backup og meta

ကိုဗစ်ကာလမှာ လူတိုင်းလိုလို ပျောက်ဆုံးနေတဲ့အရာ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Aye Thi Mon မှ ရေးသားသည်။ · 19/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုဗစ်ကာလမှာ လူတိုင်းလိုလို ပျောက်ဆုံးနေတဲ့အရာ

    ကိုဗစ် ဒုတိယလှိုင်း ပြင်းထန်လိုက်တာ၊ သေဆုံးသူဦးရေ အရင်တစ်ခေါက်ကထက် ပိုများတယ်။ ပိုးတွေ့လူနာ ဦးရေရောပေါ့။ တစ်နေ့တစ်နေ့ လူနာစာရင်းထုတ်ပြန်ချက်ကို စောင့်ကြည့်လိုက်၊ ကြောက်လိုက်တာဆိုပြီး အိမ်ထဲနေလိုက်ရင်းနဲ့ ပျောက်ဆုံးမှန်းမသိ ပျောက်ဆုံးလာတဲ့ အရာရှိတယ်နော်။

    ဒါကတော့ အားလုံးရဲ့ မွေးရာပါဆုလာဘ်တစ်ခုလို့ ဆိုရမယ့် ပျော်ရွှင်မှုပါ။ ကိုဗစ် ဒုတိယလှိုင်းကြောင့် အိမ်ထဲနေရတာ ကြာလာတဲ့အခါ အရင်ကလောက် မပျော်ရွှင်တော့တာ၊ စိတ်ထဲ ငြီးစီစီ ဖြစ်နေတာ၊ စိတ်တိုလွယ်တာတွေ ဖြစ်လာတယ်နော်။

    နားကြပ်ကြိုး ဖြည်ရင်း စိတ်မရှည်တော့လို့ ဆောင့်ဆွဲလိုက်တာမျိုး၊ ခလုတ်တိုက်မိတဲ့ တံခါးဘောင်ကို ထပ်ကန်မိတာမျိုးတွေ လုပ်မိနေတယ်ဟုတ်။ ဒါကိုယ်တစ်ယောက်တည်း ဖြစ်နေတယ်လို့ မထင်လိုက်ပါနဲ့။ လူတိုင်းနီးပါး အခုကာလမှ ပျော်ရွှင်မှုတွေ ပျောက်ဆုံးပြီး စိတ်လိုလွယ်လာကြတာပါ။

    ဒါတွေက ဘယ်ကနေ အရင်းခံလာတယ် ထင်လဲ။ ဒါကတော့ စိတ်ဖိစီးမှုကနေ အရင်းခံလာတာပါ။

    စိတ်ဖိစီးမှုတွေကြောင့် ပျောက်ဆုံးလာတဲ့ ပျော်ရွှင်မှု

    ရောဂါဖြစ်တဲ့ လူဦးရေကို ကြည့်မယ်။ သေဆုံးဦးရေကို ​ကြည့်မယ်။ သိချင်လို့ ကြည့်လိုက်တာပါ။ စိတ်ထဲတော့ မထားပါဘူး။ဆိုပြီး ပြောတတ်​ကြတယ်နော်။ တကယ်က စိတ်ဖိစီးမှု ရသွားတယ်။

    နောက်တစ်ခု ထပ်ကြည့်မိတာ ရှိသေးတယ်။ ဒါကတော့ ကိုယ်နေထိုင်ရာ မြို့နယ်ရဲ့ လူနာစာရင်း။ ဒါကို​ကြည့်ပြီးရင် ထပ်ရလာမယ့် စိတ်ဖိစီးမှုက ခုနက ရထားပြီးသား စိတ်ဖိစီးမှုရဲ့ ၂ ဆ ဒီလိုနဲ့ နေ့စဉ်တိုင်းမှာ ဖိစီးမှုတွေက သိပ်များလာတယ်။

    ဒီတော့ ဘာဖြစ်လာလဲဆိုရင် ပျော်ရွှင်ဖို့ မေ့လာတယ်။ တစ်ခုခုဆို စိတ်ညစ်လိုက်တာဆိုတာက အရင်ညည်းတွားမိတယ်။ အနီးမှာများ ပိုးတွေ့လူနာရှိပြီဟေ့ဆိုရင် စိတ်ပူတာမှ အိပ်လို့ပါ မပျော်တော့ဘူး။ ကိုယ်ပဲပူသလို ညနေရောက်လာပြီဆိုရင် ဖျားပဲ ဖျားနေသလို နေလို့ မကောင်းတာတွေ ဖြစ်လာပါတော့တယ်။

    ကိုယ်တိုင်အတွက်ရော မိသားစုအတွက်ပါ ပူရတယ်။ ဒီကြားထဲ မတော်တဆ ငါသာ Q ဝင်ရရင် အိမ်က တိလေးတွေကိုဘယ်နားထားရမလဲဆိုတာ ပူရပြန်ရော။ ဒီလို အတွေးမျိုးစုံကို တွေးနေမှတော့ စိတ်ဖိစီးမှုက အနိုင်ယူပြီပေါ့။

    ဒီလိုနဲ့ စိတ်ဖိစီးမှုက အချိန်ကြာလာတဲ့အခါ ကိုယ့်ကို တစ်ယောက်ယောက်က မသိလို့ လာမေးရင် တစ်ခါကနေ နှစ်ခါ ဖြစ်လာရင် ဘုနဲ့ဘောက်ပြောတာ၊ ရန်လိုတဲ့ ပြောဆိုမှုတွေ လုပ်တာ၊ အလိုလိုနေရင်း စိတ်တိုတာ၊ ပြစ်တင် ပြောဆိုတာတွေ ရှိလာနိုင်ပါတယ်။ ဒါတွေနဲ့ စိတ်ထွက်ပေါက် ရှာတဲ့ သဘောပေါ့။

    တကယ်က ဒီနည်းလမ်းတွေက စိတ်သက်သာရာ မရစေပါဘူး။ နောင်တကိုပါ အစစ်ရစေတာပါ။ ဒီတော့ ကိုဗစ်​ကြောင့် စိတ်ဖိစီးရင်းကနေ ပျော်ရွှင်မှု ပျောက်ဆုံးပြီး နောင်တတရားတွေ မရစေဖို့ သတိပြုစေချင်ပါတယ်။

    စိတ်ဖိစီးမှုကြောင့် ပျော်ရွှင်မှုတွေ မပျောက်ဆုံးပါစေနဲ့။

    စိတ်ဖိစီးမှု​ကြောင့် ပျော်ရွှင်မှု ပျောက်ဆုံးလာတယ်။ အကောင်းမြင်စိတ်ထား နည်းလာတယ်။ ဒါက ဒီလောက်နဲ့ ပြီးမသွားပါဘူး။ ရေရှည်မှာ ကိုယ်ခံအားပါ ထိခိုက်လာမှာပါ

    ဒီတော့ အကောင်းဆုံးက ပျော်ရွှင်မှုတွေ ပျောက်မသွားအောင် ဂရုစိုက်ပါ။ ဘယ်လိုနည်းလေးတွေနဲ့ ဂရုစိုက်မလဲဆိုတော့

    သီချင်းဆိုပါ

    သီချင်းဆိုတာက စိတ်ဖိစီးမှုကို ပြေလျော့စေတဲ့ နည်းလမ်းကောင်း တစ်ခုပါ။ ဒီတော့ ပုံမှန် မဟုတ်ရင်တောင် အရမ်းစိတ်ဖိစီးလာပြီလို့ ယူဆတဲ့အခါ သီချင်းဖွင့်ရင်း လိုက်အော်ဆိုပါ။

    လေ့ကျင့်ခန်း လုပ်ပါ

    ကိုယ်လက်လေ့ကျင့်ခန်း လုပ်တာက စိတ်ဖိစီးမှုကို ပြေလျော့စေနိုင်ပါတယ်။ ဒါကြောင့် တစ်နေ့တာမှာ ၁၅ မိနစ်ကနေ ၄၅ မိနစ်လောက်အထိ လေ့ကျင့်ခန်း လုပ်ပါ။ လေ့ကျင့်ခန်း လုပ်တဲ့အခါ ခန္ဓာကိုယ် အချိုးအစားကို မှတ်ထားပြီး တစ်ပတ်မှာ ဘယ်လို ပြောင်းလဲလာတယ်၊ တစ်လဆိုရင် ဘယ်လိုပြောင်းလဲရမယ် စသဖြင့် မှတ်ထားပါ။

    လေ့ကျင့်ခန်း လုပ်ရင်း ရလဒ်ကို စစ်ဆေးပါ။ မှန်းထားတဲ့အတိုင်း ဖြစ်လာတာက ပျော်ရွှင်မှုကို ရရှိစေမှာပါ။

    တရားထိုင်ပါ

    စိတ်ကို အကောင်းဆုံး အနားပေးတာက တရားထိုင်တာပါ။ တစ်နေ့တာမှာ ၁၅ မိနစလောက် တိတ်ဆိတ်တဲ့နေရာမှာ တစ်ယောက်တည်း ဘာကိုမှ မတွေးဘဲ စိတ်အေးလက်အေးနဲ့ ဝင်လေထွက်လေမှတ် ပေးပါ။

    အွန်လိုင်းကနေ သင်ယူပါ

    အွန်လိုင်းကနေ ဗီဒီယိုဖိုင်လေးတွေ ကြည့်ပြီး လက်မှုလေးတွေ ဖန်တီးတာ၊ ဘာသာစကားသင်တာလိုမျိုး အသစ်အဆန်းတွေကို သင်ယူပါ။ အသစ်အဆန်းတွေ သင်ယူတာက စိတ်ဖိစီးမှုကို ပြေလျော့စေပြီး တစ်ခုခုကို တတ်မြောက်သွားတိုင်း အောင်မြင်မှုနဲ့အတူ ပျော်ရွှင်မှုကို ရလာပါလိမ့်မယ်။

    ကျန်းမာရေးအတွက် လိုက်နာရမယ့်အရာတွေကို သေချာလေး လိုက်နာမယ်။ အခုပြောခဲ့တာလေးတွေကို လုပ်ရင်း စိတ်အပန်းဖြေမယ်ဆိုရင် ကိုဗစ်ကာလမှာ စိတ်ဖိစီးမှုကြောင့် ပျော်ရွှင်မှု ပျောက်ဆုံးတာမျိုး ကင်းစေမှာပါ။

    ဒါတွေအပြင် မုန့်လုပ်စားတာ၊ စာဖတ်တာ၊ ဘေဘီလေးတွေနဲ့အတူ ကစားပေးတာ၊ မိဘတွေကို အချိန်ပေးပြီး စကားပြောပေးတာ ဂရုတစိုက် ပြုစုပေးတာတွေလုပ်ပေးလို့ လည်းရပါတယ်။ ဒီလို လုပ်ဆောင်မှုလေးတွေကို သာမန်ချိန်မှာ မလုပ်နိုင်ခဲ့ကြဘူးလေ။ အလုပ်များနေခဲ့ကြတယ် မဟုတ်လား။ ဒီလို အချိန်မှာမှ ဂရုစိုက်ပေးရတာပါ။ ဒီလို လုပ်ဆောင်မှုလေးတွေကနေ ပြန်ရလာမယ့် ပီတိက ပျောက်ဆုံးနေတဲ့ ပျော်ရွှင်မှုကို ခံစားရစေမှာပါ။

    စိတ်ဖိစီးမှု ကင်းပြီး ပျော်ရွှင်နေမှတော့ ကိုယ်ခံအားလည်း ကောင်းလာမှာမို့ ကိုဗစ်ကိုလည်း အကောင်းဆုံး တိုက်ထုတ်နိုင်တော့မှာပေါ့။ ကိုဗစ်ကြောင့် ပျော်ရွှင်မှုတွေ မပျောက်ဆုံးပါစေနဲ့။

    [covid_19]

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Aye Thi Mon မှ ရေးသားသည်။ · 19/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement