အစာအိမ်အူလမ်းကြောင်းကို ဒုက္ခပေးနိုင်တဲ့ ဘက်တီးရီးယား၊ ဗိုင်းရပ်စ်၊ ကပ်ပါးပိုး စတာတွေဟာ မျိုးစုံရှိပါတယ်။ အသက်အရွယ်မရွေးဖြစ်တတ်ပေမယ့် အသက်ကြီးပိုင်းများနဲ့ ကလေးငယ်တွေမှာ ပိုဖြစ်တတ်ပါတယ်။
 
 
 စစ်တမ်းများအရ ကမ္ဘာတလွှားမှ သေဆုံးခဲ့တဲ့ ကလေးတွေရဲ့ ၉ပုံတပုံဟာ အစာအိမ်အူလမ်းကြောင်း ရောဂါပိုးကူးစက်ခံရခြင်းကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ အဆိုပါ ပမာဏဟာ အေအိုင်ဒီအက်စ်၊ ငှက်ဖျား၊ ဝက်သက် စတဲ့သုံးမျိုးပေါင်းထက်ကို ပိုမိုများပြားပါတယ်။
   လက္ခဏာများ
  အစာအိမ်အူလမ်းကြောင်းကို ရောဂါပိုးဝင်ရောက် ကူးစက်တဲ့အခါ အမျိုးအစားအလိုက် ဖြစ်ပေါ်တဲ့လက္ခဏာ ကွာခြားမှု ရှိနိုင်ပါတယ်။ အဓိကအားဖြင့် ဗိုက်အောင့်ပြီး ဝမ်းပျက်တတ်ပါတယ်။ တွေ့ရများတဲ့ တခြားလက္ခဏာတွေကတော့
   – ပျို့အန်ခြင်း
 – အဖျားတက်ခြင်း
   – အစားပျက်ခြင်း
 – ကြွက်သားများနာကျင်ကိုက်ခဲခြင်း
 – ရေဓာတ်ခန်းခြောက်ခြင်း
 – ခေါင်းကိုက်ခြင်း
    – သွေးဝမ်းသွားခြင်း၊ အမြှုပ်များပါသော ဝမ်းသွားခြင်း
 – ကိုယ်အလေးချိန်ကျခြင်း စတာတွေ ဖြစ်ပါတယ်။
  အကြောင်းအရင်းများ
  အစာအိမ်အူလမ်းကြောင်းကို ဝင်ရောက်ကူးစက်တဲ့ ရောဂါပိုးတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
 ဘက်တီးရီးယားများ
  E Coli ဟာ အစာအိမ်အူလမ်းကြောင်းကို ဝင်ရောက်ကူးစက်တဲ့ ဘက်တီးရီးယားတွေထဲမှာ တွေ့ရအများဆုံး ဖြစ်ပါတယ်။ E Coli ဘက်တီးရီးယားမှာလည်း မျိုးကွဲတွေရှိပြီး အချို့အမျိုးအစားများကတော့ အန္တရာယ်မရှိပါဘူး။ အန္တရာယ်ပေးတဲ့ အမျိုးအစားတွေဆိုရင်တော့ ဗိုက်အောင့်ခြင်း၊ အန်ခြင်း၊ သွေးဝမ်းသွားခြင်း စတာတွေ ဖြစ်တတ်ပါတယ်။
 E Coli ကူးစက်ထားတဲ့ အစားအစာ၊ ရေ စတာတွေကို စားသောက်မိရင် အူလမ်းကြောင်းထဲ ဝင်ရောက်သွားနိုင်ပါတယ်။ E Coli ဟာ လူတဦးနဲ့တဦး ထိတွေ့မိရာကနေလည်း ကူးစက်နိုင်ပါတယ်။
 အသားများကို အစိမ်းစားတဲ့အခါ၊ ကျက်အောင်မချက်ထားတဲ့ အသားများ၊ အစားအစာများကို စားတဲ့အခါ ဆယ်မွန်နဲလား ဘက်တီးရီးယားပိုး ဝင်နိုင်ပါတယ်။ အထက်လန်အောက်လျှောဖြစ်နိုင်ပြီး ပျို့အန်ခြင်း၊ ဝမ်းပျက်ခြင်း၊ ဗိုက်အောင့်ခြင်း စတာတွေ ဖြစ်တတ်ပါတယ်။
 ဗိုင်းရပ်စ်များ
  နိုရိုဗိုင်းရပ်စ်ဟာ အစားအစာကနေ ကူးစက်မှုအများဆုံး ဗိုင်းရပ်စ်ဖြစ်ပါတယ်။ ရောဂါပိုးနဲ့ထိတွေ့ထားတဲ့ အစားအစာ၊ ရေ စတာတွေကနေ ကူးစက်နိုင်သလို လူတဦးနဲ့တဦး ထိတွေ့ရာကနေလည်း ကူးစက်တတ်ပါတယ်။
   ကမ္ဘာတလွှားမှာ ကလေးတွေကို အထက်လန်အောက်လျှောဖြစ်စေတဲ့ အဓိကဗိုင်းရပ်စ်ပိုးကတော့ ရိုတာဗိုင်းရပ်စ်ဖြစ်ပါတယ်။ ကလေးငယ်တွေအနေနဲ့ နေရာမျိုးစုံကို ထိတွေ့ကိုင်တွယ်ရာကနေ ကူးစက်နိုင်ပြီး ပါးစပ်ထဲကို လက်နှိုက်မိခြင်းကြောင့် အစာအိမ်အူလမ်းကြောင်းကို ဝင်ရောက်နိုင်ပါတယ်။
 ကပ်ပါးပိုးများ
  Giardia ဆိုတဲ့ ကပ်ပါးပိုးဟာ လူတဦးနဲ့တဦး ထိတွေ့မိရာကနေဖြစ်စေ၊ ပိုးပါတဲ့ရေကို သောက်သုံးမိရာကဖြစ်စေ ကူးစက်ပါတယ်။ Giardia ဟာ ကလိုရင်းကို ခံနိုင်ရည်ရှိပြီး အများသုံးရေကူးကန်တွေကနေ ကူးစက်နိုင်ပါတယ်။ မြစ်ရေကန်ရေများကို သောက်သုံးမိရာကနေလည်း ကူးစက်နိုင်ပါတယ်။
   Cryptosporidium ဆိုတဲ့ ကပ်ပါးပိုးဟာလည်း သောက်ရေသုံးရေကတဆင့် ကူးစက်နိုင်ပါတယ်။ သူဟာလည်း ကလိုရင်းကို ခံနိုင်ရည်ရှိပါတယ်။
  ဘယ်လိုကာကွယ်မလဲ
  အစားအစာများကို သေချာစွာ ချက်ပြုတ်ရပါမယ်။ သန့်ရှင်းတဲ့ရေကိုပဲ သောက်သုံးရပါမယ်။ မြစ်ရေကန်ရေများကို ကျိုချက်ပြီးမှ သောက်သုံးသင့်ပါတယ်။ ကလေးငယ်တွေကို ဖုန်၊ သဲများပေပြီးချိန်၊ ဆော့ကစားပြီးချိန်မှာ လက်ကို သန့်ရှင်းရေး လုပ်ပေးရပါမယ်။
 ဘယ်အချိန်မှာ ဆရာဝန်ပြသင့်သလဲ
  သင့်အနေနဲ့ ဗိုက်နာဗိုက်အောင့်ခြင်းအပြင် အောက်ပါအခြေအနေတွေရှိနေရင် ဆရာဝန် ပြသင့်ပါတယ်။
 – အဖျား 102°F (39°C) နှင့်အထက် ရှိနေခြင်း
 – ဆက်တိုက်ပျို့အန်နေခြင်း
 – အစာနှင့်ရေ ကောင်းကောင်းမဝင်ခြင်း
   – အလွန်အမင်းရေငတ်ခြင်း၊ အာခေါင်ခြောက်ခြင်း
 – ဆီးမသွားခြင်း
 – အလွန်အမင်းအားနည်းခြင်း
 – မူးဝေပြီး သတိလစ်ချင်သလိုဖြစ်ခြင်း
 – သွေးဝမ်းသွားခြင်း
 – အရည်ဝမ်းများ မရပ်မနားသွားခြင်း
 ကလေးများ ဝမ်းသွားပြီး အန်နေရင် ဆရာဝန်ပြသင့်ပါတယ်။ ကလေးငယ်များဟာ အူလမ်းကြောင်း ရောဂါပိုးဝင်ခြင်းကြောင့် ဝမ်းပျက်ခြင်း၊ အရည်ဓာတ်ခန်းခြောက်ခြင်း ဒဏ်များကို ပိုမိုခံစားရတတ်လို့ ဖြစ်ပါတယ်။
   [embed-health-tool-bmr]