backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

ဆီးချိုသွေးချိုရောဂါကို ကုသလို့ပျောက်ကင်းနိုင်လား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Aye Thi Mon မှ ရေးသားသည်။ · 02/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ဆီးချိုသွေးချိုရောဂါကို ကုသလို့ပျောက်ကင်းနိုင်လား

အနာသိရင် ဆေးရှိတယ်။ ပြဿနာသိရင် အဖြေရှိတယ်ဆိုပေမယ့် ကမ္ဘာ့လူဦးရေရဲ့ သုံးပုံ နှစ်ပုံလောက်ကို ခြိမ်းခြောက်နေတဲ့ ဆီးချိုကို ပျောက်ကင်းအောင် ကုသနိုင်မယ့်နည်းလမ်းကတော့ အခုထိ မရှိသေးပါဘူး။

ဆီးချိုသွေးချိုရောဂါ အမျိုးအစား (၁) အတွက်ရော ဆီးချိုသွေးချိုရောဂါ အမျိုးအစား (၂) အတွက်ပါ ပျောက်ကင်းအောင် ကုသနိုင်မယ့် နည်းလမ်း မရှိသေးပါဘူး။ ဒါဆိုရင် ဆီးချိုသွေးချိုရောဂါဖြစ်တာနဲ့ ဘဝဆုံးပြီလားဆိုရင်တော့ မဟုတ်သေးပါဘူး။

ဆီးချိုသွေးချိုရောဂါကို ပျောက်ကင်းအောင် မကုနိုင်ဘူးဆိုသော်ငြားလည်း

ဆီးချိုသွေးချိုရောဂါ ဆိုတာမျိုးက နာတာရှည် ကျန်းမာရေးပြဿနာတစ်ရပ်ပါ။ ကုသပျောက်ကင်းဖို့ မဖြစ်နိုင်ပေမယ့် ကျန်းမာရေးစောင့်ရှောက်မှုတွေကို သေချာလေး ခံယူမယ်ဆိုရင် သက်တမ်းစေ့နေနိုင်မယ့် ရောဂါတစ်မျိုးပေါ့။ ကိုယ့်ကြောင့် အခြားသူတွေဆီကို ကူးစက်စေတာမျိုးလည်း မရှိတာကြောင့် ကိုယ်တိုင်က ကျန်းမာရေး စောင့်ရှောက်မှုကို သေချာလေး ခံယူရုံပါ။

ဆီးချိုသွေးချိုရောဂါ ဆိုတာက ခန္ဓာကိုယ်က အင်ဆူလင်လို့ခေါ်တဲ့ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးတဲ့ ဟော်မုန်းတစ်မျိုးကို အလုံအလောက်မထုတ်လုပ်ပေးနိုင်တဲ့အခါ၊ ခန္ဓာကိုယ်က ယူမသုံးနိုင်တဲ့အခါ သွေးတွင်းသကြားဓာတ် မြင့်တက်ရာကနေတဆင့် ဖြစ်ပေါ်လာတဲ့ ရောဂါတစ်မျိုးပါ။ ဆီးချိုသွေးချိုရောဂါလို့သာ ခြုံခေါ်လိုက်ပေမယ့် တကယ်ကတော့

  • ခန္ဓာကိုယ်က ကိုယ်ခံအားဆဲလ်တွေ အင်ဆူလင်ထုတ်ပေးတဲ့ဆဲလ်တွေကို မှားယွင်း ဖျက်ဆီးပစ်တာကြောင့် ဖြစ်လာတဲ့ အမျိုးအစား (၁) ဆီးချိုသွေးချိုရောဂါနဲ့
  • ခန္ဓာကိုယ်က အင်ဆူလင်မတိုးတော့လို့ သွေးတွင်းသကြားဓာတ် မြင့်တက်ပြီး ဖြစ်လာတဲ့ အမျိုးအစား (၂) ဆီးချိုသွေးချိုရောဂါဆိုပြီး အဓိကအားဖြင့်တော့ ၂မျိုးရှိပါတယ်။

ဒီ ဆီးချိုသွေးချိုရောဂါ အမျိုးအစား (၂) ခုစလုံးကို ပျောက်ကင်းအောင် မကုသပေးနိုင်ဘူးဆိုပေမယ့်လည်း သက်တမ်းစေ့စေ့နေနိုင်စေဖို့ လုပ်ဆောင်ပေးနိုင်မယ့် နည်းလမ်းလေးတွေတော့ ရှိပါတယ်။ ဒါတွေက ဘာတွေဖြစ်မလဲဆိုတာကို အတူတူကြည့်လိုက်ရအောင်နော်။

ဆီးချိုသွေးချိုရောဂါရှိတယ် သက်တမ်းစေ့စေ့နေထိုင်နိုင်ချင်တယ်။

ဆီးချိုသွေးချိုရောဂါကို ပျောက်ကင်းချင်တယ်ဆိုတဲ့ မေးခွန်းအတွက် ပျောက်ကင်းနိုင်တာပေါ့ဆိုတဲ့ အဖြေမရှိပေမယ့် ဆီးချိုသွေးချိုရောဂါ ရှိပေမယ့် သက်တမ်းစေ့စေ့နေလို့ မဖြစ်နိုင်ဘူးလားဆိုတဲ့ အမေးအတွက်တော့ သိပ်ဖြစ်နိုင်တာပေါ့ဆိုတဲ့ အဖြေရှိပါတယ်။

တိုးတက်လာတဲ့ ခေတ်ကာလနဲ့အတူ ဆေးပညာတွေလည်း တိုးတက်လာပြီး ဆီးချိုသွေးချိုရောဂါ ကို အကောင်းဆုံး ထိန်းချုပ်ပေးနိုင်မယ့် ဆေးဝါးတွေ နေထိုင်မှု ပုံစံတွေ ထွက်ပေါ်လာခဲ့ပါတယ်။ တကယ်လို့ ဆီးချိုသွေးချိုရောဂါ ရှိနေတယ်ဆိုရင် သက်တမ်းစေ့စေ့နေနိုင်စေဖို့ ဒီအချက်လေးတွေကို လိုက်နာပြီး သက်တမ်းစေ့စေ့နေလို့ ရပါတယ်။

  • အာဟာရမျှတအောင် စားပါ

  • ဆီးချိုသွေးချိုရောဂါရှိသူတစ်ယောက်အနေနဲ့ ကျန်းမာနေစေဖို့ အာဟာရပြည့်ဝမျှတဖို့ လိုအပ်ပါတယ်။ ကစီဓာတ်ကဲတာ၊ အချိုကဲတာတွေကို ရှောင်လို့ ပရိုတင်းနဲ့ လိုအပ်တဲ့ အာဟာရဓာတ်တွေကို ပြည့်ဝအောင် မှီဝဲဖို့ လိုပါမယ်။

    ထမင်းကို နည်းနည်းပဲစားပြီး အသီးအရွက် များများစားတာ၊ အသားကို အဆီမပါဘဲ၊ အချိုအငန်မကဲတာ၊ ဆီနည်းနည်းနဲ့ ချက်ထားတာမျိုးကို စားပေးပါ။

    ဆီးချိုသွေးချိုရောဂါရှိတဲ့အခါ ဆီးခဏခဏ သွားရတာမျိုး ရှိနိုင်ပါတယ်။ ဒီလို ဆီးခဏခဏသွားရတာကို စိတ်ရှုပ်တယ်ဆိုပြီး ဆီးမသွားအောင် ရေလျှော့သောက်တာမျိုး မလုပ်ပါနဲ့။

    ဆီးချိုသွေးချိုရောဂါကြောင့်ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေဖြစ်တဲ့ သွေးတိုးတာ၊ ကျောက်ကပ် ထိခိုက်တာတွေ မဖြစ်စေဖို့ ရေကို လုံလောက်အောင် သောက်ပါ။

  • ဆေးကုသမှု ခံယူပါ

  • မပျောက်ဘူးဆိုပေမယ့် နောက်ဆက်တွဲတွေ မဖြစ်အောင် ဆေးကုသမှု သေချာခံယူဖို့ လိုပါတယ်။ သောက်ဆေး၊ ထိုးဆေး စသဖြင့် သင့်တော်တဲ့ နည်းနဲ့ သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်ရပါမယ်။ သောက်ဆေးဆို လူနာက မငြင်းပေမယ့် ဆေးထိုးရမယ် (ဥပမာ အင်ဆူလင် ထိုးရမယ်) ဆိုရင် တွန့်သွားတတ်ပါတယ်။ သောက်ဆေးတွေနဲ့ ထိန်းညှိလို့ မလွယ်တဲ့အခါ၊ အင်ဆူလင်ကို စောစောစထားလိုက်တာက လူနာအတွက် ရေရှည်မှာ ပိုအကျိုးရှိပါတယ်။

    အခုဆိုရင် အင်ဆူလင်ထိုးတဲ့ pen လေးတွေရှိနေတာကြောင့် ပမာဏကို သေချာ ချိန်ညှိနိုင်မှာဖြစ်သလို ဘောပင်လိုမျိုး အင်ဆူလင်ထိုးတံလေးတွေက အိမ်မှာတင် လွယ်လွယ်ကူကူ အသုံးပြုနိုင်မှာပါ။ ဆေးထိုးတယ်ဆိုလို့ အတော်နာမှာပဲလို့ မယူဆလိုက်ပါနဲ့. ပုရွက်ဆိတ် ကိုက်သလောက်လေးပဲ နာမှာပါ။ ပေါင်၊ တင်ပါး၊ လက်မောင်း၊ ဗိုက် စတဲ့နေရာတွေမှာ အပ်လေးကို ခပ်စောင်းစောင်းလေး ထိုးပြီး pen ရဲ့ နောက်ဘက်က ခလုတ်လေးကို နှိပ်လိုက်ရုံပါ။

    • လေ့ကျင့်ခန်း လုပ်ပါ

    လေ့ကျင့်ခန်း လုပ်တာက ကိုယ်ခံအားကောင်းစေသလို၊ စိတ်ခံစားမှုကိုလည်း ကောင်းမွန်စေနိုင်ပါတယ်။ နောက်ထပ်အားသာချက်တစ်ခုကတော့ သွေးတွင်းသကြားဓာတ်ကို အထိရောက်ဆုံး ထိန်းညှိပေးနိုင်တာပါ။

    ဒါကြောင့် တစ်နေ့ကို အနည်းဆုံး ၁၅ မိနစ်ကနေ နာရီဝက်လောက်အထိ တတ်နိုင်တဲ့လေ့ကျင့်ခန်းလေးတွေကို လုပ်ပေးပါ။ လမ်းလျှောက်တာ၊ ရေကူးတာ၊ စက်ဘီးစီးတာမျိုးပါ။

    • စိတ်ဖိစီးမှု ဖြေလျှော့ပါ

    စိတ်ဖိစီးမှုက ရောဂါတွေကို ပိုဆိုးစေနိုင်ပါတယ်။ ဆီးချိုသွေးချိုရောဂါရှိသူတွေအနေနဲ့လည်း စိတ်ဖိစီးမှု များတဲ့အခါ သွေးတွင်းသကြားဓာတ် မြင့်တက်တာမျိုး ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် တတ်နိုင်သမျှ စိတ်ဖိစီးမှုကို ဖြေလျှော့ပါ။

    ယောဂလုပ်တာ၊ လေ့ကျင့်ခန်းလုပ်တာ၊ သီချင်းဆိုတာ၊ ပန်းပင်လေးတွေ စိုက်တာမျိုးပေါ့။

    စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့အတွက်က အိပ်ရေးဝဝအိပ်ဖို့ မဖြစ်မနေ လိုအပ်ပါတယ်။ ဒါကြောင့် ဆီးချိုသွေးချိုရောဂါရှိတယ်။ ကျန်းကျန်းမာမာနေနိုင်ချင်တယ်ဆိုရင် တစ်ညတာကို အိပ်ချိန် ၈ နာရီပြည့်အောင် အိပ်ပါ။

    ဒီအချက်လေးတွေကို သေချာ လိုက်နာမယ်ဆိုရင် ဆီးချိုသွေးချိုရောဂါကို အကောင်းဆုံး ထိန်းညှိနိုင်မှာဖြစ်သလို ဆီးချိုသွေးချိုရောဂါကြောင့် ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေကို ကာကွယ်နိုင်မှာ ဖြစ်ပြီး သက်တမ်းစေ့စေ့နေထိုင်နိုင်မှာပါ။

    ဆီးချိုသွေးချိုရောဂါ ကို ပျောက်ကင်းအောင် မကုသနိုင်ပေမယ့် ဒီနည်းလမ်းလေးတွေနဲ့ အကောင်းဆုံး ထိန်းချုပ်နိုင်မှာပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Aye Thi Mon မှ ရေးသားသည်။ · 02/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement