backup og meta

ကလေးက ဘယ်အရွယ်မှာ စတင်ပြီး အနံ့တွေကို ခွဲတတ်နေပြီလဲ


Ye Myo Myat မှ ရေးသားသည်။ · 21/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးက ဘယ်အရွယ်မှာ စတင်ပြီး အနံ့တွေကို ခွဲတတ်နေပြီလဲ

    ကလေးတွေရဲ့ အနံ့ခံအာရုံဟာ ကြီးထွားဖွံ့ဖြိုးမှုအတွက် အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေပါတယ်။ အနံ့ခံတာနဲ့ အရသာခံတဲ့ အာရုံ ၂မျိုးက ဆက်နွယ်နေတဲ့အတွက် ကလေးက ဘယ်အစားအစာတွေကို စားချင်စိတ် ဖြစ်ပေါ်စေမလဲဆိုတဲ့ ကိစ္စမှာပါ သက်ရောက်မှု ရှိစေပါတယ်။ ဒါ့အပြင် အနံ့ခံအာရုံဟာ ကိုယ့်ကလေးရဲ့ စိတ်ကို တက်ကြွလန်းဆန်းစေတယ်၊ ကိုယ့်ရဲ့ မိသားစုနဲ့လည်း ရင်းနှီးပြီး သံယောဇဉ်တွယ်စေဖို့ အထောက်အကူပေးပါတယ်။

    ကိုယ်ဝန်ဆောင်စဉ် သန္ဓေသားက အနံ့ကို စခွဲတတ်နေပြီဆိုတာ ဟုတ်လား။

    မှန်ပါတယ်။ ကိုယ်ဝန်ဆောင်စဉ် ပထမ ၃လအတွင်းမှာ ကလေးရဲ့ နှာခေါင်းဟာ စတင်ဖြစ်ပေါ်လာပါတယ်။ ရက်သတ္တပတ် အနည်းငယ်ကြာတဲ့အခါမှာ နှာခေါင်းပေါက် ၂ပေါက် ထွက်လာမယ်။ ကိုယ်ဝန် ၁၀ ပတ်မြောက်မှာ ကလေးတွေရဲ့ အနံ့ခံအာရုံဟာ စတင်ဖွံ့ဖြိုးနေပါပြီ။

    ကိုယ်ဝန်ဆောင်နေစဉ်မှာ မိခင်နို့ရည်နဲ့ အနံ့ချင်းဆင်တူပြီး အဝါဖျော့ရောင်ရှိတဲ့ ရေမြွှာရည် (amniotic fluid) တွေကို စတင်ရှူရှိုက်နေပါပြီ။ ကိုယ်ဝန်ဆောင်မိခင် စားသောက်လိုက်တဲ့ အစားအစာတွေရဲ့ အနံ့အသက်နဲ့ အရသာကို ရေမြွှာရည်တွေက သယ်ယူပေးပါတယ်။ ဒီအခါမှာ မိခင်စားလိုက်တဲ့ အစားအစာတွေကို သန္ဓေသားအရွယ်မှာကတည်းက ယဉ်ပါးနေပါပြီ။

    မွေးလာပြီးတဲ့နောက်မှာ ကလေးတွေရဲ့ အနံ့ခံအာရုံဟာ သိသိသာသာ ပိုကောင်းလာပါတယ်။ ကိုယ့်ရဲ့ မိဘတွေကို အမြင်အာရုံထဲမှာ မမှတ်မိသေးတဲ့တိုင်အောင် ကိုယ်နံ့နဲ့ မှတ်မိနေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် မိခင်နို့ရဲ့ အနံ့အသက်ကိုလည်း ကလေးတွေက ကောင်းကောင်း အာရုံခံနိုင်မှာပါ။ မွေးကင်းစကလေးတွေရဲ့ အစားအစာနဲ့ စိတ်ပျော်ရွှင်စေမှုကို ခွဲခြားသိနိုင်စေဖို့ အနံ့ခံအာရုံက ကူညီပေးပါတယ်။

    အနံ့ခံအာရုံဟာ မှတ်ဉာဏ်တွေကို ဖော်ထုတ်ပေးနိုင်တဲ့ ဦးနှောက်အာရုံရဲ့ တစ်စိတ်တစ်ဒေသလည်း ဖြစ်ပါတယ်။ အနံ့ခံအာရုံဟာ ကလေးနဲ့ ရင်းနှီးနေတဲ့ တချို့သော အနံ့အသက်တွေ၊ အမှတ်တရ၊ အတွေ့အကြုံတွေကို ပြန်လည်ဆက်စပ်ပေးပါတယ်။ ဒါကြောင့် ကလေးတွေ အသက်ကြီးလာရင်တောင် အနံ့တစ်မျိုးကို ရတိုင်း အရင်က အမှတ်တရတွေ၊ အချိန်တွေ၊ ခံစားမှု၊ ပျော်ရွှင်မှုမျိုးကို ပြန်လည်ပေးစွမ်းနိုင်ပါတယ်။

    ကလေးတွေရဲ့ အနံ့ခံအာရုံ ဖွံ့ဖြိုးပုံ

    မွေးကင်းစ ကလေးတွေဟာ မိခင်ရဲ့ နို့နဲ့ တခြားမိခင်တစ်ယောက်ရဲ့ နို့ကိုပါ ခွဲခြားသိနိုင်စွမ်းရှိပါတယ်။ မိခင်ရဲ့ ကိုယ်နံ့ကို မှတ်မိနေတဲ့ ကလေးဟာ မေမေနဲ့အတူရှိနေစဉ်မှာ ပျော်ရွှင်မှု၊ လုံခြုံမှု၊ နွေးထွေးမှုကို ခံစားသိရှိနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်ကလေးနဲ့ အတူရှိနေချိန်မှာ မေမေတွေအနေနဲ့ ရေမွှေး အစရှိတဲ့ အနံ့ပြင်းတဲ့ အမွှေးနံ့သာတွေ မသုံးစွဲသင့်ပါဘူး။ မိခင်ကိုယ်နံ့ကို မှတ်မိနေတာကြောင့် ကလေးဟာ မေမေပွေ့ဖက်နေချိန်မှာ ပိုပြီး သံယောဇဉ်တိုးစေနိုင်ပါတယ်။

    ၁လသား အရွယ်မှာ အနံ့အမျိုးမျိုးကို စတင်အာရုံခံတတ်နေပါပြီ။ ဒီလိုအချိန်မှာ ကလေးရဲ့ အနံ့ခံအာရုံနဲ့ အစာစားချင်စိတ်ကို ထိခိုက်စေနိုင်တဲ့ အနံ့ပြင်းတဲ့ ရေမွှေးတွေကို မိခင်တွေအနေနဲ့ မသုံးသင့်သေးပါဘူး။

    ၃လသား အရွယ်မှာ ကလေးရဲ့ အနီးမှာရှိနေတဲ့ လူတွေရဲ့ မတူညီတဲ့ အနံ့အသက်တွေကို သိရှိနေမှာဖြစ်ပြီး ဘယ်သူက သူစိမ်းလဲ၊ ဘယ်သူက မေမေ ဖေဖေလဲဆိုတာ စတင်ခွဲခြားတတ်ပါပြီ။

    ၆လသား အရွယ်မှာ အမာစာတွေက စတင်စားနိုင်ပြီဖြစ်လို့ သူစားချင်တဲ့ အစားအစာတွေရဲ့ အနံ့နဲ့ အရသာကို နားလည်နေပါပြီ။ ကိုယ်ဝန်ဆောင်စဉ်မှာ မိခင်မကြာခဏ စားတတ်တဲ့ အစားအစာတွေကို ကလေးတွေက ပိုပြီး ယဉ်ပါးပါတယ်။

    ၁၂လသား အရွယ်မှာ ကလေးတွေက သူတို့မကြိုက်တဲ့ အစားအစာတွေကို စတင်ခွဲခြားနိုင်ပါပြီ။ ကလေးက ဒီအစားအစာကို မကြိုက်ဘူးဆိုတာ မေမေသိစေဖို့ အမူအရာတွေနဲ့ လုပ်ပြမှာပါ။ ဒီအရွယ်ကနေ ၈နှစ်အရွယ်အထိ အနံ့ခံအာရုံဟာ တိုးတက်ပြောင်းလဲနေမှာ ဖြစ်ပါတယ်။

    ဘယ်လိုအနံ့အသက်တွေက ကလေးကို ပျော်ရွှင်စေလဲ။

    ကလေးဟာ သူတို့နဲ့ ရင်းနှီးနေတဲ့ အနံ့တွေ ဥပမာ – မေမေ၊ ဖေဖေတို့ရဲ့ အနံ့ကို ရတဲ့အခါမှာ ပိုပြီး စိတ်ပျော်ရွှင်မှုကို ရရှိပါတယ်။ လူကိုမမြင်ရရင်တောင် အနံ့ကို ခွဲခြားသိတာမို့ မိဘတွေဟာ အနားမှာ ရှိ၊ မရှိဆိုတာကို ကလေးတွေအနေနဲ့ ခွဲခြားသိမြင်နိုင်မှာပါ။ ရင်းနှီးနေတဲ့ အနံ့အသက်တွေဟာ ငိုနေတဲ့ ကလေးရဲ့ စိတ်ကို ပြေလျော့စေဖို့ ကူညီပေးနိုင်ပါတယ်။

    သဘာဝအမွှေးနံ့သာအဆီတွေဟာလည်း ကလေးရဲ့ စိတ်ကို ငြိမ်းချမ်းမှုကို ဖြစ်စေပါတယ်။ အမွှေးနံ့သာအဆီတွေကို ကလေးရဲ့ အရေပြားနဲ့ တိုက်ရိုက်ထိတွေ့တာမျိုးတော့ မလုပ်သင့်ပါဘူး။ ကလေးလက်လှမ်းမမီလောက်တဲ့ နေရာမျိုးမှာ ထားထားပါ။

    Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Myo Myat မှ ရေးသားသည်။ · 21/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement