေ cochlea ကို ထိခတ်မိတိုင်းမှာ အဆိုပါ အမွှေးအမြှင်လေးတွေဟာ ရွေ့လျားသွားတတ်ပြီးတော့ ပြင်းထန်လွန်းတဲ့ အသံလှိုင်းတွေရဲ့ ထိခတ်တုန်ခါမှုတွေကို ကြိမ်ဖန်များစွာခံလာရတဲ့အခါ အဆိုပါ အာရုံခံအမွှေးအမျှင်လေးတွေဟာ တုန်ခါမှုကို အာရုံခံနိုင်စွမ်းပျောက်ဆုံးသွားမှာဖြစ်ပါတယ်။ ဒီလိုဖြစ်တာမျိုးကို “ယာယီအကြားအာရုံချို့ယွင်းခြင်း” လို့ ခေါ်ဆိုပါတယ်။ ပြန်လည်သက်သာဖို့ အချိန်ယူရမှာဖြစ်ပါတယ်။

    ဒါပေမယ့် ဒီဆဲလ်စ်လေးတွေနဲ့ နာ့ဗ်ကြောတွေ ပြန်လည်မသက်သာလာဘူးဆိုရင်တော့ သင်ဟာ အကြားအာရုံကို လုံးဝဆုံးရှုံးရပြီဖြစ်ပါတယ်။ ပေ ၃၀ အကွာလောက်က ဖြတ်သွားတဲ့ မော်တော်ဆိုင်ကယ်တစ်စီးရဲ့ ကျယ်လောင်မှုဟာ 90 decibel (dB) ဖြစ်ပြီးတော့ မြက်ရိတ်စက်တစ်ခုရဲ့ ဆူညံသံကတော့ 105 dB ဖြစ်ပါတယ်။ အိုင်ဖုန်းတစ်လုံးမှာ ပါရှိတဲ့ နားကြပ်ရဲ့ ၁၀၀% အပြည့်ကျယ်လောင်မှုက 112dB ပါ။ ၆၀% လောက်ထားမယ်ဆိုရင်တောင်မှ 80 dB လောက်ရှိမှာဖြစ်ပါတယ်။ ဒါကြောင့် နားကြပ်တွေကို အချိန်အကြာကြီး ဆက်တိုက်အသုံးမပြုဖို့နဲ့ သတိထားအသုံးပြုဖို့ သတိပေးလိုတာဖြစ်ပါတယ်။

    နောက်ထပ် ပညာရှင်တွေကထောက်ပြတာကတော့ နားကြပ်တွေကြောင့် အကြားအာရုံထိခိုက်တာဟာ ကျယ်လောင်လှတဲ့ အသံကြောင့်ထက် အသံလှိုင်းရဲ့ အကွာအဝေးကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။ အသံအတိုးအကျယ်ဟာ ချိန်ညှိလို့ရပေမယ့် နားကြပ်နဲ့ နားစည်တို့အကြားက အကွာအဝေးကိုတော့ ချိန်ညှိခွင့်မရှိတာကြောင့်ဖြစ်ပါတယ်။

    နားကြပ်တွေကြောင့် ရလာမယ့် ဘေးအန္တရာယ်တွေကို ဘယ်လို ရှောင်လွှဲကြမလဲ

    နားကြပ်အသုံးပြုမှုနဲ့ ပတ်သတ်ပြီး သတိထားဖို့နဲ့ အရမ်းကို အလွန်အကျွံ အသုံးပြုဖြစ်နေတယ်ဆိုရင် အဲ့ဒီအလေ့အထမျိုးကို ပြုပြင်ရှောင်လွှဲဖို့ တိုက်တွန်းလိုပါတယ်။

    • အရင်ဆုံး အသံရဲ့ ကျယ်လောင်မှုနှုန်းကို ချိန်ညှိပါ – ပတ်ဝန်းကျင်က အသံတွေပါ မကြားရတော့တဲ့အထိ အရမ်းကျယ်ကျယ်လောင်လောင်ကြီးနားထောင်တာမျိုး မလုပ်ပါနဲ့။
    • ဖြစ်နိုင်ရင် Noise-canceling headphones တွေ သုံးပါ – ပုံမှန် နားကြပ်တွေဟာ ဆူညံသံတွေကို လျှော့မချပေးထားပါဘူး။ Noise-canceling headphones တွေဟာ အပိုဆူညံသံတွေကို တားဆီးထားနိုင်တာမို့ အသံခပ်တိုးတိုးနဲ့ပဲ ရုပ်ရှင်၊ ဗီဒီယိုနဲ့ တေးသီချင်းတွေကို နားဆင်နိုင်မှာဖြစ်ပါတယ်။
    • နားအပြင်ဘက်မှာ တပ်ရတဲ့ နားကြပ်မျိုးတွေ သုံးပါ – Over-the-ear Model လို့ ခေါ်ပါတယ်။ ကျန်းမာရေးပညာရှင်တွေကတော့ နားအတွင်းထဲကို ထိုးထည့်ရတဲ့ နားကြပ်တွေနဲ့ Earbud-style models တွေက ပိုအန္တရာယ်များတယ်လို့ ဆိုထားကြပါတယ်။
    • ၆၀-၆၀ စည်းမျဉ်းကို သုံးပါ – ၆၀-၆၀ စည်းမျဉ်းဆိုတာက အသံရဲ့ ကျယ်လောင်မှုနှုန်းကို ၆၀ ထက်မကျော်စေပဲထားပြီး တစ်ကြိမ်ကို မိနစ် ၆၀ ထက်မပိုအောင် သုံးတာမျိုးကို ဆိုလိုပါတယ်။ ဒီလို အသုံးပြုတာကို ကျန်းမာရေးနဲ့ ကိုက်ညီတဲ့ နည်းလမ်းအဖြစ် လက်ခံထားကြပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Zon Aung မှ ရေးသားသည်။ · 21/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement