backup og meta

အင်ဆူလင်အာနိသင် မထိရောက်ခြင်းအခြေအနေ (Insulin Resistance)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 14/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အင်ဆူလင်အာနိသင် မထိရောက်ခြင်းအခြေအနေ (Insulin Resistance)

    အင်ဆူလင် ဆိုတာ ဟော်မုန်းတမျိုးဖြစ်ပြီး ပန်ခရိယ ခေါ် မုန့်ချိုအိတ်ကနေ ထုတ်လုပ်ပါတယ်။ အင်ဆူလင်ဟာ သွေးထဲက ဂလူးကို့စ်ဓာတ်ကို ကိုယ်ခန္ဓာက ရယူအသုံးချနိုင်အောင် လုပ်ဆောင်ပေးပါတယ်။ တစ်နည်းဆိုရရင် သွေးတွင်းသကြားဓာတ်ပမာဏကို ထိန်းသိမ်းပေးနိုင်ဖို့ အထောက်အကူပြုပါတယ်။

    အင်ဆူလင်ရဲ့ အာနိသင်ထိရောက်ခြင်းနည်းသွားရင်တော့ ဆီးချိုဖြစ်နိုင်ခြေများလာပါတယ်။ ရောဂါလက္ခဏာများ မပြတတ်လို့ များသောအားဖြင့် အင်ဆူလင်အာနိသင် ထိရောက်မှုလျော့သွားတဲ့ အခြေအနေကို နှစ်နဲ့ချီပြီးမှ သိရတာမျိုးလည်း ရှိပါတယ်။ ဒါကြောင့် သွေးတွင်းဂလူးကို့စ်စစ်ဆေးခြင်း (ဆီးချိုစစ်ဆေးခြင်း) ကို ပုံမှန်ကျန်းမာရေးစစ်ဆေးသလို စစ်ဆေးသင့်ပါတယ်။ အင်ဆူလင်အာနိသင် မထိရောက်တဲ့ အခြေအနေဖြစ်လာသူတွေမှာ နေထိုင်စားသောက်မှုကို အပြောင်းအလဲမလုပ်ရင် အမျိုးအစား ၂ ဆီးချိုအဖြစ် ရောက်ရှိသွားနိုင်ပါတယ်။

    အင်ဆူလင်အာနိသင် မထိရောက်ခြင်းအခြေအနေ (Insulin Resistance) ဘယ်သူတွေမှာ ဖြစ်နိုင်ခြေမြင့်သလဲ

    အင်ဆူလင်အာနိသင် မထိရောက်ခြင်းဟာ

    – အဝလွန်သူတွေ

    – သွေးတွင်းအဆီဓာတ်တမျိုးဖြစ်တဲ့ triglyceride မြင့်တက်သူတွေ

    – သွေးတိုးရှိသူတွေမှာ ဖြစ်နိုင်ခြေ များပါတယ်။

    အင်ဆူလင်အာနိသင်မထိရောက်သူ တချို့မှာ အရေပြားရောဂါတစ်မျိုး ဖြစ်တတ်ပါသေးတယ်။ အသားအရေ တွန့်ခေါက်တဲ့ လည်ပင်း၊ ပေါင်ခြံ၊ ချိုင်းကြားလို နေရာမျိုးတွေမှာ အမည်းရောင်အကွက်များ ပေါ်လာတတ်ပြီး ဆေးပညာအရ acanthosis nigran လို့ခေါ်ပါတယ်။ အရေပြားထဲမှာ ဆင်ဆူလင်တွေစုဝေးလာတဲ့အတွက် ဖြစ်တတ်ကြောင်း သုတေသီအချို့က ဆိုပါတယ်။

    အင်ဆူလင်အာနိသင်မတိုးခြင်း၏ အကျိုးသက်ရောက်မှုများ

    အင်ဆူလင်အာနိသင် လျော့လာရင် သွေးတွင်းအချိုဓာတ်ကိုထိန်းဖို့ ခက်ခဲလာပါတယ်။ ဆီးချိုအစပျိုးခြင်း (prediabetes) အဆင့်ကို ရောက်လာပါတယ်။ ယေဘုယျအားဖြင့် ကြုံလာတတ်တဲ့ အခြေအနေတွေကတော့

    ရေအလွန်ငတ်ခြင်း၊ အလွန်ဆာလောင်ခြင်း

    – ဆီးမကြာခဏသွားခြင်း၊ ဆီးပိုသွားလာခြင်း

    – ခြေဖျားလက်ဖျားများကျင်ခြင်း

    – ပုံမှန်ထက် ပင်ပန်းနွမ်းနယ်ခြင်း

    – မကြာခဏရောဂါပိုးဝင်ခြင်း စတာတွေ ဖြစ်ပါတယ်။

    အထက်ပါ အခြေအနေတွေကြုံရရင်တော့ ဆီးချိုရောဂါရှိမရှိ သွေးစစ်ဆေးဖို့ လိုအပ်ပါတယ်။

    ဘာတွေစစ်ဆေးရသလဲ

    ပုံနှန်အားဖြင့် ဟေမိုဂလိုဘင် A1C စစ်ဆေးခြင်း၊ သွေးတွင်းဂလူးကို့စ် စစ်ဆေးခြင်းတွေ စစ်ဆေးရပါတယ်။ A1C စစ်ဆေးခြင်းဟာ သင့်သွေးထဲမှာ လွန်ခဲ့တဲ့နှစ်လသုံးလကတည်းက ပျမ်းမျှရှိခဲ့တဲ့ သကြားဓာတ်အခြေအနေကို စစ်ဆေးပေးနိုင်ပါတယ်။ စစ်ဆေးမှုအဖြေများနဲ့ ရလဒ်များကတော့

    – A1C ပမာဏ ၅.၇ ရာခိုင်နှုန်းအောက်ဆိုလျှင် ပုံမှန်

    – A1C ပမာဏ ၅.၇ နှင့် ၆.၄ ရာခိုင်နှုန်းအတွင်းဆိုလျှင် ဆီးချိုအစပျိုးခြင်း

    – A1C ပမာဏ ၆.၅ ရာခိုင်နှုန်းနှင့်အထက်ဆိုလျှင် ဆီးချို စသဖြင့် သတ်မှတ်ပါတယ်။

    သွေးတွင်းဂလူးကို့စ်စစ်ဆေးခြင်းကိုတော့ အစာမစား အရည်မသောက်ဘဲ ၈ နာရီခန့်ကြာပြီးမှ စစ်ဆေးခြင်းဟာ အကောင်းဆုံးဖြစ်ပါတယ်။ များသောအားဖြင့် မနက်အိပ်ရာထထခြင်း မနက်စာမစားခင် စစ်တတ်ကြပါတယ်။ စစ်ဆေးမှုအဖြေများကတော့

    – သွေးတွင်းသကြားဓာတ် 100 mg/dL အောက်ဆိုလျှင် ပုံမှန်

    – သွေးတွင်းသကြားဓာတ် 100 နှင့် 125 mg/dL အကြား ဆီးချိုအစပျိုးခြင်း

    – သွေးတွင်းသကြားဓာတ် 126 mg/dL နှင့် အထက်ဆိုလျှင် ဆီးချို စသဖြင့် သတ်မှတ်ထားပါတယ်။

    ဒါပေမယ့် စစ်ဆေးတဲ့ ဓာတ်ခွဲခန်း ဒါမှမဟုတ် စက်ကိရိယာအပေါ် မူတည်ပြီး အပြောင်းအလဲရှိနိုင်ပါတယ်။ ဆီးချိုရောဂါ ရှိမရှိနဲ့ ကုသမှုကို ဘယ်လိုခံယူရမယ်ဆိုတာကတော့ ဆရာဝန်ရဲ့ ဆုံးဖြတ်ချက်က အတည်ဖြစ်ပါတယ်။

    အင်ဆူလင်အာနိသင် လျော့ကျမှု ပြဿနာကို ဘယ်လိုကာကွယ်မလဲ

    အဓိကကတော့ နေထိုင်စားသောက်မှု ပုံစံပါပဲ။ အထိုင်များတဲ့ ပုံစံကို ပြုပြင်ရပါမယ်။ ကိုယ်လက်လှုပ်ရှား တက်ကြွတဲ့ နေထိုင်ပုံအဖြစ် ပြောင်းရပါမယ်။ ကိုလက်စထရောနည်းတဲ့၊ သကြားဓာတ်နည်းတဲ့ အစားအသောက်တွေ၊ လတ်ဆတ်တဲ့ အသီးအရွက်တွေကို စားသုံးရပါမယ်။ တနေ့ကို အနည်းဆုံး နာရီဝက်ခန့် တစ်ပတ်မှာ ၅ရက် လေ့ကျင့်ခန်း ပြုလုပ်ပေးရပါမယ်။ ကိုယ်အလေးချိန်ကို ကျန်းမာရေးနဲ့ညီညွတ်အောင် ထိန်းသိမ်းပေးရပါမယ်။ အထူးသဖြင့် မိမိရဲ့ မိသားစုဝင်တွေထဲမှာ ဆီးချိုရောဂါဖြစ်သူရှိနေရင် ပိုမိုအလေးထားပြီး နေထိုင်စားသောက်ရပါမယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 14/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement