backup og meta

ဆီးချို အစားအသောက် နဲ့ ဆေးဝါးကုသမှုအတွက် ဘာတွေသိထားသင့်လဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 16/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆီးချို အစားအသောက် နဲ့ ဆေးဝါးကုသမှုအတွက် ဘာတွေသိထားသင့်လဲ

    ဆီးချိုသွေးချိုရှိလာပြီဆို အစားအသောက်နဲ့ပတ်သက်ပြီး အတော်လေး အခက်ကြုံရတတ်ပါတယ်။ စားလိုက်တဲ့ အစားအသောက်နဲ့ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိနေရတာကိုး။ ဒါပေမယ့် ဆီးချို နဲ့ကျန်းမာစွာနေထိုင်နိုင်ဖို့ အစားအသောက်ဆင်ခြင်နည်းကိုသိထားပြီး ကုသမှုနဲ့ပတ်သက်တဲ့ ဗဟုသုတလည်း ရှိထားသင့်ပါတယ်နော်။

    ကျန်းမာရေးနဲ့ညီအောင်စားသုံးခြင်းနဲ့လေ့ကျင့်ခန်းတို့က သင့်ရဲ့အလုံးစုံကျန်းမာရေးကိုကောင်းမွန်စေပြီးသွေးတွင်းအချိုဓါတ်ကို ထိန်းညှိနိုင်တဲ့အပြင် ဆီးချို ရဲ့နောက်ဆက်တွဲပြဿနာတွေခံစားရနိုင်တဲ့အန္တရာယ်လျော့နည်းစေနိုင်ပါတယ်။

    • ထမင်းစားတိုင်း အချိုးချတွက်ချက်ပြီးစားပါ။ ဆိုင်မှာစားဖြစ်တဲ့အခါဆို မှာလိုက်တဲ့အစားအစာက ကိုယ့်အချိုးထက်များနေရင် အတူပါလာတဲ့သူနဲ့မျှစားပါ ဒါမှမဟုတ် ပိုတာကို အိမ်သယ်သွားပါ။
    • ဂျုံအနု အစား whole grains အနှံတွေနဲ့လုပ်တဲ့ ကွေကာ၊ပေါင်မုန့်၊ပါစတာတို့ကိုစားပါ။ ဆန်အဖြူအစား ဆန်လုံးညို၊ အာလူးအစား ကန်စွန်းဥ တို့ကိုပြောင်းစားပါ။
    • ကွေကာ၊ ပေါင်မုန့်နဲ့ပါစတာတွေ ဝယ်ရင် ဘူးမှာပါတဲ့labelတွေကို ဖတ်ပြီး တစ်ခါစားအတိုင်းအတာမှာ အမျှင်ဓါတ်ပမာဏ အနည်းဆုံး ၃ဂရမ်နဲ့အထက် ပါတဲ့အမျိုးအစားတွေကိုရွေးချယ်ပါ။
    • ကယ်လိုရီနည်းပြီးအရောင်တောက်တဲ့ အသီးအနှံတွေနဲ့ ဟင်းသီးဟင်းရွက်တွေ စားပါ။ အထူးသဖြင့် အစိမ်းရောင်ရှိတဲ့ အရွက်တွေ( ဟင်းနုနွယ်၊ ကိုက်လန်၊ ဆလတ်ရွက်)၊ ပန်းဂေါ်ဖီစိမ်း၊ပန်းငရုတ်ပွ၊ မုန်လာဥနီ၊ဘယ်ရီသီးများ၊ ချယ်ရီသီးများ၊ ပန်းသီးများ၊ သစ်တော်သီး၊ နဲ့ အချဉ်ဓါတ်ပါတဲ့အသီးအနှံတွေကိုရွေးချယ်သင့်ပါတယ်။
    • သစ်သီးဖျော်ရည်တွေ၊ အချိုရည်ဘူးတွေနဲ့ သကြားဓါတ်များတဲ့ တခြားသောက်စရာတွေအစား ရေ သို့မဟုတ် လက်ဖက်ရည်ကြမ်းကိုသောက်ပါ။
    • ပြုပြင်စီမံထားတဲ့ အစားအစာတွေကိုရှောင်ပါ။ အဲဒီအစားအစာတွေမှာ အဆီ၊ ကယ်လိုရီနဲ့ဆိုဒီယမ်ဓါတ်တွေများတဲ့အပြင် trans fats လို ကျန်းမာရေးအတွက်မကောင်းတဲ့ပါဝင်ပစ္စည်းတွေ ပါရှိတတ်ပါတယ်။
    • အရက်နဲ့ ယမကာသောက်သုံးမှုကိုလျှော့ပါ။
    • အဆီကနေရရှိတဲ့နေ့စဉ်ကယ်လိုရီစားသုံးမှုကို ၃၀ ရာခိုင်နှုန်းထက်နည်းပါစေ။ whole grains အနှံတွေ၊ အဆီများတဲ့ငါးတွေ (ဆော်လမွန်ငါး၊ ငါးသေတ္တာငါး၊မက်ခရယ်ငါး၊ထရောက်ငါး)ထောပတ်သီး၊ သစ်ကြားသီး၊ ဗာဒံစေ့၊နေကြာစေ့ တို့လို အစားအစာတွေကနေရတဲ့အဆီက ကျန်းမာရေးအတွက်ကောင်းပါတယ်။
  • ချက်ပြုတ်တဲ့အခါ သံလွင်ဆီနဲ့နေကြာဆီတို့ကို သုံးပါ။
  • ကြက်ဥ၊ အဆီထုတ်နို့ထွက်ပစ္စည်းတွေ၊ အဆီမပါတဲ့အသား၊ ငါး၊ပဲနဲ့ အစေ့အဆံတွေလို ပရိုတင်းကြွယ်ဝတဲ့အစာတွေစားပါ။
  • ကိုယ်စားမယ့်အထဲမှာ ဗီတာမင်နဲ့သတ္ထုဓါတ်တွေကြွယ်ဝပြီး အမျှင်ဓါတ်ကြွယ်ဝတဲ့အစားအစာတွေပါဝင်ပါစေ။
  • သကြားဓါတ်များတဲ့ အချိုပွဲတွေ၊ သကြားလုံးတွေမစားပါနဲ့။
  • ထိန်းညှိမှုနဲ့ ကုသမှု

    အစားဆင်ခြင်ခြင်း၊ လေ့ကျင့်ခန်းတွေနဲ့ဆီးချိုမထိန်းနိုင်တဲ့အခါ သွေးတွင်းသကြားဓါတ်ကိုကျစေဖို့ အင်ဆူလင်နဲ့ တခြားဆီးချိုဆေးဝါးတွေကို အသုံးပြုရတာဖြစ်ပါတယ်။ ဒါပေမယ့်ဆေးရဲ့ထိရောက်မှုအာနိသင်ကတော့ ဆေးသောက်တဲ့အချိန်နဲ့ပမာဏကို မူတည်ပါတယ်။ သိထားသင့်တဲ့အချက်တွေကတော့ –

    အင်ဆူလင်ကို သိမ်းဆည်းတဲ့အခါ ဂရုစိုက်ပါ

    သေချာ သိမ်းဆည်းမထားတဲ့ သို့မဟုတ် သက်တမ်းကျော်လွန်နေတဲ့ အင်ဆူလင်ဆေးတွေက ထိရောက်မှုမရှိနိုင်ပါဘူး။ အင်ဆူလင်ဟာ ပူလွန်းအေးလွန်းတာတွေကို ထိခိုက်မခံတဲ့ဆေးတစ်မျိုးလည်းဖြစ်ပါတယ်။

    ပြဿနာရှိရင် ဆရာဝန်ကိုပြောပြပါ

    ဆီးချိုဆေးတွေကြောင့် သွေးတွင်းသကြားဓါတ်အရမ်းကျသွားတာမျိုး ဒါမှမဟုတ် အရမ်းမြင့်တက်နေတာမျိုးဖြစ်လာရင်ဆေးပမာဏနဲ့ အချိန်တို့ကိုပြန်လည်ထိန်းညှိဖို့လိုလာနိုင်ပါတယ်။

    ဆေးဝါးအသစ်တွေကို သတိထားပါ

    သွေးတိုး သို့မဟုတ် ကိုလက်စထရောမြင့်ခြင်းတို့လို တခြားရောဂါတစ်ခုအတွက် ဆေးဆိုင်မှာဝယ်ယူရနိုင်တဲ့ ဒါမှမဟုတ် ဆရာဝန်ညွှန်ကြားတဲ့ဆေးဝါးအသစ်တစ်မျိုးကို သုံးတော့မယ်လို့စဉ်းစားရင် ဒီဆေးက သွေးတွင်းသကြားဓါတ်ပမာဏကိုထိခိုက်စေနိုင်သလားဆိုတာ ဆရာဝန်ကို သို့မဟုတ်ဆေးဝါးကျွမ်းကျင်သူကိုမေးပါ။ဆေးဝါးအသစ်တစ်မျိုးကိုသုံးစွဲဖို့ လုပ်တိုင်း ဆရာဝန်နဲ့တိုင်ပင်ပါ ။ ဒါမှဆေးအသစ်ကသွေးတွင်းသကြားဓါတ်ပမာဏကိုသက်ရောက်မှုရှိနိုင်မလား သိနိုင်မှာပါ။

    ဆရာဝန်ညွှန်ကြားထားတဲ့ ဆီးချိုဆေးတွေက သင်သောက်သုံးနေရတဲ့တခြားဆေးတွေနဲ့တွဲရင်ဘေးဥပါဒ်ကင်းရဲ့လားဆိုတာသေချာအောင်စစ်ဆေးပါ။

    ဆရာဝန်ညွှန်ကြားတဲ့ ပမာဏအချိုးအတိုင်းသာဆေးကိုသုံးစွဲပါ။ ပိုသုံးစွဲမိနေပြီလို့ယူဆရင် နီးစပ်ရာဆေးရုံကို အမြန်ဆုံးသွားရောက်ပြသပါ။ဆေးဘူးကိုပါ တစ်ပါတည်းယူသွားဖို့မမေ့ပါနဲ့။

    ကိုယ်နဲ့ရောဂါချင်းတူနေပုံရရင်တောင် ကိုယ်သောက်နေတဲ့ဆေးကို ကိုယ့်သဘောနဲ့ကိုယ် တခြားသူတွေကိုလုံးဝမပေးပါနဲ့။

    Hello Health Groupသည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 16/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement