ကိုဗစ်ကာလဖြစ်တာကြောင့် လူတိုင်းက စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေ အနည်းနဲ့ အများတော့ရှိကြပါတယ်။ ဒီထဲမှာ ကလေးတွေလည်း ပါတာပေါ့။ အရင်ကဆို ကျောင်းသွားရတယ်။ သူငယ်ချင်းတွေနဲ့ ဆော့ရတယ်။ အပြင်ထွက် မုန့်စားရတယ်။ ခုတော့ အိမ်မှာပဲ နေရတယ်။ ကျောင်းလည်း မသွားရဘူး။ သူငယ်ချင်းတွေနဲ့ မတွေ့ရတော့ဘူး။
သူတို့လေးတွေမှာလည်း ခံစားချက်ရှိတာမို့လို့ ဒီလိုအပြောင်းအလဲကို လက်ခံနိုင်ဦးမှာ မဟုတ်ပါဘူး။ ဒီတော့ မိဘတွေ အနေနဲ့ ကလေးကို ပိုပြီး ဂရုစိုက်ဖို့ လိုအပ်ပါတယ်။ New normal နည်းလမ်းတွေနဲ့ ကလေးကို ပြုစုပျိုးထောင်ဖို့ လိုအပ်ပါတယ်။
ကိုဗစ်မတိုင်ခင်က ကလေးကို ဘယ်လိုထိန်းကျောင်းခဲ့သလဲဆိုရင်
- ကိုဗစ်မတိုင်ခင်ကဆိုရင် မနက်မိုးလင်းတာနဲ့ မိဘတွေလည်း အလုပ်သွား၊ ကလေးတွေလည်း ကျောင်းသွား၊ မူကြိုသွား စသဖြင့် အသီးသီး ထွက်သွားကြပါတယ်။ ညနေလောက်မှ ပြန်ဆုံတာပါ။
- အိမ်ပြန်ရောက်တော့လည်း ကလေးတွေလည်း အိမ်စာလုပ်၊ ဆော့ချင်လည်းဆော့။ မိဘတွေလည်း အိမ်အလုပ်လုပ်။
- အားလပ်ရက်တွေဆို အပြင်သွား လျှောက်လည်၊ မုန့်တွေစား၊ ကစားကွင်းသွား၊ အမျိုးတွေအိမ် လျှောက်လည် ဒါမျိုး နေခဲ့ကြတာပါ။
ကိုဗစ်ကာလကျတော့
- တတ်နိုင်သမျှ အိမ်မှာပဲ နေကြတယ်။
- မိဘတွေလည်း အိမ်ကနေပဲ အလုပ်လုပ်ကြတယ်။
- သူလည်း ကျောင်းမသွားရဘူး။ သူငယ်ချင်းတွေနဲ့ပဲ တွေ့ရတယ်။
- ဘယ်မှလည်း မသွားရဘူး။
- နည်းနည်းကြီးတဲ့ ကလေးတွေဆို အိမ်ကနေပဲ စာသင်ရတော့တယ်။ ဒီလိုအပြောင်းအလဲလေးတွေ ဖြစ်လာပါတယ်။
ကိုဗစ်ကာလမှာ ကလေးတွေ ဘယ်လိုစိတ်ခံစားမှုတွေ ခံစားရတတ်သလဲ။
အဓိကက ကလေးတွေ စိတ်ဖိစီးတာပါ။ Covid-19 အကြောင်း သိချင်သိမယ်။ သိချင်မှလည်း သိမယ်။ ဒါပေမယ့် ဒီအခြေအနေကို နေသားမကျပါဘူး။ ဒါကြောင့် စိတ်ဖိစီးပြီး တုံ့ပြန်ပါတယ်။ တုံ့ပြန်ပုံချင်းကလည်း ကလေးတစ်ယောက်နဲ့ တစ်ယောက် မတူပါဘူး။
- ကလေးငယ်လေးတွေဆိုရင် ငိုမယ်၊ ဂျီကျမယ်။
- အရင်က ပျောက်ပြီးသား အကျင့်တွေ ပြန်ပေါ်လာမယ်။ (ဥပမာ အိပ်ရာထဲ ရှူးပေါက်ချတာ)
- အစိုးရိမ်လွန်နေမယ်၊ ဝမ်းနည်းမယ်။
- စားတဲ့ ပုံစံတွေ၊ အိပ်တဲ့ ပုံစံတွေ ပြောင်းသွားမယ်။
- အရင်ကလောက်လည်း ကောင်းကောင်းမဆော့တော့ဘူး။
- ကလေးကြီးတွေမှာ ဂျစ်ကန်ကန်အကျင့်လေးတွေ ဖြစ်လာမယ်။
- ကျောင်းစာတွေ မလုပ်ချင်ဘူး။
- အာရုံစူးစိုက်မှု အားနည်းလာတယ်။
- အကြောင်းအရင်း မရှိဘဲ ခေါင်းကိုက်တာ၊ ကိုယ်လက်တွေ ကိုက်တာ စတာတွေ ဖြစ်လာပါတယ်။
ဒါဆို ကလေးတွေကို ဘယ်လိုထိန်းကျောင်းကြမလဲ။
- ကိုဗစ်အကြောင်းပြောပြပါ။
သူတို့နားလည်နိုင်တဲ့ စကားလုံးတွေ သုံးပြီး ရောဂါအကြောင်းကို ရှင်းပြပါ။ ဘာကြောင့် ဒီလိုနေနေရတာလည်းဆိုတာ ရှင်းပြပါ။
- အချိန်ပေးပါ။
အရင်က အလုပ်သွားနေရတဲ့အတွက် ကလေးတွေကို ကောင်းကောင်း အချိန်ပေးနိုင်မှာ မဟုတ်ပါဘူး။ ခုချိန်ကို အခွင့်အရေးယူပြီး ကလေးတွေနဲ့ များများ ထိတွေ့ပါ။ အိမ်ကနေ အလုပ်လုပ်ရတယ်ဆိုရင်တောင် တစ်နေ့ကို မိနစ်၂၀လောက်ဖြစ်ဖြစ် အတူတူဆော့ပေးပါ။
ကလေးငယ်လေးတွေဆို မြှူပေးပါ။ သီချင်းလေးတွေ ဆိုပြပါ။ သူတို့အရုပ်တွေနဲ့ အတူဆော့ပါ။ လမ်းလျှောက်တတ်တဲ့အရွယ်ဆို စာအုပ်တူတူဖတ်တာမျိုး၊ ခြံထဲမှာ လမ်းဆင်းလျှောက်တာမျိုး၊ အိမ်အလုပ်တွေ အတူလုပ်တာ၊ မုန့်အတူလုပ်စားတာ စတာလေးတွေ လုပ်ပေးပါ။ အွန်လိုင်းကနေ စာသင်နေတဲ့ ကလေးတွေဆိုရင် အတူတူ အိမ်စာလုပ်ပေးပါ။ အာဟာရပြည့်ဝတာတွေ အတူတူစားကြပါ။
တစ်ယောက် ဖုန်းတစ်လုံးစီကိုင်ပြီး အခန်းအောင်းနေမယ့်အစား တစ်ယောက်နဲ့ တစ်ယောက် များများ စကားပြောပေးပါ။
- အကောင်းမြင်ပေးပါ။
မိဘတွေပဲ စိတ်ဖိစီးတာမဟုတ်ပါဘူး။ ကလေးတွေလည်း စိတ်ဖိစီးတဲ့အတွက် အရင်ကထက်ပိုပြီး ဂျီကျပါလိမ့်မယ်။ ဒီလိုဆို အော်မိပါလိမ့်မယ်။ ကလေးလည်း စိတ်ညစ်နေနိုင်တာကို နားလည်ပေးပြီး ကောင်းကောင်းမွန်မွန်ပြောပါ။ ချီးကျူးပေးပါ။ အော်ဟစ်ဆူပူတာက အခြေအနေကို ပိုဆိုးစေပါတယ်။
ကလေးက အိမ်ထဲမှာပဲ နေရလို့ ငြိမ်ငြိမ်လေးနေမှာ မဟုတ်ပါဘူး။ ဆူပူဆော့ကစားပါလိမ့်မယ်။ မိဘတွေကလည်း အိမ်ကနေပဲ အလုပ်လုပ်ရတော့ မျက်စိနောက်မိ အော်မိနိုင်ပါတယ်။ တော်ရုံဆို လွှတ်ထားပေးလိုက်ပါ။ တစ်ချိန်လုံး တိတ်တိတ်နေမယ့်အစား မေမေအလုပ်လုပ်နေတဲ့အချိန်လေးတော့ တိတ်တိတ်နေပေးဖို့ တောင်းဆိုကြည့်ပါ။
သူတစ်ယောက်တည်းဆို ပျင်းနေမှာပါ။ သူငယ်ချင်းတွေ၊ ဆွေမျိုးတွေနဲ့ အွန်လိုင်းကနေ စကားပြောနိုင်အောင် ကူညီပေးလိုက်ပါ။
- အချိန်ဇယားဆွဲပါ။
အိမ်မှာပဲ နေရတဲ့အခါကျတော့ အကျင့်ပျက်တတ်ပါတယ်။ စားချင်တဲ့အချိန်စား၊ အိပ်ချင်တဲ့အချိန် အိပ်ပါတယ်။ ဒီလိုမဖြစ်အောင် အချိန်ဇယားတိတိကျကျဆွဲထားပါ။ ကလေးတွေကို နားနေချိန်အပါအဝင် ဘယ်အချိန်မှာ ဘာလုပ်ရမယ်ကို ဇယားဆွဲထားပေးပါ။ သူတို့ကို ပိုပြီး စည်းကမ်းရှိ စနစ်ကျစေပါတယ်။ ကျောင်းတက်နေတယ်ဆိုရင် ကျောင်းချိန်ပါထည့်ဆွဲပေးပါ။ အိမ်မှာပဲ နေရတဲ့အတွက် လှုပ်ရှားမှုနည်းနေနိုင်ပါတယ်။ လေ့ကျင့်ခန်းလုပ်တဲ့အချိန်ပါ ထည့်ထားပေးပါ။
- ကလေးသောင်းကျန်းတာကို နည်းမှန်လမ်းမှန် ထိန်းချုပ်ပါ။
ကလေးတွေက သောင်းကျန်းတတ်တာ သဘာဝပါပဲ။ မိဘတွေ ဆုံးမတဲ့ ပုံစံအပေါ် မူတည်ပြီး ပြောင်းလဲသွားပါတယ်။ ကလေးက မိဘမကြိုက်တာ တစ်ခုခု လုပ်နေပြီဆိုရင် ဒါကို မလုပ်ရဘူး။ ဒီလိုလုပ်ရတယ် စသဖြင့် အကျိုးသင့် အကြောင်းသင့် ရှင်းပြပါ။ ဂျီကျတော့မယ့် အရိပ်အရောင်ပေါ်ရင် အာရုံပြောင်းပါ။ ဥပမာ- ပုံသွားဆွဲကြမယ်၊ စားစရာသွားလုပ်ကြမယ် စသဖြင့်ပေါ့။
ကလေးကို စိတ်မထိန်းနိုင်ဘဲ အော်မိတော့မယ်ဆိုရင် ၁၀စက္ကန့်လောက်စောင့်ပါ။ ၁၀စက္ကန့်လောက် အသက်ကို ပြင်းပြင်း ရှူသွင်း ရှူထုတ်ပါ။ ဒီနည်းလမ်းက တော်တော်အဆင်ပြေတယ်လို့ မိဘတွေက ထောက်ခံကြပါတယ်။
- မိဘကိုယ်တိုင်လည်း စိတ်ထိန်းပါ။
အလုပ်တွေက အဆင်မပြေရတဲ့အထဲ ကလေးက ဂျစ်တိုက်နေပြီဆို တော်တော်လေး စိတ်ညစ်စရာပါ။ ဒီအခါမှာ တွေးသင့်တာက
-သင်တစ်ယောက်တည်း မဟုတ်ပါဘူး။ တစ်ကမ္ဘာလုံးက ကလေးမိဘတွေ ဒီပြဿနာကို အနည်းနဲ့အများကြုံနေကြတာပါ။ ဒါကြောင့် အားတင်းထားပါ။
-အနားယူပါ။ တစ်ခါတလေလည်း ကလေးအိပ်တဲ့အချိန်တွေ၊ သူတို့ဟာ သူတို့ ဆော့နေတဲ့အချိန်ဆို ကိုယ်လည်း ကိုယ်စိတ်ချမ်းသာမယ့် အလုပ်တွေ လုပ်နေပါ။
-စိတ်ထဲမှာ အရမ်းဖိစီးလာရင် လုပ်လက်စတွေ ခဏရပ်ပြီး စိတ်ကို ဖြေလျှော့ပေးလိုက်ပါ။
- ကလေးတွေကို new normalနဲ့ ရင်းနှီးအောင် သင်ပေးပါ။
ကိုဗစ်က ဘယ်တော့မှ ပြီးမလဲ မသိနိုင်တဲ့အတွက် ကလေးတွေက ကိုယ့်ကိုယ်ကို ကာကွယ်နိုင်ဖို့ new normalနဲ့ ရင်းနှီးနေဖို့ လို့ပါတယ်။ ဒါကြောင့် လက်ဆေးနည်းတွေ၊ လက်သန့်ဆေးရည်အသုံးပြုနည်းတွေ၊ နှာခေါင်းစည်းတပ်နည်းတွေ၊ အချင်းချင်း ခပ်ခွာခွာနေနည်းတွေ၊ နှာချေ ချောင်းဆိုးရင် အုပ်ရမယ်ဆိုတာတွေ သင်ပေးထားရမှာပါ။
ကိုဗစ်ကာလမှာ လူတိုင်း စိတ်ပိုင်းဆိုင်ရာထိခိုက်မှု အနည်းနဲ့ အများ ရှိနေပါတယ်။ ကလေးတွေမှာလည်း ရှိပါတယ်။ ဒါကြောင့် အရင်ကထက် ပိုစိတ်ရှည်ပြီး ပိုချစ်ပေးဖို့ လိုပါတယ်။
[covid_19]
[embed-health-tool-bmi]