backup og meta

အမျိုးအစား -၂ ဆီးချို ခံစားရတာ အချိန်ကြာမြင့်လာတဲ့အခါ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 26/01/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အမျိုးအစား -၂ ဆီးချို ခံစားရတာ အချိန်ကြာမြင့်လာတဲ့အခါ

    အမျိုးအစား – ၂ ဆီးချိုက အဖြစ်များတဲ့ ကျန်းမာရေးပြဿနာ တစ်ရပ်ပါ။ ဆီးချိုရောဂါ ခံစားနေရသူတွေရဲ့ 90% ကနေ 95% လောက်အထိက အမျိုးအစား -၂ ဆီးချိုကို ခံစားနေရတာပါ။ လူတော်တော်များများက သူတို့မှာ အမျိုးအစား – ၂ ဆီးချို ခံစားနေရတာကို သူတို့ရဲ့ သွေးချိုပမာဏများလွန်းပြီး ခန္ဓာကိုယ်မှာ ထိခိုက်မှု တစ်ရပ် မဖြစ်စေခင်အထိ လုံးဝ သတိမထားမိတာမျိုး ရှိပါတယ်။

    ဒီလို လူတော်တော်များများ ခံစားနေရတဲ့ အမျိုးအစား – ၂ ဆီးချိုကို ကာကွယ်နိုင်ဖို့ဖြစ်ဖြစ် ဆီးချိုရှိပေမယ့်လည်း ကျန်းမာစွာနေထိုင်နိုင်စေဖို့ဖြစ်ဖြစ် နည်းလမ်းတွေကို သိရှိလိုပါသလား …… ဒါဆိုရင်တော့ အမျိုးအစား -၂ ဆီးချို ဆိုတာ ဘာလဲ။ အမျိုးအစား – ၂ ဆီးချိုက အချိန်ကြာလာတာနဲ့အမျှ ဘယ်လို ပြောင်းလဲလာသလဲ။ ကျန်းမာစေဖို့ ဘယ်လို နေထိုင်ရမလဲဆိုတာကို သေချာသိရှိနိုင်စေဖို့ ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ။

    အမျိုးအစား – ၂ ဆီးချို ဆိုတာ

    အမျိုးအစား – ၂ ဆီးချို ဆိုတာ ပန်ခရိယက အင်ဆူလင်ဟော်မုန်းတွေကို လုံလောက်အောင် မထုတ်လုပ်နိုင်တာ၊ ထုတ်လုပ်မှုလျော့နည်းလာတာကြောင့် စားသုံးလိုက်တဲ့ အစားအစာတွေထဲမှာပါတဲ့ သကြားဓာတ်တွေကို ဆဲလ်တွေဆီ ပို့ဆောင်ပြီး စွမ်းအင်အဖြစ် မပြောင်းလဲနိုင်တဲ့ အခြေအနေပါ။  ဒီလို မပြောင်းလဲနိုင်တာကြောင့် သွေးထဲမှာ သကြားဓာတ်တွေ များနေပြီး သွေးတွင်းအချိုဓာတ် များရာကနေ သွေးချိုဆီးချိုဖြစ်လာရတာပါ။

    အမျိုးအစား -၂ ဆီးချို ခံစားရတာ အချိန်ကြာမြင့်လာတဲ့အခါ

    အမျိုးအစား -၂ ဆီးချို ခံစားရတာ အချိန်ကြာမြင့်လာတဲ့အခါ ရောဂါအနေအထားက ပိုမိုပြင်းထန်လာတာမျိုး ရှိလာမှာပါ။ သိသာတဲ့ ရလဒ်အနေနဲ့ကတော့ သွေးချိုအတိုင်းအတာ ပမာဏက အရင်ကထက် ပိုများများလာတာပါ။

    အဓိက အချက်ကတော့ ခန္ဓာကိုယ်က အင်ဆူလင်ကို ကောင်းကောင်း မတုံ့ပြန်နိုင်တာကြောင့်ပါ။ ဒီအနေအထားကို insulin resistance လို့ ခေါ်ပါတယ်။ နောက်ပိုင်းကျရင်တော့ ပန်ခရိယက အင်ဆူလင်ဟော်မုန်း ထုတ်လုပ်နိုင် မှုတဖြည်းဖြည်း နည်းလာနိုင်ပါတယ်။

    အမျိုးအစား-၂ ဆီးချိုရောဂါ အများစုက အင်ဆူလင်မတိုးရာကနေ စတာပါ။ အချို့က insulin resistance ဖြစ်နေတဲ့အနေအထားမှာ ဆီးချို ဖြစ်နေပြီဆိုတာကို သိကြပေမယ့် အများစုကတော့ ရောဂါရှိမှန်း လုံးဝမသိကြပါဘူး။

    ပန်ခရိယမှာရှိတဲ့ ဘီတာဆဲလ်တွေက အင်ဆူလင် ထုတ်လုပ်မှုကို လုံးဝရပ်တန့်လိုက်တဲ့အခါမျိုးနဲ့ လုံလောက်အောင် မထုတ်လုပ်နိုင်တော့တဲ့အခါမျိုးမှာ သွေးတွင်းသကြားဓာတ်က ပုံမှန်ထက် မြင့်တက်တာတွေဖြစ်လာပါတယ်။

    ဒီလို သွေးတွင်းသကြားဓာတ် မြင့်တက်တာက အချိန်ကြာလာတဲ့အခါ ဆီးချိုကို ထိန်းနိုင်စွမ်းကျလာတာကြောင့် ဆီးချိုရဲ့ နောက်ဆက်တွဲရောဂါတွေ ဖြစ်ကြတဲ့

  • နှလုံးရောဂါ
  • လေဖြတ်တာ
  • အာရုံကြော ထိခိုက်ပျက်စီးတာ
  • အမြင်အာရုံ ပြဿနာ
  • ခြေထောက်တွေ ထိခိုက်တာတွေကို ခံစားလာရပါတယ်။
  • အမျိုးအစား – ၂ ဆီးချိုရောဂါက ဘယ်လောက်မြန်မြန် ရောဂါတိုးလာသလဲ ဆိုတာကတော့ မျိုးဗီဇ၊ စားသောက်မှုပုံစံ၊ နေ့စဉ် လှုပ်ရှားမှု ပမာဏ နဲ့ ခန္ဓာကိုယ်က သောက်သုံးတဲ့ဆေးဝါးတွေအပေါ် တုံ့ပြန်မှုအလိုက် တစ်ဦးနဲ့ တစ်ဦး ကွာခြားနိုင်ပါတယ်။

    ဆီးချို ပြင်းထန်လာတဲ့အခါ

    ဆီးချို ပြင်းထန်လာတဲ့အခါ အခုလို လက္ခဏာတွေ ခံစားရနိုင်ပါတယ်။

    • အရင်ကထက် ရေပိုဆာတတ်လာမယ်
    • ဆီးသွားတဲ့အကြိမ်ရေ စိတ်လာမယ်
    • ခြေကုန်လက်ပမ်းကျပြီး ပင်ပန်းနေမယ်
    • အမြင်အာရုံတွေ ဝေဝါးနေမယ်
    • ပိုးဝင်တာတွေ ပိုဖြစ်လာမယ် [ဆီးလမ်းကြောင်း ပိုးဝင်တာလိုမျိုး]
    • သွေးချိုပမာဏ မငြိမ်တာမျိုး ဖြစ်လာမယ် ဒါမှမဟုတ် သွေးချိုပမာဏ အရင်ကထက် ပိုများလာမယ်။

    ဒီလို လက္ခဏာတွေ ခံစားရမယ်ဆိုရင် ဆရာဝန်နဲ့ ချက်ချင်းပြသပြီး ကုထုံးပြောင်းလဲတာမျိုး လုပ်ဆောင်ကြည့်ဖို့ လိုပါမယ်။

    အမျိုးအစား -၂ ဆီးချိုနဲ့အတူ ကျန်းမာစွာ နေထိုင်ခြင်း

    အမျိုးအစား -၂ ဆီးချို ခံစားရတာ အချိန်ကြာမြင့်လာတဲ့အခါ

  • ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသုံးပါ

  • အမျိုးအစား – ၂ ဆီးချို အတွက် သီးသန့် စားသောက်မှုပုံစံရယ်လို့ မရှိပေမယ့် သွေးချို မတက်စေမယ့် အစားအစာတွေကိုတော့ ရွေးချယ် စားသုံးဖို့ လိုပါမယ်။ အသီးအရွက်တွေ များများစားပေးပြီး ဆန်လုံးညိုတို့လိုမျိုး ကာဗိုဟိုက်ဒရိတ် ပါဝင်မှု နည်းတဲ့ ဆန်မျိုးကို စားသုံးပေးသင့်ပါတယ်။ သစ်သီးတွေကိုလည်း သင့်တော်သလို စားသုံးပေးလို့ ရပါတယ်။

    ပြုပြင်ထားတဲ့ အစားအစာတွေ၊ အသင့်စား အစားအစာတွေနဲ့ အချိုကဲ၊ အငန်ကဲတဲ့ အစားအစာတွေကိုတော့ ရှောင်ပါ။ သန့်စင်ထားတဲ့ ဂျုံ၊ ပေါင်မုန့်အဖြူစတာတွေကိုလည်း တတ်နိုင်သမျှ လျှော့စားပါ။ အချိုရည်တွေကို ရှောင်ပါ။ ကွတ်ကီး၊ ကိတ်မုန့်စတာတွေကိုလည်း ရှောင်ပါ။

    • လှုပ်လှုပ်ရှားရှား​ နေပါ

    နေ့စဉ် အေရိုးဗစ်လိုမျိုး ကိုယ်လက်လှုပ်ရှားမှုတွေ လုပ်ဆောင်ပေးပါ။ ဒီလို လုပ်ဆောင်ပေးတာက ခန္ဓာကိုယ်ကို အင်ဆူလင် တုံ့ပြန်မှု ကောင်းစေဖို့ ထောက်ကူပေးနိုင်မှာပါ။ ဆီးချိုရှိမယ်ဆိုရင် အနည်းဆုံး တစ်နေ့ကို မိနစ် ၃၀ နဲ့ တစ်ပတ်ကို ၅ ရက်ထက် မနည်း လေ့ကျင့်ခန်း လုပ်ပေးပါ။

    • ကျန်းမာတဲ့ ကိုယ်အလေးချိန် ထိန်းပါ

    ကျန်းမာတဲ့ ကိုယ်အလေးချိန် ရှိအောင် ထိန်းတာ၊ အဝလွန်နေရင် ကိုယ်အလေးချိန် ချတာတွေက အမျိုးအစား -၂ ဆီးချိုကို ထိန်းချုပ်ရာမှာ တိုးတက်ထိရောက်မှု ရှိသလို ဆီးချိုကြောင့်ဖြစ်တဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ မဖြစ်စေဖို့လည်း ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် ကျန်းမာတဲ့ ကိုယ်အလေးချိန်လေး ရအောင် ထိန်းသိမ်းပေးပါ။

    ဆီးချိုရောဂါရှိသူတွေက သွေးတွင်းသကြားဓာတ်ကို ပုံမှန်စစ်ဆေးနေဖို့ လိုပါတယ်။ ဒါကြောင့် တစ်နေ့ကို တစ်ကြိမ်လောက်တော့ ပုံမှန်လေး သွေးချိုစစ်ပါ။ သွေးချို အရမ်းမြင့်နေရင် ထိန်းညှိဖို့နဲ့ သွေးချိုကျနေမယ်ဆိုရင် ဆေးပမာဏ ညှိတာ၊ စားသောက်မှုပုံစံကို ဂရုစိုက်တာမျိုး လုပ်ဆောင်ဖို့ လိုပါမယ်။

    အမျိုးအစား - ၂ ဆီးချို ရှိပေမယ့်လည်း ကျန်းမာစေဖို့

    အမျိုးအစား – ၂ ဆီးချို ရှိပေမယ့်လည်း ကျန်းမာစေဖို့ဆိုရင်
    • ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသုံးပါ
    • လှုပ်လှုပ်ရှားရှား​ နေပါ
    • ကျန်းမာတဲ့ ကိုယ်အလေးချိန် ထိန်းပါ
    • ပုံမှန် သွေးချိုတိုင်းပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 26/01/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement