backup og meta

ကလေးတွေဟာ တိတ်တဆိတ် COVID-19 ရောဂါပိုးဖြန့်ဝေသူတွေ ဖြစ်လာနိုင်သလား


Ye Zon Aung မှ ရေးသားသည်။ · 31/08/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးတွေဟာ တိတ်တဆိတ် COVID-19 ရောဂါပိုးဖြန့်ဝေသူတွေ ဖြစ်လာနိုင်သလား

    COVID-19 ရောဂါပိုးဟာ တနေ့တခြား ကူးစက်မှုနှုန်းတိုးလာနေသလို တားဆီးနိုင်မယ့် ဆေးဝါးလည်း မရှိသေးပါဘူး။ ရုရှားနိုင်ငံက ကာကွယ်ဆေးဖော်စပ်နိုင်ပြီလို့ ကြေညာထားပေမယ့် ဈေးကွက်ထဲကို ဘယ်အချိန်မှာ ဖြန့်ချိနိုင်မယ်ဆိုတာကို မသိနိုင်သေးပါဘူး။ လူတွေဆီကို ရောက်ဖို့ဆိုရင် နှစ်ကုန်လောက်အထိ စောင့်ဆိုင်းရနိုင်ပါတယ်။

    လက်ရှိမှာဆိုရင် ကူးစက်ခံရသူပေါင်း ၂၃ သန်းကျော်သွားခဲ့ပါပြီ။ သေဆုံးသူအရေအတွက်ကလည်း ၈ သိန်းကျော်လွန်နေပြီမို့ ဒီရောဂါကြောင့် ထိခိုက်မှုတွေဟာ အလွန်များလွန်းနေခဲ့ပြီလို့ ဆိုရပါတော့မယ်။

    ရောဂါနဲ့ပတ်သက်ပြီး သိပ္ပံပညာရှင်တွေ၊ ဆေးဝါးပညာရှင်တွေနဲ့ သုတေသီတွေက လေ့လာမှုတွေ၊ တီထွင်မှုတွေ ဆက်တိုက်ပြုလုပ်နေပြီး ရှာဖွေတွေ့ရှိချက်အသစ်တွေလည်း ထွက်ပေါ်လာနေပါတယ်။

    ခုချိန်မှာလည်း ထူးခြားတဲ့ လေ့လာတွေ့ရှိချက် တစ်ရပ်ကို သိရှိလာခဲ့ရပါတယ်။ အဲဒါကတော့ ကလေးတွေဟာ COVID-19 ရောဂါပိုးကို ရောဂါလက္ခဏာမပြပဲ သယ်ဆောင်ထားနိုင်တယ်ဆိုတဲ့ တွေ့ရှိချက်ပါပဲ။

    အမေရိကန်ပြည်ထောင်စု၊ ဘော့စတွန်မြို့က မက်ဆာချူးဆက် အထွေထွေရောဂါကုဆေးရုံရဲ့ သုတေသနပြုချက်ကိုအရဆိုရင် ကလေးတွေဟာ ရောဂါဖြန့်ဝေသူတွေဖြစ်နေနိုင်တယ်ဆိုတဲ့ သံသယတွေကို ပိုမိုကြီးထွားစေခဲ့ပါတယ်။

    ကလေးတွေဆီကနေ ပြန်ကူးနေတာလား

    အစောပိုင်းလေ့လာချက်တွေအရဆိုရင် ကလေးတွေဟာ ကိုဗစ်ရောဂါပိုးကို လူကြီးတွေထက်ပိုမိုပြီး ခုခံနိုင်စွမ်းရှိတယ်ဆိုတာကို သိထားခဲ့ကြရပါတယ်။ ဒါပေမယ့် အမေရိကန်နိုင်ငံမှာတွေ့ရှိခဲ့တဲ့ COVID-19 ရဲ့ G614 မျိုးစိတ်ဟာ တခြားမျိုးစိတ်တွေထက် ကူးစက်နှုန်း ပိုမိုပြင်းထန်ပြီး  များသောအားဖြင့် ရောဂါဒဏ်ကို ခံနိုင်ရည်ရှိတဲ့ကလေးတွေမှာတောင် ကူးစက်နှုန်းတိုးလာတာကို တွေ့နေရပါတယ်။

    တစ်ကမ္ဘာလုံးမှာ ကိုဗစ်ပိုးကလေးတွေဆီကို ကူးစက်နှုန်းနည်းပါးနေသေးပေမယ့် အမေရိကန်တလွှားမှာတော့ ကိုဗစ်ပိုးကူးစက်ခံထားရသူစုစုပေါင်းရဲ့ ၇ ဒဿမ ၃%ဟာ အသက် ၂ နှစ်နဲ့ ၁၇ နှစ်ကြားအရွယ် ကလေးတွေဖြစ်ပါတယ်။ အရေအတွက်အားဖြင့် ၁ သိန်း ၇ သောင်းဝန်းကျင်ပမာဏပါ။

    အမေရိကန်သုတေသီတွေကတော့ ဒီအချက်ကြောင့် ကျောင်းဖွင့်ရာသီခုကာလမှာ ကလေးတွေဆီကနေတဆင့် လူကြီးတွေဆီကို ပိုးတွေပိုမိုကူးစက်တာမျိုးဖြစ်လာမှာကို စိုးရိမ်နေကြပါတယ်။

    အကြောင်းကတော့ မက်ဆာချူးဆက် ဆေးရုံရဲ့ သုတေသနရလဒ်တွေကြောင့်ပါပဲ။ ကိုဗစ်ရောဂါနဲ့တိုက်ပွဲဝင်နေရတဲ့ ဒီဆေးရုံက မွေးကင်းစကနေ အသက် ၂၂ နှစ်အရွယ်ကြား ကလေးနဲ့ လူငယ် ၂၀၀ ကို ကျပမ်းစနစ်နဲ့ရွေးချယ်ပြီး သုတေသနပြု စမ်းသပ်ခဲ့ရာမှာ ၂၅%ကျော် Positive ဖြစ်နေခဲ့ပါတယ်။ အဲ့ဒီ Positive လူနာတွေထဲကမှ ၆၄%ဟာ ရောဂါလက္ခဏာ တစ်စုံတရာပြသခြင်းမရှိထားပါဘူး။ ဒီအချက်ဟာ ခေါင်းခဲစရာဖြစ်နေခဲ့ပါတယ်။

    ကျောင်းတွေကို အပြည့်အဝပြန်ဖွင့်လိုက်ရင် ပိုးကူးစက်မှုကြီးမားမားဖြစ်လာနိုင်ပြီးတော့ ဒီလိုသာထပ်ဖြစ်လာမယ်ဆိုရင် အဓိကပိုးပြန့်နှံ့စေသူတွေဟာ ကလေးတွေဖြစ်လာနိုင်တယ်လို့ သုတေသနကို ဦးဆောင်ခဲ့တဲ့ မက်ဆာချူးဆက် အထွေထွေရောဂါကုဆေးရုံကြီးက ဒေါက်တာ အလက်ဆီယို ဖာဆာနိုက ဆိုခဲ့ပါတယ်။

    လေ့လာချက်မှာ ဆက်ပြီးတွေ့ရှိခဲ့တာက ကလေးတွေမှာလည်း ရောဂါပိုးအရေအတွက် အမြောက်အများရှိနေနိုင်တယ်ဆိုတာကိုပါပဲ။ သုတေသီတွေရဲ့အဆိုအရ ကလေးတွေရဲ့ အသက်ရှူလမ်းကြောင်းထဲမှာ အံ့အားသင့်စရာပမာဏအထိ ပိုးတွေတွယ်ညိနေတာကို တွေ့ခဲ့ရတယ်လို့ဆိုထားပါတယ်။

    ဒါကိုမသိပဲ ကိုင်တွယ် ပွေ့ဖက်တာမျိုး၊ ထိတွေ့မိတာမျိုး၊ နီးနီးကပ်ကပ်စကားပြောဆိုမိတာမျိုးတွေ ပြုလုပ်မိမယ်ဆိုရင် ကိုဗစ်ရောဂါပိုး တဆင့်ကူးစက်ဖို့ နီးစပ်သွားမှာဖြစ်ပါတယ်။

    ဒေါက်တာ ဖာဆာနိုကတော့ ကလေးတွေကနေတဆင့် ကူးစက်နိုင်ခြေကို လျှော့မတွက်ထားကြဖို့နဲ့ အပြန်အလှန်မကူးစက်အောင် သတိပြုရမယ့်အချိန်ကိုရောက်နေပြီလို့ သတိပေးခဲ့ပါတယ်။ အထူးသဖြင့် ကိုဗစ်ပိုးဟာ ကလေးတွေမှာ ကူးစက်နှုန်းနည်းနေသေးတာမှန်ပေမယ့် လုံးဝမကူးစက်နိုင်တဲ့အခြေအနေမျိုးတော့ မဟုတ်တာကို နားလည်ကြဖို့လည်း တိုက်တွန်းထားပါသေးတယ်။

    ဒါ့အပြင် ရောဂါလက္ခဏာပြသတာကိုချည်း အာရုံစိုက်နေတာမျိုးထက် အခြေအနေအရပ်ရပ်မှာ ကိုယ့်ကို ရောဂါပိုးမကူးစက်လာအောင် သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကိုလိုက်နာပြီး နေထိုင်ဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

    ဘယ်လိုကာကွယ်ကြမလဲ

    ကာကွယ်ဆေးကလည်း အပြင်ကိုထွက် မလာသေး၊ ကုသဆေးထွက်ဖို့ကလည်း မနီးသေးတာမို့ COVID-19 ကပ်ရောဂါ မကူးစက်လာဖို့အတွက်ဆိုရင် အသက်အရွယ်မရွေး သတိထားနေထိုင်ဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် မိမိတို့ရဲ့ ရင်သွေးတွေကို ပိုပြီးဂရုစိုက်ဖို့ လိုအပ်လာပါပြီ။ ကိုယ့်ဆီကနေ မကူးအောင်ထားရမှာဖြစ်သလို ကလေးတွေဆီကနေတဆင့် ရောဂါပိုးပြန်မကူးအောင်ပါ သတိထားရတော့မယ့် အခြေအနေပါ။

    ခုချိန်မှာ စာသင်ကျောင်းတချို့လည်း ပြန်ဖွင့်နေပြီဖြစ်တာမို့ ကလေးတွေ ကျောင်းသွားချိန်မှာပဲဖြစ်ဖြစ် နေအိမ်မှာရှိနေချိန်တွေမှာပဲဖြစ်ဖြစ် ဂရုစိုက်ဖို့ ပိုပြီးလိုအပ်လာနေပါတယ်။ ဒါကြောင့် ကျောင်းပဲဖြစ်ဖြစ် အပြင်ပဲသွားသွား ရင်သွေးတွေကို အောက်ပါ အလေ့အကျင့်လေးတွေကိုလိုက်နာဖို့ သင်ကြားပေးထားရပါမယ်။

    • လက်ဆေးတာ
    • နှာခေါင်းစည်းတပ်တာ
    • လူစလူဝေးကို ရှောင်တာ၊
    • နှာချေ၊ ချောင်းဆိုး၊ ဖျားနာနေသူတွေအနားကို မကပ်စေဖို့၊
    • တစ်ဦးနဲ့တစ်ဦး ၆ ပေ အကွာမှာနေဖို့ စတာတွေပါပဲ။

    နောက်ပြီးရင် မိဘတွေဘက်ကလည်း ကလေး နေအိမ်မှာရှိနေစဉ်မှာ ကလေးကို အာဟာရပြည့်ဝအောင် ကျွေးဖို့၊ ကိုယ်ခံအားကောင်းအောင် ထားဖို့၊ အိပ်ရေးဝဝအိပ်ခိုင်းဖို့၊ တစ်ကိုယ်ရေသန့်ရှင်းရေး လုပ်ပေးဖို့၊ မဖျားမနာအောင် ဂရုစိုက်ဖို့တွေလည်း လိုအပ်မှာဖြစ်ပါတယ်။

    [conid_19]

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Zon Aung မှ ရေးသားသည်။ · 31/08/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement