မိမိမှာ ဆီးချိုဝေဒနာရှိနေတယ်ဆိုရင် ရေဓာတ်ဆုံးရှုံးမှုဖြစ်တာဟာ အလွန်အန္တရာယ်များတဲ့ ပြဿနာတစ်ခုဖြစ်ပါတယ်။ Dehydration ကြောင့် သွေးဖိအားလျော့ကျလာချိန်မှာ ခန္တာကိုယ်မှာ Norepinephrine နဲ့ Epinephrine တို့လို Stress Hormones တွေ ထွက်ရှိလာတတ်ပါတယ်။
အဆိုပါ ဟိုမုန်းတွေဟာ သွေးတွင်းသကြာပမာဏကို မြင့်မားသွားစေတာမို့ ဆီးချိုသမားတွေအတွက် ကြီးမားတဲ့ အန္တရာယ်ဖြစ်လာတာပါ။ ပုံမှန်အားဖြင့် သွေးတွင်းသကြားဓာတ်ပမာဏ မြင့်မားလာချိန်တွေမှာ လူတွေဟာ ဆီးပိုသွားတတ်ကြပါတယ်။
ဒီအချက်ကလည်း ရေဓာတ်ဆုံးရှုံးစေတဲ့အချက်တစ်ခုဖြစ်ပြီး ဆီးပိုသွားလေလေ ရေဓာတ်ဆုံးရှုံးလေလေဖြစ်သလို၊ ရေဓာတ်ဆုံးရှုံးလေလေ သွေးတွင်းသကြားပမာဏ ပိုမြင့်မားလာလေလေဖြစ်ကာ အဆိုးကျော့သံသရာ (Vicious Cycle) တစ်ခုပမာ သံသရာလည်နေတတ်ပါတယ်။
Dehydration ဟာ အဖြစ်များတဲ့ ရောဂါလား
Dehydration ဟာ အလွန်အဖြစ်များပါတယ်။ အသက်အရွယ်မရွေးလည်း ဖြစ်နိုင်ပါတယ်။ လူတစ်ယောက် နေ့စဉ် အသက်ရှူထုတ်လိုက်တဲ့ လေ၊ နေ့စဉ်ထွက်နေတဲ့ ချွေး၊ ဆီး၊ ဝမ်းတွေမှာ ရေဓါတ်တွေ ပါသွားလေ့ရှိပါတယ်။
တကယ်လို့များ အဲ့ဒီဆုံးရှုံးသွားတဲ့ ရေဓာတ်ပမာဏကို လုံလောက်အောင် ပြန်လည်ဖြည့်တင်းနိုင်ခြင်းမရှိဘူးဆိုရင် ရေဓာတ်ဆုံးရှုံးမှုဝေဒနာကို ခံစားရပါလိမ့်မယ်။
တကယ်လို့ သင့်ခန္တာကိုယ်မှာ Dehydration ဖြစ်နေပြီဆိုရင် အောက်ပါ ရောဂါ လက္ခဏာတွေ ပြသမှာဖြစ်ပါတယ်။
ရေဓာတ်ဆုံးရှုံးခြင်းရဲ့ အဖြစ်အများဆုံး လက္ခဏာတွေကတော့
- ရေအလွန်အမင်းငတ်ခြင်း
- မူးဝေခြင်း (သို့) အထိုင်အထတွင် မိုက်ခနဲဖြစ်ခြင်း
- ရင်တုန်ခြင်း
- ဆီးနည်းလာခြင်း
- အာခေါင်ခြောက်ခြင်း
- ဆီးအရောင်ရင့်ခြင်း( အဝါရောင်ရင့်ရင့်)
- ကြွက်သားများအားနည်းခြင်း
- အရေပြားခြောက်သွေ့ခြင်း စတာတွေဖြစ်ပါတယ်။
အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။
ရေဓာတ်ဆုံးရှုံးမှုနဲ့ ဆီးချိုတို့ပေါင်းစပ်သွားတဲ့အခါ
ရေဓာတ်ဆုံးရှုံးမှုဟာ မွေးကင်းစ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေမှာ ဖြစ်နိုင်ခြေပိုမိုမြင့်မားပါတယ်။ ဒါပေမယ့် ဒီအချက်ကြောင့်တော့ တခြားအသက်အရွယ်တွေမှာ ပေါ့လျော့စွာနေထိုင်လို့ရတယ်ဆိုတဲ့ အဓိပ္ပါယ်မျိုးမဟုတ်ပါဘူး။
ဆီးချိုဝေဒနာခံစားနေရပြီး ကိုယ်လက်လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်သူတွေ၊ ကိုယ်ကာယကို အားပြုပြီး အလုပ်လုပ်ကိုင်သူတွေ၊ ကျောက်ကပ်ရောဂါရှိသူနဲ့ အရက်စွဲသူတွေဟာ Dehydration မဖြစ်အောင်နေဖို့ လိုအပ်မှာဖြစ်ပါတယ်။
အကြောင်းကတော့ ရေဓာတ်ဆုံးရှုံးမှုနဲ့ ဆီးချိုတို့ ပေါင်းစပ်မိပြီဆိုရင် အရွယ်မတိုင်ခင် စောစီးစွာ သေဆုံးမှုကို ဦးတည်သွားတတ်တာကြောင့်ပါ။ Journal Diabetologia ရဲ့ ဖော်ပြချက်တွေအရ ရေဓာတ်ဆုံးရှုံးမှုကြောင့် ဆီးချိုဝေဒနာပိုမိုဆိုးရွားလာမယ်ဆိုရင် ပုံမှန်ထက် ၂.၄ နှစ်ကနေ ၄ နှစ်အထိ ပိုမိုစောလျင်စွာ သေဆုံးနိုင်ခြေရှိတယ်လို့ ဆိုထားပါတယ်။
ဒါ့အပြင် ဆီးချိုဝေဒနာသည် ၅ ဦးမှာ ၁ ဦးနှုန်းဟာ ရေဓာတ်ဆုံးရှုံးမှုနဲ့ဆက်နွယ်ပြီး အသက်ဆုံးရှုံးနေရတာဖြစ်ပါတယ်။ ဒီနှစ်ခုပေါင်းစပ်မိသွားတာဟာ အလွန်အသက်အန္တရာယ်ကို ထိခိုက်စေနိုင်တဲ့ ပြဿနာဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုထားကြပါတယ်။
ဒါကြောင့် မိမိမှာ ဆီးချိုဝေဒနာခံစားနေရတယ်ဆိုရင် ရေဓာတ်ဆုံးရှုံးမှုမဖြစ်အောင် သတိပြုနေထိုင်ရမှာဖြစ်ပြီး Dehydration ဖြစ်နေတယ်လို့ ယူဆလာရင်လဲ ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်နှီးနှောပြီး အမြန်ဆုံးကုသဖို့ လိုအပ်မှာဖြစ်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။