backup og meta

ဘေဘီလေးတွေကို နားသန့်ရှင်းပေးမယ်

ဘေဘီလေးတွေကို နားသန့်ရှင်းပေးမယ်

တစ်ကိုယ်ရေသန့်ရှင်းရေးမှာ နားသန့်ရှင်းရေးကလည်း မေ့ထားလို့ မရတဲ့ အချက်တစ်ခုပါ။ လူကြီး တစ်ယောက် အနေနဲ့ အချိန်အဆကို နားလည်နေတာကြောင့် နားသန့်ရှင်းတဲ့အခါ အခက်အခဲ မရှိပေမယ့် ကလေး တစ်ယောက်ကို နားသန့်ရှင်းပေးဖို့ ကျတော့ ခက်တယ်နော်။ မသန့်ရှင်းဘဲ ထားလို့ ရပေမယ့် နားထဲမှာ နားဖာချေးတွေ အရမ်း များတဲ့အခါမှာတော့ သန့်ရှင်းပေးဖို့ လိုအပ်မှာလေနော်။ ဒီတော့ ဘေဘီလေးတွေကို ဘယ်လို နားသန့်ရှင်းပေးရမလဲ သိချင်နေတဲ့ မေမေ၊ တီတီနဲ့ ဖွားဖွားတို့အတွက် ဒီဆောင်းပါးလေးက အသုံးတည့်မှာပါ။ ကဲ … ဘေဘီလေးတွေကို နားသန့်ရှင်းပေးမယ် ဆိုရင် ဘာတွေ သတိထားဖို့ လိုမလဲ။

နားဖာချေး ဆိုတာ

နားဖာချေးဆိုတာက နားကို ကာကွယ်ဖို့ ခန္ဓာကိုယ်က အလိုလျောက်ထုတ်ပေးတဲ့အရာတွေပေါ့။ လူကြီးရော ကလေးမှာပါဖြစ်နိုင်ပါတယ်။ နားထဲကို ပြင်ပကအရာတွေ၊ ဖုန်မှုန့်တွေ နဲ့ ပိုးကောင်တွေလိုမျိုး ထိခိုက်စေနိုင်တဲ့ အရာတွေဝင်ရောက်မလာစေဖို့ နားတွင်းဂလင်းတွေကက နားဖာချေးတွေကို ထုတ်ပေးပါတယ်။

နားဖာချေးတွေက ညိုတိုတိုအရောင်ကနေ ဝါတာတာအရောင်အထိ အမျိုးမျိုးရှိနိုင်ပါတယ်။ ကလေးတွေမှာတော့ နားဖာချေးက ခပ်ပျော့ပျော့လေးတွေ အဖြစ်များပါတယ်။ နားဖာချေးတွေက အလိုလိုဖြစ်ပေါ်လာတတ်ပြီး အချိန်ကြာလာတာနဲ့အမျှ ခြောက်သွားပြီး ပြင်ပနားဆီကို ထွက်လာတတ်ပါတယ်။

ဒါပေမယ့် နားထဲမှာ နားဖာချေးတွေအရမ်းများလာမယ်ဆိုရင် ကလေးက နားကိုက်တာနားယားတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကလေးကို နားသန့်ရှင်းပေးဖို့ကလည်း မဖြစ်မနေလုပ်ပေးသင့်တဲ့ တာဝန်တစ်ခုပါ။

ဘေဘီလေးတွေကို နားသန့်ရှင်းပေးမယ်

ကလေးနားကို သန့်ရှင်းတာက နေအိမ်မှာတင် လုပ်ပေးလို့ရပါတယ်။ ဘယ်လိုသန့်ရှင်းပေးရမလဲဆိုတာကို သေချာလေးရေးပေးထားတယ်နော်။

ရေစိုဝတ်သုံးပေးပါ – ကလေးနားကို သန့်စင်ပေးရာမှာ အထိရောက်ဆုံးနည်းလမ်း တစ်ခုပေါ့။ ရေနွေးနဲ့ တဘက်စသန့်သန့်လေးတော့ လိုပါမယ်။ တဘက်စသန့်သန့်လေးကို ရေခပ်နွေးနွေးလေးကို စွတ်လိုက်ပါ။ ပြီးရင် နားအပြင်ဘက်ကို သုတ်သင်ပေးပါ။ ဒီလိုသုတ်သင်ပေးရင်းနဲ့ နားဖာချေးတွေက နားအပြင်ဘက်ကို ပျော်ပြီး ထွက်လာပါလိမ့်မယ်။ ဒီလိုပျော်ထွက်လာတာတွေကို တဘက်စလေးနဲ့ သုတ်ပြီး ဘေဘီလေးရဲ့ နားကို သန့်စင်လိုက်ပါနော်။ တဘက်စကို နားတွင်ထဲထိုးထည့်တာမျိုးတော့ မလုပ်သင့်ပါဘူး။

နားထဲအစက်ချဆေးရည်သုံးပေးပါ– နားအတွင်းပိုင်း ကနားဖာချေးတွေကို သန့်စင်ပေးဖို့အတွက်ကတော့ နားထဲအစက်ချဆေးကို သုံးပေးပါ။ ဆရာဝန်က ညွှန်းတဲ့ အစက်ချဆေးကိုပဲသုံးပေးပါ။ နားထဲကို အစက်ချတဲ့အခါမှာလည်း ကလေးကို တစောင်းအနေအထားနဲ့ သက်သောင့်သက်သာနေခိုင်းပြီး ဆေးရည်ကို လက်ဖဝါးထဲမှာနွေးသွားအောင် ခဏထားပြီးမှ ကလေးရဲ့ နားထဲကို ထည့်ပေးပါ။ နားထဲကို အစက်ချဆေးထည့်ပြီးတဲ့အခါ ခဏထားပေးပြီးမှ တစ်ဖက်ကိုစောင်းချခိုင်းလိုက်ပါ။

နားကျပ်ဂွမ်း အသုံးပြုပါ – အသုံးပြုပေးတဲ့နည်းက ရေစိုဝတ်ကိုသုံးတဲ့နည်းအတိုင်းပါပဲ။ နားကျပ်ဂွမ်းစလေးမှာ ရေနွေးစွတ်ပေးလိုက်ပါ။ ပြီးရင် နားအပြင်ဘက်ကို ဖြည်းဖြည်းချင်းပွတ်တိုက်သန့်စင်ပေးပါ။ အတွင်းထဲကို မထိုးရပါ။ နားထဲက နာဖာချေးတွေ အပြင်ထွက်လာတဲ့အခါ သုတ်သင်ပေးလိုက်ရုံပါနော်။

Baby Oil ကိုသုံးပေးပါ – ကလေးရဲ့ နားတွင်းထဲကို Baby Oil အစက်ချပေးပါ။ ဒီလိုလုပ်ပေးတဲ့အခါ နာဖာချေးတွေပျော်ပြီး နားအပြင်ဘက်ကို အလွယ်တကူထွက်လာမှာပါ။ ဒီနည်းကဘေးကင်းစိတ်ချစွာနဲ့ ကလေးကို နားသန့်ရှင်းပေးနိုင်မယ့် နည်းလမ်းတစ်ခုပေါ့။

ကလေးနားသန့်ရှင်းပေးတဲ့အခါ ဆောင်ရန်၊ရှောင်ရန်အချက်များ

နားသန့်ရှင်းပေးတာက ကြည့်တော့သာ ဘာမှမဟုတ်ဘူးထင်ရပေမယ့် တကယ်တမ်းလုပ်ဖို့ကျခက်ခဲတယ်နော်။ ကလေးက ငယ်လေလေ ပိုဂရုစိုက်ရလေလေပါ။ ဒီတော့ နုနယ်လွန်းတဲ့ ကလေးရဲ့နားကို သန့်စင်ပေးတော့မယ်ဆိုရင် ဒီအချက်လေးတွေတော့ သတိထားပေးပါနော်။

ဆောင်ရန်အချက်များ

  • ကလေးကို ငြိမ်ငြိမ်လေးနေအောင် ထိန်းထားပါ။
  • ရေစိုဝတ်စသန့်သန့်လေး ဒါမှမဟုတ် ဂွမ်းစသန့်သန့်လေးသုံးပေးပါ။
  • နားဖားချေးက နားတွင်းနက်နက်ထဲရောက်နေမယ်ဆိုရင် ဆရာဝန်နဲ့ သေချာတိုင်ပင်ပါ။

ရှောင်ရန်အချက်များ

  • ကလေးနားထဲကို ချွန်ထက်တဲ့အရာတွေသုံးပြီး မကလော်ပါနဲ့။
  • နားကျပ်ဂွမ်းတံသုံးပြီး နားအတွင်းပိုင်းထဲကို ကလော်တာမျိုးမလုပ်ပါနဲ့။
  • နားထဲကို ရေအေးထည့်ပြီး နာဖာချေးထွက်လာအောင် မလုပ်ပါနဲ့။
  • နားထဲကို ရေအရှိန်နဲ့လောင်းထည့်တာမျိုးမလုပ်ပါနဲ့။
  • နားထဲကို ခက်ခက်ခဲခဲ ကလော်ပေးတာမျိုးမလုပ်ပါနဲ့။

ဒီနည်းလေးတွေက ကလေးကို နားသန့်ရှင်းရေးလုပ်ပေးရာမှာ အသုံးဝင်မှာပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

How to Clean Baby Earshttps://www.thebump.com/a/how-to-clean-baby-ears Accessed Date 5 December 2018

How to Clean Baby Earshttps://parenting.firstcry.com/articles/how-to-clean-baby-ears-effective-tips-home-remedies/ Accessed Date 5 December 2018

ယခုပုံစံ

14/11/2023

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကလေးက အစားစစားဖို့ အသင့်ဖြစ်ပြီလား

ဘေဘီလေးတွေ လည်ပင်း က အရေပြားလောင်နာတွေကို ဒီလိုသက်သာအောင်လုပ်ပေးပါ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Aye Thi Mon မှ ရေးသားသည်။ · 14/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement