backup og meta

ဘယ်လိုလက္ခဏာတွေက အရေးပေါ် ကုသမှုလိုတဲ့ လက္ခဏာတွေလဲ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 04/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဘယ်လိုလက္ခဏာတွေက အရေးပေါ် ကုသမှုလိုတဲ့ လက္ခဏာတွေလဲ။

    နေထိုင်မကောင်းဖြစ်ပြီဆိုရင် တချို့ရောဂါတွေက ဒီတိုင်း စောင့်ကြည့်ပြီး နေလို့ရတာ ရှိသလို တချို့က မသက်သာရင် ဆေးခန်းသွားပြရမှာ ရှိပါတယ်။ တချို့ကျတော့ ဒီလို စောင့်နေဖို့ကို မသင့်ဘဲ ချက်ချင်း အရေးပေါ် ကုသမှု ခံယူဖို့ လိုတဲ့ ရောဂါတွေလည်း ရှိပါတယ်။ ဒီလက္ခဏာတွေက ဘာတွေလဲဆိုတာ သိထားသင့်ပါတယ်။ အရေးပေါ် အခြေအနေဖြစ်တဲ့အတွက် အချိန်မီ ကုသမှု မရခဲ့ရင် အသက်အန္တရာယ်ရှိလာနိုင်ပါတယ်။

    အရေးပေါ်  အခြေအနေဆိုတာ ဘာလဲ။

    လူတစ်ယောက်က ခုချက်ချင်း အသက်အန္တရာယ်ဖြစ်သွားနိုင်တယ် ဒါမှမဟုတ် မသန်စွမ်း ဖြစ်သွားနိုင်တဲ့ အနေအထားကို အရေးပေါ်လို့ သတ်မှတ်ပါတယ်။ ဥပမာ အနေနဲ့ ပြောရမယ်ဆိုရင်

    • ရုတ်တရက် အစာသီးပြီး အသက်ရှူရခက်လာတာ
    • အသက်ရှူရပ်သွားတာ
    • ခေါင်းမှာ ထိခိုက်ဒဏ်ရာရပြီး သတိလစ်သွားတာ
    • လည်ပင်းနဲ့ ကျောရိုးကို ထိခိုက်မိပြီး လှုပ်မရတော့တာ၊ ထိတွေ့ခံစားမှု မရှိတော့တာ
    • ဓာတ်လိုက်တာ၊ မိုးကြိုးပစ်ခံရတာ
    • မီးလောင်တာ
    • ရင်ဘတ်အောင့်တာ
    • ၃-၅မိနစ်လောက် တက်တာ
    • ဓာတ်ငွေ့တွေ ရှူမိတာ (ဥပမာ ရေတွင်းဆင်းဆယ်ရင်း ဓာတ်ငွေ့ရှူမိတာ) စတာတွေပဲ ဖြစ်ပါတယ်။

    ဒါတွေကတော့ အရေးပေါ်အခြေအနေဆိုတာ သိသာပါတယ်။

    အရေးပေါ်  ကုသမှု လိုတဲ့ လက္ခဏာတွေက

    နောက်တစ်ခုကတော့ လက္ခဏာပါ။ လက္ခဏာတစ်ခုခုတော့ ခံစားနေရတယ်။ ဘာရောဂါလည်းတော့ မသိဘူး။ ဒါပေမယ့် အရေးပေါ်ကုသမှု လိုအပ်တဲ့ လက္ခဏာများပေါ့။ ဒါတွေကတော့

    • အသက်ရှူရခက်လာတာ၊ ရုတ်တရက် မောလာတာ
    • အကောင်းကြီးကနေ သတိလစ်သွားတာ ဒါမှမဟုတ် မိုက်ခနဲ ဖြစ်သွားတာ
    • မေးကြောတွေ နာတာ၊ လက်မောင်းတွေအောင့်တာ (ရင်ဘတ်မအောင့်ဘဲ ဒါတွေပဲ ခံစားရတယ်ဆိုလည်း သတိထားပါ။ နှလုံးသွေးကြောကျဉ်းတာ ဖြစ်နိုင်ပါတယ်။)
    • ရုတ်တရက် ခေါင်းက ထိုးကိုက်လာတာ
    • ရုတ်တရက် စကားပြောမရတာ၊ မမြင်ရတာ၊ လှုပ်မရတာ
    • မူးမူးနေပြီး မသက်သာတာ
    • ရုတ်တရက် သတိမကောင်းဘဲ ကယောင်ကတမ်းတွေ ပြောတာ
    • ထိခိုက်ဒဏ်ရာရပြီး သွေးထွက်လွန်တာ
    • အရိုးကျိုးတာ (အထူးသဖြင့် အရိုးကျိုးပြီး မလှုပ်နိုင်တာ၊ အရိုးက အသားကနေ ဖောက်ထွက်တဲ့ အခြေအနေ)
    • ချောင်းဆိုးသွေးပါ ဒါမှမဟုတ် သွေးအန်တာ
    • တစ်နေရာရာကနေ ပြင်းပြင်းထန်ထန် နာကျင်တာ
    • ပြင်းထန်ဓာတ်မတည့်ဖြစ်တာ (ဓာတ်မတည့်ဖြစ်ပြီး အသက်ရှူတွေကျပ်၊ မော၊ သွေးပေါင်ကျတဲ့ အခြေအနေမျိုးပါ)
    • အဖျားကြီးပြီး ဇက်တွေတောင့်လာတဲ့ အခြေအနေ
    • ဆေးသောက်တာတောင် ဆက်တိုက် အဖျားမကျတဲ့ အခြေအနေ
    • ထိန်းမရအောင် အထက်လန်အောက်လျှောဖြစ်တဲ့ အခြေအနေ
    • အရက် ဒါမှမဟုတ် ဆေးတွေ အလွန်အကျွံသောက်ပြီး အဆိပ်သင့်သလို ဖြစ်နေတဲ့ အခြေအနေ
    • ဘာကြောင့်မှန်း မသိ ရုတ်တရက် တက်လာခဲ့ရင်
    • ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်ရင် စတာတွေပဲ ဖြစ်ပါတယ်။

    ဒါတွေက အိမ်မှာ စောင့်ကြည့်တာ၊ နီးရာ ဆေးခန်းမှာ ပြရမယ့် အခြေအနေမဟုတ်ဘဲ အရေးပေါ်ဌာနမှာ ချက်ချင်း ဆေးကုရမယ့် အခြေအနေပဲ ဖြစ်ပါတယ်။

    ဆေးရုံဆေးခန်း သွားရမယ့် အခြေအနေတွေက

    ခုပြောမယ့် လက္ခဏာတွေကတော့ အရေးပေါ်သွားပြရအောင်လည်း အရေးမကြီး၊ အိမ်မှာ စောင့်ကြည့်ဖို့လည်း မသင့်တော်တဲ့ အခြေအနေပါ။ ဆေးကုဖို့တော့ လိုတယ် အရေးပေါ်တော့ မဟုတ်ဘူးဆိုတဲ့ အနေအထားမျိးပါ။ ဥပမာ

    • ရက်အနည်းငယ်ကြာတာတောင် မသက်သာတဲ့ အအေးမိတုပ်ကွေး
    • လည်ချောင်းနာ
    • ခေါင်းတစ်ခြမ်းကိုက်
    • ငွေ့ငွေ့နဲ့ ရက်ရှည်ဖျားနေတာ၊ ကိုယ်မှာ အနီစက်တွေ ထွက်လာတာ
    • အသေးစားထိခိုက်ဒဏ်ရာတွေ ဖြစ်တဲ့ အဆစ်လွဲတာ၊ ခါးနာတာ၊ ထိခိုက်ရှနာ၊ အပူလောင်ဒဏ်ရာ အသေးစား၊ မျက်စိထဲ တစ်ခုခုဝင်သွားတာ စတာတွေပဲ ဖြစ်ပါတယ်။

    ဒါတွေကတော့ ချက်ချင်း အရေးပေါ်ဌာနကို သွားဖို့ မလိုသည့်တိုင် ဆေးခန်းမှာ သွားပြပြီး ဆေးကုဖို့တော့ လိုပါတယ်။

    အရေးပေါ်ဟုတ်လား မဟုတ်လား မသေချာရင် ဘာလုပ်ကြမလဲ။

    တစ်ခါတလေ လက္ခဏာတွေက အဆန်းသား။ ရင်ဘတ်အောင့်ရင် အရေးပေါ်သွားပါလို့ ပြောပေမယ့် တချို့ ရင်ဘတ်အောင့်တာက မခံနိုင်လောက်အောင် အောင့်တာမျိုးလည်း မဟုတ်ဘူး။ တစ်ချက် တစ်ချက် ဆစ်ခနဲ ဆစ်ခနဲ အောင့်တာမျိုး။ လက်မောင်းအောင့်ရင် ဆေးရုံသွားဆိုပေမယ့် ကြွက်သားနာပြီး အောင့်တာနဲ့ တူသလိုလိုမျိုးတွေ ဖြစ်တတ်ပါတယ်။

    ဒီလိုမျိုး မသေချာတာတွေ ဖြစ်နေတယ် ဒါမှမဟုတ် ကိုယ်ဖြစ်နေတဲ့ လက္ခဏာက အပေါ်မှာ ပြောထားတဲ့အထဲမှာ မပါပေမယ့် စိုးရိမ်စိတ်လေး ရှိနေတယ်ဆိုရင် နီးစပ်ရာ ဆေးခန်းမှာ ပြသပါ။ ဒါမှမဟုတ် အွန်လိုင်းကနေ ဆရာဝန်ကနေ ဆရာဝန်နဲ့ ဆွေးနွေးပါ။ လက္ခဏာတွေကို ပြောပြပြီး အကြံဉာဏ်တောင်းခံပါ။

    အရေးပေါ်လက္ခဏာတွေ သိထားခြင်းရဲ့ အကျိုးကျေးဇူး

    အရေးပေါ် လက္ခဏာတွေကို သိထားတဲ့အတွက် ဆေးရုံကို တန်းသွားရမှန်း သိတာကြောင့် အချိန်မီ ကုသမှု ခံယူနိုင်ပါတယ်။ တစ်ဖက်က တွေးကြည့်ရင်လည်း တစ်ခုခုခံစားရတိုင်း အရေးပေါ် သွားစရာ မလိုဘူးဆိုတာ သိလိုက်ရတဲ့အတွက် မလိုအပ်ဘဲ ဆေးရုံခဏခဏ ရောက်တာသက်သာပါတယ်။ တကယ်လိုအပ်တဲ့သူတွေကိုလည်း ဦးစားပေးရာရောက်ပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 04/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement