backup og meta

နားထဲတစ်ခုခုဝင်ခဲ့ရင်

နားထဲတစ်ခုခုဝင်ခဲ့ရင်

နေ့စဉ်လှုပ်ရှားမှုတွေတိုင်းအတွက်မြင်ဖို့၊ကြားဖို့ကမဖြစ်မနေလိုပါတယ်။ လူတစ်ယောက်အနေနဲ့ လုပ်ငန်းဆောင်တာတွေကိုကောင်းစွာလုပ်ကိုင်နိုင်ဖို့ဆိုရင် အမြင်အာရုံ၊ အကြားအာရုံနဲ့ အနံ့ခံအာရုံ ၃ ခုစလုံးကောင်းမှဖြစ်မှာပါ။ ဒီတော့ မျက်စိနား၊နှာခေါင်း တို့ကိုသေချာစွာဂရုစိုက်ဖို့လိုပါမယ်။ အမြင်အာရုံဆုံးရှုံးတဲ့အခါမြင်သင့်တာတွေနဲ့ လှပတဲ့မြင်ကွင်းတွေကို မမြင်တွေ့ရတော့တာမျိုးဖြစ်နိုင်သလို အကြားအာရုံဆုံးရှုံးတဲ့အခါမှာလည်း သာယာငြိမ့်ညောင်းတဲ့အသံတွေနဲ့ ကြားသင့်တဲ့ အသံတွေကိုကြားခွင့်မရမှာပဲဖြစ်ပါတယ်။

တစ်ခါတလေမှာ အခန့်မသင့်လို့ဖြစ်ဖြစ်၊ မတော်တဆဖြစ်ဖြစ် နား၊မျက်လုံးနဲ့ နှာခေါင်းထဲကိုပြင်ပအရာတွေဝင်ရောက်တတ်ပါတယ်။ အထူးသဖြင့် ကလေးလေးတွေမှာပိုအဖြစ်များပါတယ်။ဆော့ရင်းနဲ့ဖြစ်ဖြစ် စိတ်ထင်သလိုကောက်ထည့်လိုက်တာ၊ရှုရှိုက်လိုက်တာတွေကြောင့် နားနဲ့ နှာခေါင်းထဲကိုပြင်ပအရာတွေဝင်ရောက်နိုင်ပါတယ်။ ဒီလိုဖြစ်တဲ့အခါ မိဘတွေက စိုးရိမ်တကြီးနဲ့ထုတ်မိတတ်ကြပါတယ်။ အဆင်ပြေပြေမထုတ်နိုင်ရင် ထိခိုက်မှုကြီးသွားနိုင်ပါတယ်။ နားဆိုရင်လည်း အကြားအာရုံချို့ယွင်းသွားတာမျိုးတွေအထိတောင်ဖြစ်နိုင်ပါတယ်။

နားထဲကို တစ်ခုခုဝင်တဲ့အခါ

နားထဲကိုပြင်ပကအရာဝတ္ထုတွေ၊ပိုးကောင်လိုမျိုးအရာတွေ ဝင်တဲ့အခါ –

နားထဲတစ်ခုခုဝင်နေတဲ့အခါ ဒီလိုလက္ခဏာတွေတွေ့ရနိုင်ပါတယ်

လူကြီးတွေက သူတို့နားထဲတစ်ခုခုဝင်နေတဲ့အခါပြောပြနိုင်ပေမယ့် ကလေးငယ်လေးတွေကတော့ နားထဲတစ်ခုခုဝင်နေတဲ့အခါပြောမပြတတ်ကြပါဘူး။ နားဆိုတာကလည်း အထိခိုက်ခံနိုင်စွမ်းနည်းတဲ့ အစိတ်အပိုင်းဖြစ်တာကြောင့်သေသေချာချာဂရုစိုက်ဖို့ လိုမှာပါ။ ကလေးတွေကိုဆိုရင်တော့ လူကြီးတွေကသေချာစောင့်ကြည့်ဂရုစိုက်ပေးဖို့လိုပါလိမ့်မယ်။ နားထဲပစ္စည်းတစ်ခုခုဝင်တဲ့အခါပြသတတ်တဲ့လက္ခဏာတွေက နားထဲဝင်နေတဲ့ ပစ္စည်းရဲ့အရွယ်အစားပေါ်မူတည်ပြီး အမျိုးမျိုးကွဲပြားနိုင်ပါတယ်။

  • နားထဲကိုတစ်ခုခုဝင်နေတာကို သတိမထားမိဘဲ အချိန်ကြာမြင့်စွာဖြစ်နေမယ်ဆိုရင် နားက နာလာပြီးပြည်ထွက်လာတာ ပိုးဝင်ကူးစက်တာမျိုးဖြစ်နိုင်ပါတယ်
  • များသောအားဖြင့်ကတော့ နားထဲတစ်ခုခုဝင်တဲ့အခါ နားက နာကျင်သလိုခံစားရနိုင်ပါတယ်။ ကလေးလေးတွေဆို နားကို ပွတ်ရင်းခဏခဏငိုနေတာမျိုးဖြစ်နိုင်ပါတယ်
  • နားတွင်းပေါက်မှာ ဝင်နေတဲ့ ပစ္စည်းကပိတ်မိနေတဲ့အခါကောင်းကောင်းမကြားရတာမျိုးဖြစ်နိုင်ပါတယ်
  • နားထဲမှာဝင်နေတဲ့အရာကြောင့်ခေါင်းမူးတာ၊အော့အန်တာမျိုးဖြစ်နိုင်ပါတယ်
  • ချောင်းဆိုးတာ၊ချောင်းခဏခဏဟန့်တာမျိုးဖြစ်နိုင်ပါတယ်
  • အရမ်းပြင်းထန်ရင်တော့ နားထဲကနေသွေးထွက်လာတာမျိုးဖြစ်နိုင်ပါတယ်
  • နားထဲကို ပိုးကောင်တစ်ကောင်ကောင်ဝင်သွားတာဆိုရင်တော့ နားအတွင်းပိုင်းမှာ ပိုးကောင်လျှောက်သွားနေတာကို ခံစားမိနိုင်ပါတယ်။ နားထဲက ယားသလိုလို၊နာသလိုလိုခံစားရနိုင်သလို လည်ချောင်းထဲက ယားလာတာမျိုးလည်းခံစားရနိုင်ပါတယ်
  • နားထဲကို ပိုးကောင်ဝင်တဲ့အခါမှာတော့ နားတဝိုက်မှာ နီမြန်းတာ၊ပြည်တည်တာမျိုးတွေဖြစ်နိုင်ပါတယ်

နားထဲတစ်ခုခုဝင်တဲ့အခါ ဒီအချက်တွေသတိထားပေးပါ

နားထဲကို တစ်ခုခုနဲ့ ထိုးကလော်တာမျိုးမလုပ်ပါနဲ့ – နားထဲတစ်ခုခုဝင်သွားရင် ကြောက်လန့်တကြားနဲ့ အများဆုံးလုပ်တတ်ကြတာက နားထဲကအရာကိုဖယ်ဖို့ဆိုပြီး နားကြပ်တဲ့ ဂွမ်းတံ၊နားဖာကလော်လိုမျိုးအရာတွေနဲ့ ထိုးကော်ကြတာပါ။ ဒီလိုလုပ်တာက နားထဲကအရာဝတ္ထုကို နားအတွင်းပိုင်းထဲအထိရောက်သွားစေနိုင်ပါတယ်။ အကြားအာရုံထိခိုက်တဲ့အထိဖြစ်စေနိုင်ပါတယ်။

မြန်နိုင်သမျှမြန်မြန်ဖယ်ဖို့လုပ်ပါ -ခုနကတော့ ဘာနဲ့မှ ထိုးကလော်တာမလုပ်ဖို့ပြောတယ်၊ ခုတော့မြန်မြန်ဖယ်ပါ၊လို့ပြောပြန်တယ်လို့တွေးနေလား။ နားထဲက အရာဝတ္ထုကိုဖယ်ရှားတယ်ဆိုတဲ့နေရာမှာမြင်သာအောင်ကြီးမားတဲ့အရာ နားတွင်းဝမှာဖြစ်နေတဲ့အရာတွေကို ဇာဂနာလိုအရာသုံးပြီးဖြည်ညင်းသေချာစွာဖယ်ရှားပေးပါ။

မြေဆွဲအားကို အသုံးချပါ – လူတွေမြေကြီးပေါ်မှာ မတ်မတ်ရပ်နိုင်တာက ကမ္ဘာမြေရဲ့ ဆွဲအားကြောင့်ဆိုတာပြောစရာမလိုအောင် သိပြီးဖြစ်မှာပါ။ ဒီတော့နားထဲကို တစ်ခုခုဝင်သွားတဲ့အခါခေါင်းကိုစောင်းချပြီး နားထဲဝင်နေတဲ့အရာကိုထွက်အောင်လုပ်ပါ။

ပိုးကောင်ဝင်နေတာဆိုရင်တော့ ဆီကိုအသုံးပြုပေးပါ – နားထဲကို ပိုးကောင်တစ်ကောင်ကောင်ဝင်သွားတဲ့အခါ နားထဲကို အုန်းဆီသံလွင်ဆီလိုမျိုး အဆီတစ်ခုခုကိုလောင်းထည့်လိုက်ပါ။ နားကိုလက်နဲ့ခဏအုပ်ထားပြီးပြီးရင်စောင်းချပေးလိုက်ပါ။ ဆီကခပ်နွေးနွေးလေးဖြစ်ရင် ပိုအဆင်ပြေမှာပါ။

ဆေးခန်းသွားပြပါနားကိုထိခိုက်မှာစိုးရိမ်ရင်ဖြစ်ဖြစ် ကိုယ်တိုင်က မကျွမ်းကျင်ဘူးလို့ခံစားမိရင် ကျွမ်းကျင်တဲ့ ဆရာဝန်နဲ့ပြသပြီး နားထဲက အရာဝတ္ထုကိုဖယ်ရှားပေးပါ။

နားထဲတစ်ခုခုဝင်တဲ့အခါ ဒီနည်လမ်းလေးတွေကို အသုံးပြုပြီး အကြားအာရုံမထိခိုက်အောင်ကာကွယ်လို့ရပါတယ်။

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Foreign object in the ear: First aidhttps://www.mayoclinic.org/first-aid/first-aid/basics/art-20056709 Accessed Date 6 September 2018

Foreign Body in Ear https://www.emedicinehealth.com/foreign_body_ear/article_em.htm#how_do_you_remove_an_object_stuck_in_your_ear Accessed Date 6 September 2018

How Do I Remove a Bug from My Ear?https://www.healthline.com/health/bug-in-ear Accessed Date 6 September 2018

ယခုပုံစံ

19/09/2022

Aye Thi Mon မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

နှုတ်ခမ်းတဝိုက် မတော်တဆထိခိုက်မိခဲ့ရင်

မျက်နှာမှာထိခိုက်ဒဏ်ရာရခဲ့ရင် အမာရွတ်မဖြစ်အောင် ဘယ်လိုဂရုစိုက်မလဲ



Aye Thi Mon မှ ရေးသားသည်။ · 19/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement